Thursday, September 15, 2016

ဒုတိယ သမ္မတဦးဟင်နရီဗန်ထီးယူ အာဆီယံ သဘာဝဘေး စီမံခန့်ခွဲမှု ကော်မတီ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်း အဖွဲ့၏ (၆) ကြိမ်မြောက် အစည်းအဝေးနှင့် သဏ္ဍာန်တူ လေ့ကျင့်ခန်း ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြား


နေပြည်တော် စက်တင်ဘာ ၁၅
အာဆီယံ သဘာဝဘေး စီမံခန့်ခွဲမှု ကော်မတီ၊ ပြန်လည် ထူထောင်ရေးလုပ်ငန်း အဖွဲ့၏ (၆)ကြိမ်မြောက် အစည်းအဝေးနှင့် သဏ္ဍာန်တူ လေ့ကျင့်ခန်း ဖွင့်ပွဲအခမ်းအနားကို  ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ Park Royal ဟိုတယ်၌ကျင်းပရာ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကား ပြောကြားသည်။

 ဒုတိယသမ္မတက မိမိတို့နေထိုင်ကြသည့် အာဆီယံဒေသသည် သဘာဝဘေးအဖြစ် များသည့် ဒေသဖြစ်သည်ကို အားလုံးသိရှိ ထားပြီးဖြစ်ကြောင်း၊ သဘာဝ ဘေးအန္တရာယ်နှင့် ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုများကြောင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် ရည်ရွယ်ထားသည့် ရင်းနှီးမြုပ်နှံမှုများသည် သဘာဝဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူ ထောင်ရေး လုပ်ငန်းများအတွက် ပြောင်းလဲသုံးစွဲ နေကြရပါကြောင်း။
ပြန်လည် ထူထောင်ရေးနှင့် စပ်လျဉ်း၍ ရှိရင်းစွဲ အသက်မွေးမှု လုပ်ငန်းများ၊နေထိုင် မှုပုံစံများ၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုအသိုက်အ၀န်းများတွင် သဘာဝဘေး မည်မျှအထိ ကျရောက်လွယ်နေသည်ကို တွေ့ကြုံခဲ့ရသည့် သဘာဝ ဘေးအန္တရာယ်များမှ မျက်ဝါး ထင်ထင်သိရှိကြပြီး ဖြစ်ပါကြောင်း၊ ပြည်သူများအတွက် ပိုမိုကောင်းမွန်သည့် ကြိုတင်ပြင်ဆင် မှုများဆောင်ရွက် ပေးခြင်းဖြင့် ဘေးဒဏ် ခံနိုင်ရည်ရှိအောင် တိုးမြှင့်လုပ်ဆောင်နိုင်ရန် လိုအပ် သည်ကို သဘာဝ ဘေးများက မီးမောင်းထိုးပြ နေပါကြောင်း။
သဘာဝဘေးကြောင့် ပျက်စီးသွားသည့် စာသင်ကျောင်းများ၊ဆေးခန်းများ၊လမ်း၊ သောက်သုံးရေ ပေးဝေခြင်း၊ ယဉ်ကျေးမှု အဆောက်အအုံစသည့် အရေးပါသည့် အခြေခံ အဆောက်အအုံများ ပြန်လည်တည်ဆောက် ပေးသည့် အပိုင်းတွင်လည်း ရေရှည်တည်တံ့ အောင် ဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း။
အာဆီယံဒေသတွင်း ၂၀၀၄ခုနှစ်၊အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့တွင် ဆူနာမီ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ၊၂၀၀၈ခုနှစ်၊ မြန်မာနိုင်ငံ နာဂစ်ဆိုင်ကလုန်း မုန်တိုင်း ပြန်လည်ထူထောင်ရေး၊ ၂၀၁၀ ထိုင်းနိုင်ငံ ရေဘေးပြန်လည် ထူထောင်ရေး၊ ၂၀၁၃ ဖိလစ်ပိုင်နိုင်ငံ ဟိုင်ရမ်းတိုက်ဖွန်း ပြန်လည် ထူထောင်ရေးစ သည့် ထင်ရှားသော ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊
မြန်မာနိုင်ငံ အနေဖြင့်လည်း နိုင်ငံအတွင်း ဆောင်ရွက်နေသည့် သဘာဝဘေးစီမံ ခန့်ခွဲမှု လုပ်ငန်းများအတွက် အမျိုးသား သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီမှ ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်လျက်ရှိပြီး သဘာဝ ဘေးလျော့ပါးရေး ဆိုင်ရာ လုပ်ငန်းများ အတွက် ရည်မှန်းချက်များချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ ကော်မတီတွင် လုပ်ငန်းကော်မတီ (၁၂)ခုပါဝင်ဖွဲ့စည်းထားပြီး သဘာဝဘေးကြိုတင် ပြင်ဆင်ရေး၊ အရေးပေါ် ကယ်ဆယ်ရေး၊ ပြန်လည် ထူထောင်ရေးနှင့် ပြန်လည်တည် ဆောက်ရေး၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အစရှိသည့် လုပ်ငန်း တာဝန်များ သီးခြားသတ်မှတ် ပေးပြီး ဆောင်ရွက်လျက် ရှိပါကြောင်း၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများအနေ ဖြင့် မကြာသေးမီက လက်မှတ်ရေးထိုး အတည်ပြုထားသည့် “ တစ်ခုတည်းသော အာဆီယံ၊ တစ်ခုတည်းသော တုံ့ပြန်မှု ကြေညာစာတမ်း ပါ ရည်မှန်းချက်များကို အသက် သွင်းပေးနိုင်ရန် မိမိတို့၏ သဘာဝ ဘေးကယ်ဆယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းများကို ပိုမိုစုစုစည်းစည်း ဆောင်ရွက်ကြရ မှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အင်ဒိုနီးရှားနိုင်ငံ Deputy Minister for Rehabilitation and Reconstruction,BNPB-National Disaster Management Agency မှ Mr.Harmensyah နှင့် UNDP မှ Country Director, Mr.Peter Batchelor တို့က အဖွင့်အမှာစကားများ ပြောကြားကြသည်။
ယင်းနောက် ဒုတိယသမ္မတနှင့် အာဆီယံသဘာဝ ဘေးစီမံခန့်ခွဲမှုကော်မတီ၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းအဖွဲ့တို့ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ၀န်ကြီးများ၊ အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ အာဆီယံ အတွင်းရေးမှူးချုပ် ရုံးမှ ကိုယ်စား လှယ်များ၊အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် AHA Centre မှဖိတ်ကြားထားသူများ တက် ရောက်ကြသည်။
ညပိုင်းတွင် ဒုတိယသမ္မတသည် Park Royal ဟိုတယ်၌ ပြုလုပ်သည့် ညစာစားပွဲသို့ တက်ရောက်သည်။  

No comments:

Post a Comment