Friday, September 9, 2016

ဒုတိယသမ္မတ ဦးမြင့်ဆွေ (၁၃)ကြိမ်မြောက် တရုတ်- အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်- အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် နန်နင်းမြို့သို့ရောက်ရှိ



နန်နင်း စက်တင်ဘာ ၉
တရုတ် ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ ကျင်းပမည့် (၁၃) ကြိမ်မြောက် တရုတ်- အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်- အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာ သွားသည်။

ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်နှင့် တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။
ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် ကူမင်းလေဆိပ်မှ တစ်ဆင့် နန်နင်းမြို့သို့ ညပိုင်းတွင် ရောက်ရှိကြရာ  ယူနန်ပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူး မစ္စတာဒုံဟွာနှင့် တာဝန်ရှိသူများ၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာ ကောင်စစ်ဝန်ချုပ် ဦးအောင်ကိုနှင့် တာဝန် ရှိသူများက နန်နင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။
ယင်းနောက် ဒုတိယ သမ္မတနှင့်အဖွဲ့သည် ခေတ္တ တည်းခိုမည့် လိယွမ်အစိုးရ ဧည့်ဂေဟာသို့ ရောက်ရှိကြသည်။
ဒုတိယသမ္မတနှင့်အတူ အဖွဲ့ဝင်များအဖြစ် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်မျိုး၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ သွားကြသည်။
တရုတ်- အာဆီယံ ကုန်စည်ပြပွဲကို ၂၀၀၄ ခုနှစ်မှစတင်၍ နန်နင်းမြို့တွင် နှစ်စဉ် ကျင်းပခဲ့သည်။ ယင်းပြပွဲများတွင်  အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံနှင့် တရုတ် ပြည်သူ့သမ္မတ နိုင်ငံတို့အနေဖြင့် နှစ်နိုင်ငံ ယဉ်ကျေးမှု ဖလှယ်ခြင်း၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ရှာဖွေခြင်းနှင့် ခရီးသွား လုပ်ငန်းမြှင့်တင်ရေး ပူးပေါင်း ဆောင်ရွက်ရန် အခွင့်အလမ်းများ ရရှိမည်ဖြစ်ပြီး ယခုနှစ် ၁၃ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို “၂၁ရာစု ပင်လယ် ရေကြောင်း ပိုးလမ်းမကို အတူတကွ တည်ဆောက်ခြင်းဖြင့် အကျိုး စီးပွား မျှဝေကြမည့် ပိုမိုနီးကပ်သော တရုတ်- အာဆီယံ အသိုက်အ၀န်းဆီသို့ ပူးတွဲတက် လှမ်းကြပါစို့” ဟူသည့် ဆောင်ပုဒ်ဖြင့် ကျင်းပကြောင်း သိရသည်။

No comments:

Post a Comment