Wednesday, September 14, 2016

စုံညီခုံရုံးက ရွေးကောက်ပွဲအယူခံမှုအမှတ် (၁၆) (၁၇) နှင့် (၁၈) တို့အား အောက်တိုဘာ ၆ ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်မည်

နေပြည်တော် စက်တင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၁၂)မှ အမျိုးသား လွှတ်တော် ကိုယ်စား လှယ်လောင်း ဦးလှဆွေ (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)က မကွေးတိုင်း ဒေသကြီး၊ အမျိုးသား လွှတ်တော်မဲဆန္ဒနယ်အမှတ် (၁၂)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးပြူးလွင်(အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ)အပေါ် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ(၂၁)ရက်က ကန့်ကွက်လွှာ တင်သွင်းခဲ့ရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကလက်ခံခဲ့ပြီး ရွေးကောက်ပွဲခုံအဖွဲ့ဖြင့် ကြားနာ စစ်ဆေးစေခဲ့သည်။ ၂၀၁၆ ခုနှစ် သြဂုတ် ၄ ရက်တွင် ရွေးကောက်ပွဲခုံအဖွဲ့(၁)က လျှောက်ထားခံရသူ ဦးပြူးလွင်အား ရွေးကောက် တင်မြှောက် ခံရခြင်းသည် ပျက်ပြယ်ခြင်းမရှိ တရားဝင်အတည်ဖြစ်လျက် ရှိကြောင်းဆုံးဖြတ်ပြီး လျှောက်ထားသူ၏ ကန့်ကွက် လွှာကို စရိတ်နှင့်တကွပယ်ကြောင်း ဆုံးဖြတ်ချက် (အမိန့်) ချမှတ်ခဲ့ခြင်းအပေါ် လျှောက်ထားသူ ဦးလှဆွေမှ ကျေနပ်မှုမရှိသဖြင့် ၂၀၁၆ ခုနှစ်၊ သြဂုတ် ၁၈ ရက်နေ့တွင် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၇၄ (က)နှင့် နည်းဥပဒေ ၉၉ တို့အရ အယူခံမှုလျှောက်ထားတင်ပြလာရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အယူခံမှုအမှတ် (၁၆/၂၀၁၆) ဖြင့် လက်ခံခဲ့ပြီးဖြစ်သည်။

အမျိုးသားလွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၀၁ အရ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့် တို့ပါဝင်သည့် စုံညီခုံရုံးရှေ့မှောက်တွင် အယူခံမှုအမှတ် (၁၆/၂၀၁၆) ကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်တွင် နှစ်ဖက်လျှောက်လဲချက်များနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ရုံးတော် သဟာယ၏ ဥပဒေ အကြံဉာဏ် ပေးချက်များကို ကြားနာပြီး ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၆ ရက်တွင် ယင်းအယူခံမှုအတွက် အပြီးသတ် အမိန့် ချမည်ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ လဟယ်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် လောင်း ဦးကယ် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) က စစ်ကိုင်း တိုင်းဒေသကြီး၊ လဟယ်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဆားမူ (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) အပေါ် ၂၀၁၅ ခုနှစ်တွင် ဒီဇင်ဘာ(၂၂)ရက်က ကန့်ကွက်လွှာ တင်သွင်းခဲ့ရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လက်ခံခဲ့ပြီး ရွေးကောက်ပွဲခုံအဖွဲ့ဖြင့် ကြားနာ စစ်ဆေးစေခဲ့သည်။ ၂၀၁၆ ခုနှစ်၊ သြဂုတ် ၈ ရက်တွင် ရွေးကောက်ပွဲ ခုံအဖွဲ့ (၄) က တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက် ပွဲဥပဒေ ပုဒ်မ ၆၆ (က) (၁) နှင့် (ဋ) တို့အရ ဦးဆားမူသည် တရားမဲ့ပြုကျင့်မှုများပြုလုပ်ကြောင်း ပေါ်ပေါက်သဖြင့် ယင်းတရားမဲ့ပြုကျင့် မှုကြောင့် ရရှိသော မဲများမပါရှိပါက လျှောက်ထားသူ ဦးကယ်သည် သာလျှင် ခိုင်လုံမဲအများဆုံးရရှိသူ ဖြစ်သဖြင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဖြစ်ကြောင်း ဆုံးဖြတ် ချက် (အမိန့်) ချမှတ်ခဲ့ခြင်းအပေါ် လျှောက်ထားခံရသူမှ ကျေနပ်မှုမရှိသဖြင့် ၂၀၁၆ ခုနှစ်၊ သြဂုတ် ၁၈ ရက်တွင် သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၇၄ (က)နှင့် နည်းဥပဒေ ၉၉ အရ အယူခံမှု လျှောက်ထားတင်ပြလာရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အယူခံမှုအမှတ် (၁၇/၂၀၁၆) ဖြင့် လက်ခံခဲ့ပြီး ဖြစ်သည်။
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၀၁ အရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး အဖွဲ့ဝင်များ ဖြစ်ကြ သည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်တို့ပါဝင်သည့် စုံညီခုံရုံးရှေ့မှောက်တွင် အယူခံမှုအမှတ် (၁၇/၂၀၁၆) ကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်တွင် နှစ်ဖက် လျှောက်လဲချက်များနှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ရုံးတော် သဟာယ၏ ဥပဒေအကြံဉာဏ်ပေးချက်များကို ကြားနာပြီး ၂၀၁၆ ခုနှစ်၊ အောက်တို ဘာ ၆ ရက်တွင် ယင်းအယူခံမှုအတွက် အပြီးသတ်အမိန့်ချမည်ဖြစ်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၅) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုင်းဆာလူ (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) က ရှမ်းပြည်နယ်၊ အမျိုးသား လွှတ်တော် မဲဆန္ဒနယ် အမှတ် (၅) မှအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးညီစိန် [တအာင်း(ပလောင်)အမျိုးသားပါတီ] အပေါ် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ (၁)ရက်က ရက်နေ့တွင် ကန့်ကွက်လွှာ တင်သွင်းခဲ့ရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကလက်ခံခဲ့ပြီး ရွေးကောက်ပွဲခုံအဖွဲ့ဖြင့် ကြားနာ စစ်ဆေးစေခဲ့သည်။ ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့တွင် ရွေးကောက်ပွဲခုံအဖွဲ့ (၁)က လျှောက်ထားခံရသူ ဦးညီစိန်အား ရွေးကောက် တင်မြှောက် ခံရခြင်းသည် ပျက်ပြယ်ခြင်းမရှိ တရားဝင် အတည်ဖြစ်လျက်ရှိကြောင်း ဆုံးဖြတ်ပြီး လျှောက်ထား သူ၏ ကန့်ကွက်လွှာကို စရိတ် နှင့်တကွပယ်ကြောင်း ဆုံးဖြတ်ချက်(အမိန့်)ချမှတ်ခဲ့ခြင်းအပေါ် လျှောက်ထားသူ ဦးစိုင်းဆာလူမှ ကျေနပ်မှုမရှိသဖြင့် ၂၀၁၆ ခုနှစ်၊ သြဂုတ် ၂၂ ရက်တွင် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၇၄ (က) နှင့် နည်းဥပဒေ ၉၉ တို့အရ အယူခံမှုလျှောက်ထား တင်ပြလာရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အယူခံမှုအမှတ် (၁၈/၂၀၁၆)ဖြင့် လက်ခံခဲ့ပြီးဖြစ်သည်။

အမျိုးသားလွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၀၁ အရ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့် တို့ပါဝင်သည့် စုံညီခုံရုံးရှေ့မှောက်တွင် အယူခံမှုအမှတ် (၁၈/၂၀၁၆) ကို ၂၀၁၆ ခုနှစ်၊ စက်တင် ဘာလ ၁၄ ရက် (ဗုဒ္ဓဟူးနေ့)တွင် နှစ်ဖက် လျှောက်လဲချက်များနှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ရုံးတော် သဟာယ၏ ဥပဒေအကြံဉာဏ် ပေးချက်များကို ကြားနာပြီး  ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၆ ရက်နေ့ တွင် ယင်းအယူခံမှုအတွက် အပြီးသတ်အမိန့် ချမည်ဖြစ်ကြောင်း သိရသည်။               

No comments:

Post a Comment