Monday, September 5, 2016

ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ကြည့်ရှုစစ်ဆေး


နေပြည်တော် စက်တင်ဘာ ၅
အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသား ယဉ်ကျေးမှု ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သည် ယနေ့နံနက်ပိုင်းတွင် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံဘုရားပုထိုး စေတီများနှင့် သာသနိက အဆောက်အအုံများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။




ဒုတိယသမ္မတနှင့်အဖွဲ့သည် ယနေ့နံနက် (၉)နာရီတွင် မန္တလေးတိုင်းဒေသကြီး  ညောင်ဦးမြို့ ရှေးဟောင်းယဉ်ကျေးမှုပြတိုက် သို့ရောက်ရှိရာ ပြတိုက်ဧည့်ခန်းမ၌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ ရှေးဟောင်းသု တေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေး မှူးချုပ် ဦးမြင့်ဇော်၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်မှ တွဲဖက် ပါမောက္ခ ဒေါက်တာသဲမောင်မောင်နှင့် ယူနက်စကိုမှ မစ္စတာ ကိုင်လ်ဝိုင်ဇစ် တို့က ငလျင် ဒဏ်သင့် ဘုရားပုထိုးစေတီများ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေ များကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအုန်းမောင်၊ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးသူရဦးအောင်ကိုတို့က  ဖြည့်စွက်ရှင်း လင်းတင်ပြကြသည်။
ထို့နောက် ဒုတိယသမ္မတက အစကောင်းမှ အနှောင်းသေချာဆိုသကဲ့သို့ ပြန်လည် ပြုပြင်မှုများ ဆောင်ရွက်သည့်နေရာတွင် အတတ်နိုင်ဆုံး အကောင်းဆုံးနည်းပညာ များဖြင့် ရေရှည်တည်တံ့ခိုင်မြဲရန် အဓိကဦးစားပေး ဆောက်ရွက်သွားရန် တိုက်တွန်းလိုပါ ကြောင်း၊ ၁၉၇၄ ခုနှစ်မတိုင်မှီက မှတ်တမ်းများ၊ ၁၉၇၄ ခုနှစ်တွင် ပြန်လည်ပြုပြင်ပြီးသည့် မှတ်တမ်း များ၊ ဒုတိယအကြိမ်မြောက် ထိခိုက်ပျက်စီးဆုံးရှုံးမှုအား ပြန်လည်ပြုပြင် မွမ်းမံပြီး အနေ အထားမှတ်တမ်းများကို သေချာစွာစုဆောင်းထားရှိရန် အကြံပြုတိုက်တွန်းလိုပါကြောင်း၊ ဘုရား၊ ပုထိုး၊ စေတီများ ပြန်လည်ပြုပြင်မွမ်းမံရေးလုပ်ငန်းများတွင် ကဏ္ဍပေါင်းစုံက နေပြီး ပူးပေါင်းပါဝင်ကြသည့် ဌာနဆိုင်ရာ၊ ယူနက်စကို အပါအ၀င် အဖွဲ့အစည်းမျိုးစုံ၊ အလှူရှင်၊ စေတနာရှင် ပုဂ္ဂိုလ်များအားလုံးအား နိုင်ငံတော်၏ကိုယ်စား ကျေးဇူးတင်ရှိပါ ကြောင်း ပြောကြားသည်။
ယင်းနောက် အလှူငွေပေးအပ်ပွဲ ကိုကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ လှူဒါန်းငွေကျပ်သိန်း တစ်ထောင် ကို ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ထံပေးအပ် လှူဒါန်းသည်။
ဆက်လက်၍ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူထံ စီဘီဘဏ်မှ ငွေကျပ်သိန်း တစ်ထောင် နှင့် သီရိပစ္စယာဟိုတယ်မှ ဒေါ်လာ ငါးသောင်း တို့ကိုပေးအပ် လှူဒါန်းကြ သည်။
ထို့နောက် Myanmar Tourism Federation မှ ငွေကျပ်သိန်း ၅၀၀ နှင့် ဦးရန်ဝင်းက ငွေကျပ်သိန်း ၁၀၀၊ ပုဂံဇုန်ဟိုတယ် လုပ်ငန်းရှင်များအသင်းမှ ငွေကျပ် ၇၅ သိန်း နှစ်သောင်း နှင့် ဦးအောင်မျိုးမင်းဒင်မှ ငွေကျပ်သိန်း ၃၀၊ ဦးညီညီမှ ငွေကျပ် ၂၅ သိန်း အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောဝိဒ ဆရာတော်မှ ငွေကျပ်သိန်း ၆၀ နှင့် မစုသက်နွယ်မှ ဒေါ်လာ ၁၀၀ တို့ကို ပေးအပ်လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကို၊ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဦးအုန်းမောင်နှင့် ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုး တို့က လက်ခံ ကြသည်။
ပုဂံစေတီပုထိုးများ ပြုပြင်ထိန်းသိမ်းရာတွင် လိုအပ်ပါက အသုံးပြုနိုင်ရန် အုတ်များကို Mother Industrial Co.Ltd မှ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် လှူဒါန်းသွားမည် ဖြစ်ကြောင်းသိရသည်။
ထို့နောက် ဒုတိယသမ္မတသည် အဖွဲ့ဝင်များနှင့်အတူ သဗ္ဗညုဘုရား၊ စေတနာကြီး ဘုရား၊ စူဠာမဏိဘုရား၊ ဂူပြောက်ကြီးဘုရား တို့၌ ပြုပြင်ထိန်းသိမ်းရေးနှင့် ရှင်းလင်းရေး လုပ်ငန်းများဆောင်ရွက်နေမှုကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
သြဂုတ် ၂၄ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်းရှိ စေတီပုထိုးပေါင်း ၃၂၅၂ ဆူအနက် ၄၄၉ ဆူ ထိခိုက်ပျက်စီးခဲ့သည်။ အဆိုပါစေတီပုထိုးများ ပြန်လည်ပြုပြင်နိုင်ရန်အတွက် စေတနာရှင်ပြည်သူများမှ စက်တင် ဘာ ၄ ရက်အထိ ငွေကျပ်သိန်းပေါင်း ၁၈၆၁၇ သိန်းကျော်နှင့် အမေရိကန်ဒေါ်လာ ၁၇၀၀ တို့ကို လှူဒါန်းထားကြောင်း သိရသည်။

ထိခိုက်ပျက်စီးခဲ့သည့် စေတီပုထိုးများအား စက်တင်ဘာ ၄ ရက်အထိ ဆောင်ရွက် ထားမှုများမှာ အရေးပေါ် အမိုးအကာအုပ်ခြင်း အဆူ ၄၀၊ အပျက်အစီးများ ရှင်းလင်းဆဲ ၅ ဆူ၊ ရှင်းလင်းပြီး ၁၇ ဆူ၊ အရေးပေါ်ထိန်း သိမ်းပြုပြင်ရန် ၀ါးငြမ်းဆင်ပြီး ၂ ဆူ၊ ငြမ်းဆင်ဆဲ ၈ ဆူ၊ ၀င်ရောက်ခြင်းမပြုရန် ဆိုင်းဘုတ်တပ်ဆင်ခြင်း ၅၇ ဆူ၊ အသေးစိတ် စာရင်းကောက် ယူခြင်း အဆူ ၃၅၀ တို့ကို ဆောင်ရွက်လျက်ရှိကြောင်း ရှေးဟောင်းသုတေသနဦးစီးဌာနမှ သိရသည်။

No comments:

Post a Comment