Friday, September 16, 2016

အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

နေပြည်တော် စက်တင်ဘာ ၁၆
၂၀၁၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဟိုတယ်ဇုန်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။

ရှေးဦးစွာ အမြဲတမ်းအတွင်းဝန်က ပြောကြားရာတွင် အိုဇုန်းလွှာပျက်စီးမှုသည် ယနေ့ကမ္ဘာကြီးတွင် ကြုံတွေ့နေကြရသည့် ပတ်ဝန်းကျင်ဆိုင်ရာ အဓိကပြဿနာ တစ်ရပ်ဖြစ်ကြောင်း၊ အိုဇုန်းလွှာသည် အန္တရာယ်ဖြစ်စေသည့် ခရမ်းလွန်ရောင်ခြည် လှိုင်းများကို ၉၇ မှ ၉၉ ရာခိုင်နှုန်းအထိ စုပ်ယူပေးသည့်အတွက် ကမ္ဘာ့သက်ရှိလောကအတွက် မရှိမဖြစ်လိုအပ်သော သဘာဝအကာအရံ တစ်ခုဖြစ်ကြောင်း။
ယခုနှစ် အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ဆောင်ပုဒ်မှာ "အိုဇုန်းလွှာနှင့် ရာသီဥတုကောင်းမွန်ဖို့ ကမ္ဘာ တစ်ဝန်းလက်တွဲညီညီဆောင်ရွက်စို့ " Ozone and climate: Restored by a World United ဖြစ်ကြောင်း၊ အိုဇုန်းလွှာ ပျက်စီးစေသော ကလိုရိုဖလူရိုကာဗွန် (CFC) နှင့် ဟိုက်ဒရိုကလိုရိုဖလူကာဗွန်(HCFC) အစရှိသည့် ဒြပ်ပစ္စည်းများသည် ရာသီဥတုပြောင်းလဲမှုဖြစ်စေသော မှန်လုံအိမ်အာနိသင် ဖြစ်စေသည့်အတွက် အိုဇုန်းလွှာကာကွယ်ရေးနှင့် ရာသီဥတု ပြောင်းလဲမှုတားဆီး လျှော့ချရေးကို ကမ္ဘာ့နိုင်ငံများအားလုံး စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်း ထားခြင်းဖြစ်ကြောင်း။
မြန်မာနိုင်ငံအနေဖြင့် အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများသုံးစွဲမှု လျှော့ချ ရပ်ဆိုင်းရေးဆိုင်ရာ လက်ရှိနှင့် အနာဂတ် လုပ်ငန်း အစီအစဉ်များတွင် ကမ္ဘာ့နိုင်ငံများနှင့်အတူ ဆက်လက်ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်သလို သက်ဆိုင်ရာ ၀န်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းရှင်များ၊ ပြည်သူများအနေဖြင့် လည်း ပစ္စုပ္ပန်နှင့် အနာဂတ်မျိုးဆက်သစ်များအတွက် ကမ္ဘာ့လေထုအတွင်း အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများ သုံးစွဲမှုလျှော့ချရပ်ဆိုင်းရေး လုပ်ငန်းများတွင် စိတ်အားထက်သန်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် အလေးအနက် တိုက်တွန်းပြောကြားသည်။
အခမ်းအနားသို့ အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ၊ အမျိုးသားအဆင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီဝင် ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

အခမ်းအနားအပြီးတွင် ဧည့်သည်တော်များ၊ သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းများသည် ခင်းကျင်းပြသထားသော အိုဇုန်းလွှာ ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်မှုပြကွက်များကို လှည့်လည်ကြည့်ရှုကြ သည်။

No comments:

Post a Comment