Friday, September 23, 2016

အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီမှ ဦးဆောင်၍လာနီညာ အတွက်ကြိုတင် ပြင်ဆင်မှုနှင့် ပြီးခဲ့သည့်ဘေးများကို ပြန်လည်သုံးသပ်ခြင်း အစည်းအ‌ဝေးကျင်းပ





နေပြည်တော်၊ စက်တင်ဘာ ၂၃
အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီမှဦးဆောင်၍ လာနီညာအတွက် ကြိုတင်ပြင်ဆင်မှုနှင့် ပြီးခဲ့သည့်ဘေးများကို ပြန်လည်သုံးသပ်ခြင်း အစည်းအ‌ဝေးကို ယနေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ စုပေါင်းအစည်းအ‌ဝေးခန်းမ၌ကျင်းပရာ အမျိုးသား သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကား ပြောကြားသည်။

 ပြည်ထောင်စု ၀န်ကြီးက ပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် သဘာဝဘေးအန္တရာယ် များဖြစ်ပွားလွယ်သည့် နိုင်ငံများ ထဲတွင် ပါဝင်နေပါကြောင်း၊ ကမ္ဘာတွင်ကြည့်လျှင်လည်း ရာသီဥတု ပြောင်းလဲမှု၏ သက်ရောက်မှုများကြောင့် သဘာဝ ဘေးအန္တရာယ်များ ပိုမိုဖြစ်ပွားလျက်ရှိသည်ကို တွေ့ရပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများဆောင်ရွက်ရာ၌ သဘာဝ ဘေးအန္တရာယ်များ ကြောင့် အဟန့်အတား၊ အနှောက်အယှက်များဖြစ်စေပါကြောင်း၊ မိမိတို့အနေဖြင့် သဘာဝဘေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ထိထိရောက်ရောက် ဆောင်ရွက်ရန်လိုကြောင်း၊ ထိုကဲ့သို့ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် လည်းနိုင်ငံတော်အဆင့်တွင် အမျိုးသား သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲ့ မှုကော်မတီ၊ လုပ်ငန်းကော်မတီ(၁၂)ခု၊ တိုင်း‌ဒေသကြီး/ ပြည်နယ် အဆင့်တွင် တိုင်း‌ဒေသကြီး/ ပြည်နယ်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ ကျေးရွာအုပ်စု အဆင့် သဘာဝ ဘေးစီမံခန့်ခွဲမှု အဖွဲ့များကို လည်း ဖွဲ့စည်း ထားပါကြောင်း၊ မိမိတို့အနေဖြင့် ပြီးခဲ့သည့် ဘေးများကိုပြန်လည် သုံးသပ်ကြရန်နှင့် လာမည့်ဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ကြရန် လိုကြောင်း၊ သဘာဝ ဘေးအန္တရာယ်လျော့ပါးရေး ဆောင်ရွက်ရာတွင် သဘာဝဘေးဒဏ်ခုခံ နိုင်စွမ်းရှိနေမှု အခြေအနေ ပေါ်မူတည်၍ ပျက်စီးဆုံးရှုံးမှု အတိုင်းအတာကွာခြားနိုင်သဖြင့် ခုခံနိုင်စွမ်းမြင့်မား နေရေး ဆောင်ရွက်ရန်လိုကြောင်း၊
ဘေးဖြစ်လာသည့်အခါ အလျင်အမြန်တုံ့ပြန်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရန်လိုကြောင်း၊ ဘေးမဖြစ်မီ၊ ဖြစ်ဆဲ၊ဖြစ်ပြီး လုပ်ငန်းများ အားလုံးကို ပူးပေါင်းဆောင်ရွက် ကြရန်လိုကြောင်း၊ ယခု လာနီညာ ရာသီဥတုဖြစ်စဉ်နှင့်ပတ်သက်၍လည်း သက်ရောက်မှု ဖြစ်နိုင်သည့် အန္တရာယ်များ၊ ထို အန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေများကို ဖော်ထုတ်ကြပြီး ထိခိုက်ဆုံးရှုံးမှု အနည်းဆုံး ဖြစ်စေရေးဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊
ဒေသ အလိုက်သော်လည်းကောင်း ဖြစ်ပွားလာနိုင်သည့် ဘေးအန္တရာယ်များအတွက်ပါ ကြိုတင်ပြင်ဆင်စီမံမှုများကို ဆောင်ရွက်ထားဖို့ လိုအပ်ပါကြောင်းနှင့် ၀န်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၊ လုပ်ငန်း ကော်မတီများအားလုံးမှ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်နှင့် ပြည်သူများအားလုံးပါဝင်လာအောင်လည်း စည်းရုံး ဆောင်ရွက်စေလိုကြောင်း တိုက်တွန်းပြောကြား သည်။
တက်ရောက်လာသူများမှ လာနီညာရာသီဥတု ဖြစ်စဉ်နှင့်ပတ်သက်၍ ဖြစ်ပေါ်နိုင်သည့် အခြေအနေများ၊ ကြိုတင်ပြင်ဆင်ထားသည့် အခြေအနေများကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
လာမည့် လာနီညာရာသီဥတုဖြစ်စဉ်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထား ရန်နှင့် လာမည့် ကာလများအတွင်း ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ် များနှင့်ပတ်သက်၍ လည်းကဏ္ဍအလိုက်၊ ဒေသအလိုက် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ထားနိုင်ရေး ဆွေးနွေး ညှိနှိုင်းသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးရုံး၊ မေခလာခန်းမ၌ ယူနိုက်တက် ကင်းဒမ်း၊ Department for International Development (DFID) ၏ Senior Governance Advisor ဖြစ်သူ Mr. Ben Powis ဦးဆောင်သော အဖွဲ့အား လက်ခံတွေ့ဆုံ၍ွမန်မာနိုင်ငံ အမျိုး သမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း (၂၀၁၃-၂၀၂၂) အကောင်အထည် ဖော်ဆောင်ရွက်ရန် ဆက်စပ် ဝန်ကြီးဌာနများနှင့် ပူးပေါင်း ဆောင်ရွက် နေမှုအခြေအနေများ၊ (DFID)မှ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ဝန်ကြီးဌာန၏ ရက် (၁၈၀) စီမံကိန်းတွင် ဆောင်ရွက်မည့် အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ လိုအပ် သော ဥပဒေ၊ နည်းဥပဒေ၊ မူဝါဒများနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါ သည်။

No comments:

Post a Comment