Thursday, September 22, 2016

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၇၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ပြောကြားသည့် အထွေထွေမူဝါဒရေးရာ မိန့်ခွန်း


(၇၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် အထွေထွေမူဝါဒရေးရာ မိန့်ခွန်း အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

သဘာပတိကြီး၊ လေးစားအပ်ပါသော လူကြီးမင်းများ၊ ဂုဏ်သရေရှိ ကိုယ်စားလှယ်တော်များ၊ ဧည့်သည် တော်များရှင့်၊
မြန်မာနိုင်ငံအစိုးရသစ်ရဲ့ ပထမဆုံး ကိုယ်စားလှယ်အနေနဲ့ ယခုကျင်းပပြုလုပ်လျက်ရှိတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ တက်ရောက်ပြောကြားစဉ် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းရဲ့ ရည်ရွယ်ချက်နဲ့ အခြေခံ မူများ အပေါ် ထားရှိတဲ့ ကျွန်မတို့ရဲ့ ယုံကြည်ချက်ကို တာဝန်တစ်ခုအနေနဲ့ လည်းကောင်း၊ အခွင့်အရေး တစ်ရပ် အနေနဲ့ လည်းကောင်း ကျွန်မအနေနဲ့ ထပ်လောင်း အတည်ပြုပြောကြားအပ်ပါတယ်။ ကုလသမဂ္ဂ အဖွဲ့ကြီးရဲ့ အင်အားဟာ ပဋိညာဉ်စာတမ်းကြီးနဲ့ နိုင်ငံတကာဥပဒေရဲ့ အခြေခံမူကြီးများမှာ အခြေခိုင်မာစွာ ပါဝင်နေတဲ့ ကမ္ဘာ့နိုင်ငံ အများအပြား ကျယ်ပြန့်စွာ ပါဝင်မှုနဲ့ တရားဝင်ရပ်တည်မှု တို့ အပေါ်မှာ အခြေခံပါတယ်။ မပြည့်စုံ မှုများနဲ့ ကန့်သတ်ချက်များ ရှိနေသော်လည်း လူသားအားလုံးအတွက် ကြင်နာမှုများ၊ ကရုဏာ တရားများ ပိုမိုပြည့်ဝသော နေအိမ်အဖြစ်နဲ့ ပိုမိုငြိမ်းချမ်းသာယာဝပြောတဲ့ ကမ္ဘာကြီး ဖြစ်လာစေရန် ကျွန်မတို့ရဲ့ မျှော်လင့် ချက်များကိုသယ်ဆောင်ပေးမယ့် အဖွဲ့အစည်းကြီးအဖြစ် ကုလသမဂ္ဂ ဟာ ဆက်လက် တည်ရှိနေမှာဖြစ်ပါတယ်။
ကျွန်မတို့နိုင်ငံဟာလွတ်လပ်ရေးရပြီးစ၁၉၄၈ ခုနှစ်မှာဘဲပြည်ထောင်စု မြန်မာနိုင်ငံ အနေနဲ့ ကုလသမဂ္ဂ အဖွဲ့သို့ ပါဝင်ခဲ့ပါတယ်။ အဲဒီအချိန်ဟာကမ္ဘာ့လူသား အားလုံးအနေနဲ့ ကမ္ဘာ့စစ်ကြီးရဲ့ အပျက်အစီးများမှ ရုန်းထွက်ပြီး ၎င်းတို့ရဲ့နိုင်ငံများ အသစ်တဖန် ပြန်လည် တည်ဆောက်နေတဲ့ အချိန်ဖြစ်သလို တန်းတူ ညီမျှမှု၊ သာယာဝ ပြောမှုနဲ့ တရားမျှတမှုတို့ဖြင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်တဲ့ လူသားတို့ရဲ့ စွမ်းဆောင်ရည်အပေါ် ယုံကြည်မှု တို့ကို ပြန်လည်တည်ဆောက်နိုင်မယ်လို့ ယုံကြည်မှု အပြည့်အဝထားတဲ့ ခေတ်ကာလတစ်ခုလည်း ဖြစ်ပါတယ်။ ယခုအချိန်ဟာဆိုရင်လည်း မြန်မာနိုင်ငံအနေနဲ့ ခိုင်မာတဲ့ မျှော်လင့်ချက်များ ထားရှိနေတဲ့ အချိန် ကာလဖြစ်နေ ပြန်ပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူ များက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံမဲများ အပြတ်အသတ် ပေးခဲ့ခြင်းဟာ နိုင်ငံရေး ပါတီတစ်ခုကို ထောက်ခံခြင်း သက်သက် မဟုတ်ဘဲ နိုင်ငံရဲ့အနာဂတ်ကို ၎င်းတို့ရဲ့အိပ်မက်များ၊ မျှော်လင့်ချက် များနဲ့အညီ ဖန်တီးနိုင်ဖို့အတွက် ၎င်းတို့ရဲ့ အခွင့်အရေးနဲ့ စွမ်းဆောင်ရည်များအပေါ် ယုံကြည်မှုရှိကြောင်း ထင်ဟပ်တဲ့ နိုင်ငံရေး ယဉ်ကျေးမှု တစ်ခုကို ပြသခဲ့ခြင်းဖြစ်ပါတယ်။ ဒီအိပ်မက်များ၊ မျှော်လင့်ချက်များဟာ ကုလသမဂ္ဂကို စတင် တည်ထောင်စေခဲ့တဲ့ အိပ်မက်များ၊ မျှော်လင့်ချက်များနဲ့အတူတူပင် ဖြစ်ပါတယ်။
သဘာပတိကြီးရှင့်၊
ဓါးသွားမှထယ်သွားအဖြစ် ပြောင်းလဲရေးသို့တည်းမဟုတ် ပိုမိုခေတ်မီတဲ့ အသုံးအနှုန်းနဲ့ ဒါကို ပြောကြား ရမယ်ဆိုရင် အဖျက်လက်နက်များကို လယ်ယာသုံး ကိရိယာများအဖြစ် ပြောင်းလဲရေး အိပ်မက်ဟာ ပဋိပက္ခ များရဲ့ ဖိအားကြောင့် အိပ်စက်မှုနဲ့နေရပ်များကို ကာလရှည်ကြာစွာ စွန့်လွှတ်နေခဲ့ရတဲ့ ကျွန်မတို့ ပြည်သူများရဲ့ စိတ်ထဲနှလုံးသားထဲမှာ ရှိနေပါတယ်။ မိမိတို့ နေအိမ်များ အတွင်းမှာ လုံခြုံဘေးကင်းစွာ နေထိုင်နိုင်ရေး၊ မိမိတို့ရဲ့ စွမ်းဆောင်ရည်ကို အပြည့်အဝ ဖော်ထုတ်နိုင်စွမ်းအပေါ် ယုံကြည်မှုရှိရေး၊ လူငယ်များ ဖွံ့ဖြိုး တိုးတက်ရေးနဲ့ သက်ကြီးရွယ်အိုများရဲ့ လုံခြုံမှုအလားအလာများအပေါ် ကျေနပ်မှုရှိရေး၊ ငြိမ်းချမ်း သာယာ ဝပြောသော ပြည်ထောင်စုတစ်ခုရဲ့ နိုင်ငံသားများအတွက် ၎င်းတို့ရဲ့ အခွင့်အရေးများနဲ့ တာဝန် ဝတ္တရားများ ခိုင်မာမှုရှိရေးတို့ဟာ ကျွန်မတို့ရဲ့ ရိုးရှင်းတဲ့ မျှော်လင့်ချက်များပဲ ဖြစ်ပါတယ်။ ရိုးရှင်း ပေမယ့် အောင်မြင်ဖို့ဆိုတာ ခက်ခဲကြောင်း အထူးပြောဖို့မလိုပါဘူး။ ကျွန်မတို့ရဲ့ ရည်မှန်းချက်များကို ဖော်ဆောင်ပေးမယ့် တစ်ခုတည်းသော လမ်းကြောင်းကတော့ ငြိမ်းချမ်းရေး လမ်းကြောင်းသာ ဖြစ်ပြီး ဒီလမ်းကြောင်းကို မျှော်လင့်ချက်များ၊ သန္နိဋ္ဌာန် များနဲ့အတူ လျှောက်လှမ်းသွားရမှာဖြစ်ပါတယ်။
သဘာပတိကြီးရှင့်၊
မြန်မာပြည်သူပြည်သားများအနေနဲ့ ၎င်းတို့ရဲ့ မွေးရာပါ အခွင့်အရေးများဖြစ်တဲ့ ငြိမ်းချမ်းလုံခြုံစွာ နေထိုင် နိုင်ရေး၊ အခြေခံလွတ်လပ်ခွင့်များရရှိရေး၊ ဖွံ့ဖြိုးတိုးတက်ရေး တို့ကို ကာလကြာရှည် မရရှိမခံစားခဲ့ကြရပါ။ ဒီအခွင့် အရေးများဟာ ၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များနဲ့လည်း အကျုံး ဝင်ပါတယ်။ နှစ်ပေါင်း (၆၀) ကျော် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကိုတွေ့ကြုံခံစားခဲ့ရတဲ့ နိုင်ငံတစ် နိုင်ငံအတွက် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးတို့လောက် အရေးကြီးတဲ့ ကိစ္စရပ် ရှိမှာမဟုတ်ပါဘူး။ အစိုးရသစ်အနေနဲ့ ဒီလိုခက်ခဲရှုပ်ထွေးတဲ့ ကိစ္စရပ်ကို အဓိက စိန်ခေါ်မှုတစ်ရပ် အနေနဲ့ လည်းကောင်း၊ ပင်မ ဦးစားပေးလုပ်ငန်း တစ်ရပ်အနေနဲ့ လည်းကောင်း ကိုင်တွယ် ဆောင်ရွက် လျက်ရှိပါတယ်။ မကြာသေးခင်က (၂၁) ရာစုပင်လုံလို့ခေါ်တဲ့ ပထမဆုံးသော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကြီးကို ကျင်းပခဲ့ပါတယ်။ ဒီလိုခေါ်ရခြင်းဟာ လွတ်လပ်သော မြန်မာနိုင်ငံကို အခြေခံ အုတ်မြစ် ချပေးနိုင်ခဲ့တဲ့ ၁၉၄၇ ခုနှစ် ပင်လုံညီလာခံကြီးရဲ့ ပင်လုံစိတ်ဓါတ်ကို ကိုယ်စားပြု ခေါ်ဝေါ်ခဲ့ခြင်း ဖြစ်ပါတယ်။
ဒီပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီးဟာ ပြည်ထောင်စုစိတ်ဓါတ်ကို လည်းကောင်း၊ အားလုံး ပါဝင်ခွင့် ရှိစေရေးဆိုတဲ့ အခြေခံမူကိုလည်းကောင်း အခြေခံ ကျင်းပခဲ့ပြီး အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင် တက်ရောက် ခဲ့ကြပါတယ်။ သို့သော် ဒီလို ညီလာခံကြီး ကျင်းပရုံ သက်သက်နဲ့တော့ ရည်မှန်းချက်ကို ရောက်ရှိမှာ မဟုတ်ပါဘူး။ ဒီညီလာခံဟာ နောင်လာမယ့် မျိုးဆက်သစ် များကို ပြည်သူများအကြား မဖော်ပြနိုင်တဲ့ ဝမ်းနည်းကြေကွဲမှုများ ပေါ်ပေါက်စေတဲ့ ညီနောင်များ စိတ်ဝမ်းကွဲမှုများမှ လွတ်မြောက်စေမယ့် အမျိုးသား ပြန်လည်သင့်မြတ်မှုနဲ့ ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေး တို့ကို ရှေးရှုတဲ့ခရီးမှာ ပထမဆုံး အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ်သာ ဖြစ်ပါတယ်။
သဘာပတိကြီးရှင့်၊
ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရဲ့ အခြေအနေကို တစ်ကမ္ဘာလုံးက အာရုံစိုက်ခဲ့ ကြပါတယ်။ ကမ္ဘာ့အသိုက်အဝန်းဝင် တာဝန်သိနိုင်ငံ တစ်နိုင်ငံအနေနဲ့ နိုင်ငံတကာ အသိုက်အဝန်းရဲ့ ဝေဖန်မှုများ အပေါ် ကြောက်ရွံ့တုန်လှုပ်ခြင်း မရှိပါဘူး။ ရခိုင်ပြည်နယ်ရှိ လူမှုအသိုက်အဝန်း အားလုံး အတွက် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ပေးနိုင်မယ့်‌ ရေရှည်တည်တံ့တဲ့ အဖြေတစ်ရပ် ရရှိရေးကို သန္နိဋ္ဌာန်ရှိရှိနဲ့ ဆောင်ရွက်နေပါတယ်။ မိမိတို့အစိုးရအနေနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပဓာနထားပြီး နားလည်မှုနဲ့ ယုံကြည်မှုတို့ တိုးမြှင့်စေမယ့် ရေတို၊ ရေရှည် အစီအစဉ်များပါဝင်တဲ့ အားလုံး ခြုံငုံမိသော နည်းလမ်းတစ်ရပ်ဖြင့် ဆောင်ရွက် လျက်ရှိပါတယ်။ ကျွန်မတို့အစိုးရသစ်အနေနဲ့ တာဝန်ယူပြီး မကြာခင်မှာပဲ ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ပြီး၊ လုံခြုံရေး၊ ငြိမ်းချမ်းရေးနဲ့ တရားဥပဒေ လိုက်နာရေး၊ လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံသားစိစစ်ရေး၊ နေရာချထားရေး၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ လူသားချင်းစာနာမှု အထောက်အပံ့များ ပေးအပ်နေတဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်ရေးတို့ကို ဆောင်ရွက်လျက် ရှိပါတယ်။
ဒီကိစ္စရပ်ကို ပြည့်စုံကောင်းမွန်စွာနဲ့ ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းရေး အထောက်အကူပြုစေရန်နဲ့ ပိုမို ကောင်းမွန်စေဖို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး၊ အဲဒီအကြံပေးကော်မရှင် ဥက္ကဋ္ဌ အဖြစ် ယခင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာ ကိုဖီအာနန်က ဆောင်ရွက်မှာ ဖြစ်ပါတယ်။
အဆိုပါကော်မရှင် ဖွဲ့စည်းခဲ့တဲ့အပေါ် တစ်ချို့က ဆန့်ကျင်ဝေဖန်မှုများ အစဉ်တစ်စိုက် ပြုလုပ်ခဲ့ပါတယ်။ သို့ပေမယ့်လည်း ကျွန်မတို့ဟာ ရခိုင်ပြည်နယ်အတွင်း သဟဇာတရှိမှု၊ ငြိမ်းချမ်းရေးနဲ့ ကြွယ်ဝ ချမ်းသာရေး အတွက် ကြိုးပမ်းမှုများကို ဆက်လက်ဆောင်ရွက်သွားဖို့ သန္နိဋ္ဌာန်ချထားပြီး ဖြစ်ပါတယ်။ ဒီနေရာမှာ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ နားလည်မှုနဲ့ အပြုသဘော ကူညီဆောင်ရွက်ပေးဖို့ကိုလည်း ပြောကြား လိုပါတယ်။ တစ်ဖက်သတ်ပြုမူသူများနှင့် သည်းခံခြင်းတရား မရှိသူများရဲ့ ဖိအားပေးမှုများကို ကြံ့ကြံ့ ခံလျက် အခြေခံလူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာနဲ့ လူသားတစ်ဦးအဖြစ် တန်ဖိုးထားမှုအပေါ် ကျွန်မတို့ရဲ့ ယုံကြည်မှုကို ထပ်မံ အတည်ပြုပြောကြားလိုပါတယ်။
သဘာပတိကြီးရှင့်၊
ကျွန်မတို့ ပြည်သူတွေရဲ့ လူမှုရေးနဲ့ စီးပွားရေး လိုအပ်ချက်တွေကို အောင်မြင်စွာ ဖြည့်ဆည်းပေးမဲ့ မူဝါဒ များနဲ့ အစီအစဉ်များကို အောင်အောင်မြင်မြင် အကောင်အထည် ဖော်နိုင်ရေးအတွက် ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့ဟာ မရှိမဖြစ် ကနဦး လိုအပ်ချက်များ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ၂၀၁၆ ခုနှစ် နိုင်ငံတော် စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု မူဝါဒကိုလည်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက် ပန်းတိုင် အတော်များများကို အကောင်အထည်ဖော်ဖို့ ဦးတည်ရေးဆွဲထားတာ ဖြစ်ပါတယ်။ အဲဒီလို ထည့်သွင်းရေး ဆွဲထားတဲ့ မူဝါဒထဲမှာ အခြေခံ အဆောက်အဦ ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ ပုဂ္ဂလိကကဏ္ဍ၊ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများနဲ့ အထူးသဖြင့် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး တို့ကို တိုးမြှင့်ဆောင်ရွက်ဖို့ ရည်မှန်းချက်တွေ ပါဝင်ပါတယ်။ ကျွန်မတို့ရဲ့ ပြည်သူဗဟိုပြုပြီး အားလုံး ပါဝင်တဲ့မူဝါဒရဲ့ အဓိက ဦးတည်ချက် တွေကတော့ အမျိုးသား ပြန်လည်သင့်‌မြတ်ရေး၊ အလုပ်အကိုင် ဖန်တီးရေးနဲ့ သဘာဝ သယံဇာတများ ထိန်းသိမ်းရေး၊ လူငယ်များအတွက် စွမ်းရည် မြှင့်တင်ပေးရေးနဲ့ အခွင့်အလမ်းများ ဖန်တီးပေးရေးတို့ ပါဝင်ပါတယ်။
သဘာပတိကြီးရှင့်၊
ယမန်နေ့က ဖွင့်လှစ်ခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ အထွေထွေမူဝါဒရေးရာ ဆွေးနွေးမှုများမှာ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနေနဲ့ ကျွန်မတို့ရဲ့ တူညီတဲ့ စိုးရိမ်မှုများအပေါ် ပြည့်ပြည့်စုံစုံ ဆွေးနွေး ခဲ့ကြပါတယ်။ ဒါ့ကြောင့် ကျွန်မအနေနဲ့ ရွှေ့ပြောင်းသွားလာခြင်း၊ အကြမ်းဖက် တိုက်ခိုက်မှုနဲ့ နျူကလီးယား လက်နက်ဖျက်သိမ်းရေးကိစ္စတို့ကိုဘဲ သဘာပတိကြီးတို့ သတ်မှတ်ခွင့်ပြုပေးထားတဲ့ အချိန်အကန့်အသတ် အတွင်းမှာ ပြောကြားသွားမှာဖြစ်ပါတယ်။
သဘာပတိကြီးရှင့်၊
ပြဿနာတွေရဲ့ အရင်းအမြစ်ကို စုံစမ်းဖော်ထုတ်နိုင်မှသာ ပြဿနာတွေကို ရေရှည်ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ မကြာသေးမီနှစ်များအတွင်း ရွှေ့ပြောင်းသွားလာမှု ပမာဏဟာ မကြုံဖူးလောက်အောင် များပြားလာခြင်းနဲ့ အကျိုးဆက်အဖြစ် ပေါ်ပေါက်လာတဲ့ ဆင်းရဲဒုက္ခတွေဟာ မူမမှန်တဲ့ ရွှေ့ပြောင်း သွားလာမှုကို ဖြစ်စေတဲ့ အဓိက အချက်နှစ်ချက်ဖြစ်တဲ့ ငြိမ်းချမ်းမှုမရှိခြင်းနဲ့ ဖွံ့ဖြိုးတိုးတက်မှုမရှိခြင်းတို့ကို ကိုင်တွယ် ဖြေရှင်းဖို့ လိုအပ် လာတယ်ဆိုတာ တွေ့ရပါတယ်။ ကျွန်မတို့အနေနဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက်မှု တည်ဆောက်ရေး အကြောင်း ပြောတဲ့အခါမှာ ဘက်ပေါင်းစုံပါဝင်တဲ့ စီးပွားရေး မူဝါဒများကို ဟန်ချက်ညီညီ အကောင် အထည် ဖော်မှုနဲ့ အတူအရေးကြီးတဲ့ လူ့အခွင့်အရေး၊ တန်းတူညီမျှမှုရှိရေး၊ မတူ ကွဲပြားမှုနဲ့ စိတ်ရှည်သည်းခံမှုတို့ကို လေးစား မှုမြှင့်တင်ရေးတို့ကိုလည်း လျစ်လျူရှုလို့ မရနိုင်ပါဘူး။ ဒါဟာ ကျွန်မတို့ကို စိန်ခေါ်နေတဲ့ လုပ်ငန်း တာဝန် တစ်ရပ်ဖြစ်ပြီး၊ နိုင်ငံတကာ ဥပဒေနဲ့အညီ တရားမျှတပြီး နားလည် လက်ခံနိုင်တဲ့ ဖြေရှင်းမှုတွေ ကိုရှာဖွေရာမှာ နိုင်ငံအများက ပူးပေါင်းပါဝင်ပြီးအတူ လုပ်ကိုင် ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ရွှေ့ပြောင်း သွားလာ သူများဟာသူတို့ရဲ့ အိမ်ရှင်နိုင်ငံတွေရဲ့ စီးပွားရေးနဲ့ ကမ္ဘာ့စီးပွားရေးကို အထောက် အကူပြု တယ်ဆိုတာကို ကျွန်မတို့ မေ့ထားလို့ မဖြစ်ပါဘူး။ ဒါ့ကြောင့် ရွှေ့ပြောင်းသွားလာတဲ့ အလုပ်သမားများရဲ့ အခွင့်အရေးတွေကို အာမခံချက်ပေးနိုင်ဖို့ အိမ်ရှင်နိုင်ငံနဲ့ မူရင်းနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုနဲ့ ပေါင်းစပ် ညှိနှိုင်းမှုတွေ ပြုလုပ်ခြင်းဟာ နှစ်နိုင်ငံစလုံးကို အထောက်အကူ ပေးလိမ့်မယ်လို့ ကျွန်မယုံကြည်ပါတယ်။ ကျွန်မတို့ရဲ့ ကမ္ဘာမြေကြီးဟာ လူတိုင်း မျှဝေ ခံစားတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ တန်ဖိုးများနဲ့ ဓနဥစ္စာတို့ကို ခွဲဝေခံစားခြင်းဖြင့် ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကြီးကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။
သဘာပတိကြီးရှင့်၊
ကျွန်မတို့ဟာ ဘာသာရေး၊ ယဉ်ကျေးမှုနဲ့ လူအချင်းချင်း သည်းခံမှု ကင်းမဲ့ခြင်းတို့နဲ့ ဆက်နွယ်နေတဲ့ ပြင်းထန်တဲ့ အစွန်းရောက်မှုဆိုင်ရာ လက္ခဏာရပ်များနဲ့ ပုံစံများ အားလုံးကို စည်းလုံးညီညွတ်စွာနဲ့ အတူတကွ ဆန့်ကျင် ရပ်တည်ကြရမှာ ဖြစ်ပါတယ်။ အစွန်းရောက်ဝါဒဟာ အကြမ်းဖက်မှုရဲ့ အခြေခံ အရင်း အမြစ်ဖြစ် ကြောင်း သိရှိလက်ခံပြီး နောက်မှာ အကြမ်းဖက်ဝါဒကို ပေါ်ပေါက်စေတဲ့ အကြောင်းရင်း များကို စူးစမ်းရှာဖွေဖို့ လိုအပ်ပါတယ်။ လူမှုရေးနဲ့ စီးပွားရေး လုံခြုံမှု ကင်းမဲ့ခြင်းတွေဟာလည်း အရေးကြီးတဲ့ အကြောင်းအချက်တွေ ဖြစ်တယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ ဒါ့အပြင် ရည်ရွယ်ချက် ကင်းမဲ့မှု၊ ဘဝမှာ ဦးတည်ချက်မဲ့တဲ့ ခံစားမှု တို့ဟာလည်း လူအများ၊ အထူးသဖြင့် လူငယ်များကို မိမိကိုယ်ကို ယုံကြည်မှုပေးနိုင်တယ်လို့ ထင်ရတဲ့ အတွေး အခေါ် လှည့်ကွက်များထဲ ကျရောက်စေနိုင် ပါတယ်။
သဘာပတိကြီးရှင့်၊
မြန်မာနိုင်ငံအနေဖြင့် နျူကလီးယား လက်နက်များ ကင်းမဲ့တဲ့ ကမ္ဘာကြီးဖြစ်ပေါ်လာစေရေး တိုက်တွန်း အားပေး လျက်ရှိပါတယ်။ လက်ရှိနဲ့ အနာဂတ် မျိုးဆက်များအတွက် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ရရှိစေရန် ရည်ရွယ်ပြီး နျူကလီးယား လက်နက်ဖျက်သိမ်းရေးဆိုင်ရာ ဆုံးဖြတ်ချက် အဆိုတစ်ရပ်ကို ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ နှစ်စဉ် တင်သွင်းလျက်ရှိပါတယ်။ ကမ္ဘာပေါ်ရှိ ဒေသအသီးသီးမှာ နျူကလီးယား လက်နက် ကင်းမဲ့ရေးဇုံများ တည်ထောင်ခြင်းဟာလည်း ဒီပန်းတိုင်ကို အထောက်အပံ့ ပြုလျက်ရှိပါတယ်။ ကျွန်မတို့အနေနဲ့ ဒီနေ့ မွန်းလွဲပိုင်းမှာ နျူကလီးယားလက်နက် စမ်းသပ်ဖောက်ခွဲမှု အလုံးစုံ တားဆီး ပိတ်ပင်ရေးဆိုင်ရာ စာချုပ်ကို အတည်ပြုပါဝင်ကြောင်း စာချွန်လွှာကို ပေးအပ်သွားမှာ ဖြစ်တဲ့အကြောင်း ဒီညီလာခံကြီးကို ဝမ်းမြောက်စွာ အသိပေး ပြောကြားလိုပါတယ်။
သဘာပတိကြီးရှင့်၊
ကျွန်မတို့ဟာ ပဋိပက္ခတွေအတွက် ပေးဆပ်ရတဲ့ တန်ဖိုးကိ သိသလို ရုန်းကန် လှုပ်ရှားရတဲ့ ဒဏ်ရာ ဒဏ်ချက်တွေကိုလည်း ခံစားခဲ့ရပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်သူ တစ်ဦးတစ်ယောက်နဲ့ ဘယ်နိုင်ငံကိုမှ ဒီလို အဖြစ်မျိုး မကြုံစေချင်ပါဘူး။ စစ်မှန်တဲ့ ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ ကျွန်မတို့ လျှောက်လှမ်းခဲ့တဲ့ ခရီးတစ်လျှောက် ကူညီပေးခဲ့တဲ့သူအားလုံးကို ကျေးဇူးတင်ရှိပါတယ်။ ဒီခက်ခဲ ကြမ်းတမ်းတဲ့ လမ်းတစ်လျှောက် ကိုယ်ချင်းစာတရား၊ အကြင်နာမေတ္တာတရားနဲ့ နားလည်မှုတို့နဲ့ ကူညီပေးခဲ့ကြပါတယ်။
ယနေ့ကမ္ဘာကြီးက ကြုံတွေ့နေရတဲ့ပြဿနာများကို ရင်ဆိုင်ရာမှာလည်း ဒါတွေ လိုအပ်ပါတယ်။ ကျွန်မ အနေနဲ့ ဆောင်ရွက်ပေးမယ်လို့ ကမ်းလှမ်းမှုတွေထက် ဒေါသ၊ အမုန်းတရား၊ မကျေနပ်မှု၊ တောင်းဆိုမှုတွေ ကိုသာ အများအပြား ကြုံတွေ့ခဲ့ရပါတယ်။ ကျွန်မတို့ရဲ့ ကမ္ဘာကြီးကို ပိုမိုကြင်နာတတ်စေချင်သလို ရယူခြင်းထက် ပေးဆပ်ခြင်းကိုလည်း ပိုမိုနေရာရစေလိုပါတယ်။ လောဘ၊ ဒေါသ၊ ကြောက်ရွံ့မှု၊ မသိ နားမလည်မှုတွေဟာ မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှုရဲ့ အကြောင်းရင်းများ ဖြစ်ပါတယ်။ အဂတိ လိုက်စားမှုလို့ ပြောရာမှာ လာဘ်ပေးလာဘ်ယူ ပြုလုပ်မှု သက်သက်ကိုသာ ဆိုလိုခြင်း မဟုတ်ဘဲ လူ့သဘာဝ ကျင့်ဝတ်ပျက်ခြင်းကို ဆိုလိုပါတယ်။ လောဘ၊ ဒေါသ၊ ကြောက်ရွံ့မှု၊ မသိနားမလည်မှု များဟာ လူ့သဘာဝကျင့်ဝတ်ကို ပျက်စေသလို ကမ္ဘာကြီးကိုလည်း ကျင့်ဝတ်ပျက်စေပါတယ်။ ကျွန်မတို့ရဲ့ မြေးမြစ် အဆက်ဆက်အတွက် ပိုမိုကောင်း မွန်တဲ့ နေစရာအဖြစ် ကမ္ဘာကြီးကို ဖန်တီးရာမှာ ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြပါလို့ တိုက်တွန်း လိုပါတယ်။ ဒီလို ကမ္ဘာ့နိုင်ငံ အများစုဝေးတဲ့ နေရာမှာဘဲ ဒီလို မေတ္တာ ရပ်ခံမှုမျိုး ပြုလုပ်ရခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်မတို့အားလုံး အတူတကွ ဒေါသ၊ အမုန်းတရား၊ အကြောက်တရားနဲ့ မသိနားမလည်မှုတွေကို ဆန့်ကျင် ရပ်တည်ကြပါစို့၊ ကိုယ်ချင်းစာတရား၊ အကြင်နာ မေတ္တာတရား၊ အခြားသူများရဲ့ ကံကြမ္မာ ကောင်းတွေအပေါ် ဝမ်းမြောက်တဲ့စိတ်များ မွေးမြူနိုင်ပြီး ပိုမို ကောင်းမွန်တဲ့ ကမ္ဘာကြီးဆီသို့ လျှောက်လှမ်း ရာလမ်း ရှာဖွေကြပါစို့လို့ တိုက်တွန်းအပ်ပါတယ်။
ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment