Sunday, September 25, 2016

ငြိမ်းချမ်းရေးကော်မရှင်နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးစုဖက်ဒရယ်ကောင်စီ (UNFC) က ဖွဲ့စည်းထားသည့်နိုင်ငံရေး ဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့ ထိုင်းနိုင်ငံ ချင်းမိုင်တွင် တွေ့ဆုံမည်

နေပြည်တော် စက်တင်ဘာ ၂၄
ငြိမ်းချမ်းရေးကော်မရှင်နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးစု ဖက်ဒရယ်ကောင်စီ (UNFC) က ဖွဲ့စည်းထားသည့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (Delegation for Political Negotiation – DPN) တို့သည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ စက်တင်ဘာ ၂၅ ရက်တွင် တွေ့ဆုံဆွေးနွေး မည်ဖြစ်ကြောင်း သိရသည်။

ငြိမ်းချမ်းရေးကော်မရှင်သည် DPN အဖွဲ့ခေါင်းဆောင် ခူဦးရယ်၏ ဖိတ်ခေါ်မှုကြောင့် ယနေ့တွင် ထိုင်းနိုင်ငံချင်းမိုင်သို့ ထွက်ခွာသွားခြင်းဖြစ်ကြောင်း သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။
ဦးဇော်ဌေးက ''အဓိကကတော့ DPN အဖွဲ့ခေါင်းဆောင် ခူဦးရယ်နဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ အလွတ်သဘော အရင်ဆွေးနွေးတာပါ။ DPN အဖွဲ့နဲ့ ချင်းမိုင်မှာဆွေးနွေးဖို့ သဘောတူပါတယ်။ ဒီနေ့မှာ ချင်းမိုင်ကို ထွက်သွားတယ်။ မနက်ဖြန်မှာ ဆွေးနွေးမယ်။ ချင်းမိုင်အစည်းအဝေးမှာတော့ ဘာတွေဆွေးနွေးမလဲ အတိအကျ မသိဘူး။ ကျွန်တော် ပြောချင်တာက (၂၁) ရာစုပင်လုံ ဒုတိယအစည်းအဝေးကို နောက်ခြောက်လအကြာမှာ ကျင်းပမယ်။ အဲဒီလို မကျင်းပခင် တစ်နိုင်ငံလုံးမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ကြမယ်။ အဲဒီအခါကြရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ဘက်မှာ NCA လက်မှတ်ထိုးခြင်း၊ မထိုးခြင်းဆိုတာက အသိအမှတ်ပြုခြင်း၊ မပြုခြင်းဆိုတဲ့အချက်တွေ အပေါ်မှာ မူတည်နေတယ်။ ကျွန်တော်တို့ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကတော့ သူတို့အားလုံး ပါဝင်လာ အောင် ဆောင်ရွက်နေတာဖြစ်တဲ့အတွက် ဆွေးနွေးတဲ့အခါမှာတော့ အကောင်းဆုံး ရလဒ်ထွက်ပေါ်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားတယ်'' ဟု ပြောသည်။
နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN) နှင့် ဆွေးနွေးရာတွင် အစိုးရဘက်မှ ငြိမ်းချမ်းရေး ကော်မရှင်အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးအောင်ကြည်၊ အဖွဲ့ဝင် ဒေါက်တာမင်းဇော်ဦးနှင့် ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့ဝင် ဦးအောင်စိုး (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) တို့ ဆွေးနွေး မည်ဖြစ်ကြောင်း သိရသည်။
ညီညွတ်သော တိုင်းရင်းသားလူမျိုးစုဖက်ဒရယ်ကောင်စီ(UNFC) အဖွဲ့ဝင်များက NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် သြဂုတ်လအတွင်းက ရန်ကုန် NRPC တွင်ပြုလုပ်သည့် Framework Review အစည်းအဝေးတွင် မူကြမ်း (၈)ချက်အား အဆိုပြုတင်သွင်းထားသော်လည်း စက်တင်ဘာ ၁၆ ရက်က ပြုလုပ်သည့် Framework Review အစည်းအဝေးသို့မူ တက်ရောက် နိုင်ခြင်းမရှိပေ။
နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ဆောင်ရွက်နိုင်မှု အခြေအနေကို ဦးဇော်ဌေး က"DPN နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ လုပ်ဆောင်ခဲ့တာကတော့ နိုင်ငံရေးဆွေးနွေးပွဲမူဘောင် ပြန်လည်သုံးသပ်တဲ့ အစည်းအဝေးတွေမှာ UNFC ကိုယ်စားလှယ်ဖြစ်တဲ့ DPN ကို ပါဝင်ဖို့ ဖိတ်ခေါ်ခဲ့တယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ ပထမအစည်းအဝေးအတွက် ပူးတွဲ ကော်မတီနဲ့ အစည်းအဝေးကျင်းပဖို့ ဆောင်ရွက်တဲ့နေရာမှာ အစိုးရရယ်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းရယ်၊ နိုင်ငံရေးပါတီတွေရယ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းမှာတော့ NCA လက်မှတ်ထိုးပြီး သားရော၊ မထိုးရသေးတဲ့အဖွဲ့တွေရော ပါဝင်လာနိုင်တယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ ပထမအစည်းအဝေးမှာလည်း UNFC တက်ရောက်နိုင်ဖို့ သူတို့ရဲ့ ရပ်တည်ချက်သဘောထားတွေ ပြောကြားနိုင်ဖို့ NCA လက်မှတ်ထိုးပြီးသားအဖွဲ့တွေနဲ့ တန်းတူ ညှိနှိုင်းပါဝင်ဖို့ ဆောင်ရွက်ပေး နိုင်ခဲ့တယ်။ UNFC နဲ့ ကျွန်တော်တို့ဆွေးနွေးနေတာ သူတို့ Statement ထုတ်ထားတဲ့ အချက်ရှစ်ချက်ရှိတယ်။ အဲ့ဒီ ရှစ်ချက်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဖိတ်ခေါ်တယ်။ ဆွေးနွေးဖို့ တံခါးဖွင့်ထားတယ်''ဟု ပြောသည်။

ငြိမ်းချမ်းရေးကော်မရှင်ကို ၂ဝ၁၆ ခုနှစ် ဇူလိုင် ၁၁ ရက်က နိုင်ငံတော် သမ္မတရုံး အမိန့်အမှတ် ၅ဝ/၂ဝ၁၆ ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ 

No comments:

Post a Comment