Monday, September 12, 2016

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ကိုရီးယားသမ္မတနိုင်ငံရှိ ကာကွယ်ရေးဆိုင်ရာပြခန်းများ လှည့်လည်ကြည့်ရှု


နေပြည်တော် စက်တင်ဘာ ၁၁
ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့ရှိ Kintex ၌ ကျင်းပလျက်ရှိသည့် Defence Expo Korea 2016 ပြပွဲအား စက်တင်ဘာ ၉ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပရာ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် ခင်းကျင်းပြသ ထားသည့် ကာကွယ်ရေးဆိုင်ရာ
ပစ္စည်းပြခန်းများအား လှည့်လည်ကြည့်ရှုပြီး ကိုရီးယား တပ်မ တော်သုံး သံချပ်ကာယာဉ်များ၊ ယန္တရားများ၏ စွမ်းရည်ပြမောင်းနှင် မှုကို ကြည့်ရှု ကြသည်။
ဆက်လက်၍ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် ကိုရီးယားသမ္မတနိုင်ငံရှိ Seung-Jin Training Center ၌ ကျင်းပသော Republic of Korea Army Capital Mechanized Infantry Division ပစ်ခတ်စဉ် လေ့ကျင့်ခန်း အား ကြည့်ရှုလေ့လာသည်။
ပစ်ခတ်စဉ်တွင် ကိုရီးယားတပ်မတော် အမှတ်(၃)တပ်တော်၊ အမှတ်(၇) ယန္တရားတပ်မမှ တင့်ကားများ၊ သံချပ်ကာ ယာဉ်များနှင့် ရဟတ်ယာဉ်တို့က ကျည်စစ်ကျည်မှန်များဖြင့် ပစ်ခတ်မှု စွမ်းရည်ပြ ဆောင်ရွက် ခဲ့ကြသည်။
ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့သည် စက်တင်ဘာ ၁၀ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲတွင် Panmunjieom DMZ (Demilitarize Zone) နှင့် ဒိုရာ Camp သို့ သွားရောက် ကြည့်ရှုလေ့လာ ကြသည်။
မွန်းလွဲပိုင်းတွင် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့အား ကိုရီးယားသမ္မတနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယကာကွယ်ရေး ဝန်ကြီး H.E. Mr. Hwang In MOO နှင့် တာဝန်ရှိသူများက နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။
ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့သည် စက်တင်ဘာ ၁၀ ရက် ဒေသစံတော်ချိန် ညနေ ၆နာရီ ၄၅ မိနစ်တွင် ကိုရီးယားသမ္မတနိုင်ငံမှ လေကြောင်းခရီးဖြင့် ထွက်ခွာပြီး ရန်ကုန် လေဆိပ်သို့ ရောက်ရှိကြရာ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးဇော် သိန်းနှင့် တပ်မတော်အရာရှိကြီးများ၊ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက် ကြသည်။

No comments:

Post a Comment