Monday, September 19, 2016

လေသာတောင် (ခေါ်) ကနေဒီတောင်တန်းဒေသအား သဘာဝနယ်မြေများ အစီအစဉ်တွင် ထည့်သွင်းဆောင်ရွက်မည်

နေပြည်တော် စက်တင်ဘာ ၁၉
ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်းရှိ လေသာတောင် (ခေါ်) ကနေဒီတောင် တန်းဒေသအား ကွင်းဆင်းတိုင်းတာရေး ဆောင်ရွက်ပြီး သဘာဝနယ်မြေဖွဲ့စည်းနိုင်မည့် အလားအလာများအပေါ်သုံးသပ်၍ အဆိုပြုသတ်မှတ်ဖွဲ့စည်းမည့် သဘာဝ နယ်မြေများ အစီအစဉ်တွင် ထပ်မံထည့်သွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း က ဖြေကြားသည်။

ယနေ့ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၃၃ ရက်မြောက်နေ့တွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၆) မှ ဦးကျင့်ခန့်ပေါင်၏ “ချင်းပြည်နယ် တီးတိန်မြို့နယ် လေသာတောင်တန်းကို သဘာဝဘေးမဲ့တောအဖြစ် သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ထိုသို့  ဖြေကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက တီးတိန်မြို့နယ်ရှိ ကနေဒီတောင် (ခေါ်) လေသာတောင်၏ တောရိုင်းတိရစ္ဆာန်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့စေရန် ထိန်းသိမ်းကာကွယ်ရေးအတွက် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေအရ သဘာဝနယ်မြေ အမျိုးအစားတစ်ခုအဖြစ်သို့ သတ်မှတ် ဖွဲ့စည်းနိုင်ရေးအတွက် ယင်းဒေသပတ်ဝန်းကျင်တွင် နေထိုင်ကြသော ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုနှင့် သဘော ထားဆန္ဒ၊ ပြည်နယ် အစိုးရအဖွဲ့ သဘောထားတို့ကိုရယူပြီး ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးခင်ဇော်ဦး၏ “မွန်ပြည်နယ် ကျိုက်မရော မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများ၌ တာဝန်ထမ်းဆောင်နေသည့် ပညာရေးဝန်ထမ်းများ၏ ၀န်ထမ်းအိမ်ရာများကို နယ်စပ်ရေးရာဝန်ကြီးဌာန၏ ဖွံ့ဖြိုးရေးရန်ပုံငွေမှ ဆောက်လုပ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်နိုင်ခြင်းရှိ/မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ပညာရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ် များက လိုအပ်ချက်ရှိသဖြင့် တင်ပြလာမှုအရ သော်လည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၏ တင်ပြလာမှုအရ သော်လည်းကောင်း ၀န်ထမ်းအိမ်ရာများကို ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ခွင့်ပြုရန်ပုံငွေရရှိရန် တင်ပြ တောင်းခံပေးလျက်ရှိရာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် အိမ်ရာ ၅၅ လုံးအတွက် ငွေကျပ် (၁၈၉၀ ဒသမ ၆၀၀) သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ခြောက်ခန်းတွဲလေးထပ် ၁၁ လုံးအတွက် ငွေကျပ် (၈၂၆၅ ဒသမ ၄၀၀) သန်း စုစုပေါင်း ငွေကျပ်သန်းပေါင်း (၁၀၁၅၆ ဒသမ ၀၀) သန်း ရန်ပုံငွေခွင့်ပြုချက် ရရှိခဲ့ပြီးဖြစ်ကြောင်း။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် စနစ်တကျ ကွင်းဆင်းလေ့လာဆန်းစစ်ပြီး တွေ့ရှိချက် အပေါ်မူတည်၍ အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့၏ သဘောထားမှတ်ချက်ရယူ၍ ဦးစားပေးအဆင့် သတ်မှတ်ကာ ရန်ပုံငွေတင်ပြတောင်းခံ သွားမည်ဖြစ်ကြောင်းနှင့် ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ဖြေကြားသည်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၄) မှ ဦးကျော်ကျော်၏ “လွှစက်များကြောင့် သဘာဝသစ်တော သယံဇာတများ လုံးဝပြုန်းတီးပျက်စီး သွားနိုင်သဖြင့် အဆိုပါလွှစက်များအား စနစ်တကျထိန်းချုပ်သွားရန် အစီအစဉ်ရှိ/မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက တရားမ၀င်သစ်ခုတ်လှဲ ခိုးယူမှုများကို ထိရောက်စွာကာကွယ် နိုင်ရန် လက်ကိုင်လွှစက်များ တင်သွင်းခြင်းကို ကြပ်မတ်ထိန်းချုပ်ခြင်း၊ ဖြန့်ဖြူးရောင်းချရာတွင် တရားဝင်သစ်ထုတ်ကုမ္ပဏီ၊ တရားဝင် သစ်အခြေခံစက်မှုလုပ်ငန်း လုပ်ကိုင်သူ၊ ကိုင်ဆောင်ရန်လိုအပ်သည့် ဌာနဆိုင်ရာနှင့် အဖွဲ့အစည်းများအတွက် ၀ယ်ယူခွင့်အား သစ်တောဦးစီးဌာနမှစိစစ်၍ အရောင်းဆိုင်များထံ အကြောင်းကြားထိန်းချုပ်ဆောင်ရွက် လျက်ရှိပါကြောင်း။
နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များထံ သစ်တောဦးစီးဌာနမှတင်ပြ၍ ဆက်စပ်ဌာနများ ဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ မြန်မာ့သစ်လုပ်ငန်းတို့နှင့် သစ်တောဦး စီးဌာနတို့ ပေါင်းစပ်ညှိနှိုင်း၍ ခရိုင်နှင့် မြို့နယ်အဆင့် လက်ကိုင်လွှစက်စစ်ဆေး ကြီးကြပ်ရေးကော်မတီများ ဖွဲ့စည်းခြင်း၊ စစ်ဆေးကြီးကြပ်ခြင်း၊ အရေးယူဆောင်ရွက် ခြင်းလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။
ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ဦးဂျေယောဝူ၏ “ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် အရှေ့ခြမ်းဖြစ်သော မြန်မာ-တရုတ် နယ်စပ်ကျောက်တိုင် အမှတ် ၃၀-၃၁-၃၅-၄၁ များမှ တရားမ၀င် သစ်ခိုးထုတ်နေမှုများနှင့်စပ်လျဉ်း၍ အရေးယူဆောင် ရွက်ခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများအား သိလိုကြောင်း” မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက သစ်တောဦးစီးဌာနအနေဖြင့် ကချင်ပြည်နယ်အတွင်း တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်းပြီး ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အထိ တရားမ၀င်သစ် စုစုပေါင်း (၂၆၂၃၃ ဒသမ ၂၃၇၂) တန်ကို တရားခံနိုင်ငံသား ၈၆၁ ဦး၊ နိုင်ငံခြားသား ၁၇၆ ဦး၊ ယာဉ်ယန္တရား ၁၅၉၈ စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင်လည်း ကချင်ပြည်နယ်အတွင်း တရားမ၀င်သစ် စုစုပေါင်း (၁၉၃၉ ဒသမ ၈၆၁၃) တန်ကို တရာခံနိုင်ငံသား ၁၁၇ ဦး၊ ယာဉ်ယန္တရား ၁၀၄ စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း။
ကချင်ပြည်နယ်အတွင်း တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် မြို့နယ်များအနေဖြင့် ရာသီဥတုဆိုးရွားမှုနှင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် နယ်စပ် ဒေသများတွင် တရားမ၀င်သစ်ခုတ်ခြင်း၊ နယ်စပ်ဖြတ်ကျော် သယ်ဆောင် ခြင်းများ မရှိစေရေးဆောင်ရွက်ရာတွင် အခက်အခဲများရှိသော်လည်း တရားမ၀င် သစ်ခိုးထုတ်မှုများ မရှိစေရေးအတွက် တပ်မတော်စစ်ကြောင်းများမှလည်း နယ်မြေလှုပ်ရှားမှုများ ပြုလုပ်ခြင်း၊ တရားမ၀င်သစ်ခိုးထုတ်ခြင်း၊ နယ်စပ်ဖြတ် ကျော်သယ်ဆောင်ခြင်းများ မရှိစေရေးအတွက် ဒေသခံပြည်သူများထံ သတင်းစုံစမ်း ခြင်း၊ သတင်းရရှိပါကလည်း တပ်မတော်၊ နယ်မြေခံရဲတပ်ဖွဲ့၊ သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် အလေးထားကြပ်မတ် ဆောင်ရွက်လျက်ရှိ ကြောင်း။

တရားမ၀င်သစ်များ ဖမ်းဆီးရမိပါက ပါဝင်ပတ်သက်သူများကို ဥပဒေနှင့်အညီ စစ်ဆေးအရေးယူ ဆောင်ရွက်သွား မည်ဖြစ်ပြီး သစ်များခိုးထုတ်သယ်ဆောင်သည့် ယာဉ်များသည် တရားမ၀င် ၀င်ရောက်သယ်ယူ ပို့ဆောင်နေခြင်း ဖြစ်သည့်အပြင် အဆိုပါ နယ်စပ်နေရာများတွင် တရားဝင်နယ်စပ်ကုန်သွယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိခြင်း မရှိသည့် အတွက်ကြောင့် နိုင်ငံတော်အနေဖြင့် ယာဉ်ဝင်ထွက်စာရင်းများ ကောက်ခံခြင်း၊ အခွန်ဘဏ္ဍာကောက်ခံခြင်းများ မရှိပါ ကြောင်း ဖြေကြားသည်။ 

No comments:

Post a Comment