Friday, September 2, 2016

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ၊ ဒုတိယပုံမှန်အစည်းအဝေး (၂၅) ရက်မြောက်နေ့ ဆက်လက်ကျင်းပ


နေပြည်တော် စက်တင်ဘာ ၂

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်၊ ဒုတိယပုံမှန်အစည်းအဝေး(၂၅)ရက်မြောက် နေ့ကို ယနေ့နံနက်ပိုင်းတွင် ဆက်လက်ကျင်းပရာ သာစည်မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိုး၏ မြို့နယ်စာရင်းစစ်ရုံး များတွင် မြို့နယ်စာရင်းစစ် အရာရှိအဆင့်ကို လက်ထောက်ညွှန်ကြားရေးမှူးအဆင့်သို့ တိုးမြှင့်သတ်မှတ်ပေးရန် အစီအစဉ် ရှိ မရှိ  မေးခွန်းအား ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက ယင်းသို့ တိုးမြှင့်ပေးရန် မဖြစ်နိုင်သေးပါကြောင်း ဖြေကြားသည်။


နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေကို လိုငွေပြဘတ်ဂျက်မှ ညီမျှခြေဘတ်ဂျက်သို့ ရောက်စေရန် ဦးတည်ဆောင်ရွက် နေပြီး ကုန်ကျစရိတ်များကို ခြိုးခြံချွေတာနေသည့် အတွက်ကြောင့်လည်းကောင်း ၊ ပြည်ထောင်စုအဆင့်တွင်ပင် ၀န်ကြီးဌာနများအချို့ ပေါင်းစပ်ခြင်းအပြင် များပြားသော အလုပ်ဝတ္တရားများကိုပင် ဒုတိယ၀န်ကြီးများ မခန့် အပ်တော့ဘဲ ကျစ်လစ်သိပ်သည်းစွာဖြင့် နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေ အနည်းဆုံးဖြင့် အကောင်းဆုံး လုပ်ငန်း စွမ်းဆောင်ရည် ရရှိစေရန် ဆောင်ရွက်နေသည့်အတွက် ကြောင့်လည်းကောင်း ၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေပုဒ်မ ၃၄ ပါ စာရင်းစစ်ရုံး အဆင့်ဆင့်ရှိ စာရင်းစစ်အရာရှိများ၏ တာဝန်ဝတ္တရားများကို စွမ်းဆောင်ရည်ပြည့်ဝစွာ လုပ်ကိုင်ဆောင်ရွက်ရန်သာ ပဓာနကျသည့်အတွက် လည်းကောင်း၊ လွှတ်တော်ကိုယ် စားလှယ်တင်ပြလာသည့် မြို့နယ် စာရင်းစစ်ရုံးများတွင် မြို့နယ်စာရင်း စစ်အရာရှိမှ လက်ထောက် ညွှန်ကြားရေးမှူး ရာထူးသို့ တိုးမြှင့်ပေးရန် မဖြစ်နိုင်သေးပါကြောင်းကို ပြည်ထောင်စု စာရင်းစစ်ချုပ်က ရှင်းလင်းဖြေကြားသည်။

သံတွဲမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးမင်းကြည်၏ သံတွဲမြို့နယ်ရှိ သူဋ္ဌေးရေအားလျှပ်စစ်စီမံကိန်းကို မည်သည့်ကာလတွင် ပြီးစီးအောင်ဆောင်ရွက်ပေး မည်ကို သိလိုခြင်း မေးခွန်းကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက သူဋ္ဌေးရေအားလျှပ်စစ်စီမံကိန်း၏ လျာထားလုပ်ငန်းအစီအစဉ်ပါ အတိုင်း နှစ်စဉ် ရန်ပုံငွေပြည့်ဝစွာ ရရှိနိုင်မှသာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်ကုန်တွင် စီမံကိန်းပြီးစီးနိုင်မည်ဖြစ်ကြောင်း ၊ ၎င်းနောက် စီမံကိန်းမှထွက်ရှိမည့် လျှပ်စစ်ဓာတ်အား ကို မဟာဓာတ်အားလိုင်းသို့ ပို့လွှတ်၍ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အတွက် စတင်အသုံးပြု နိုင်မည်ဖြစ်ကြောင်း ဖြေကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ၊ကျောက်တံတားမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထက်၏ ၂၀၁၇ ခုနှစ် နွေရာသီကာလတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မရှိစေရန်နှင့် လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိနိုင်ရေးအတွက် မည်သို့စီစဉ် ဆောင်ရွက်ထားသည်ကို သိလိုခြင်း မေးခွန်းကို ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက ၂၀၁၇ ခုနှစ် နွေရာသီကာလတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမရှိစေရန်နှင့် လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိနိုင်ရေးအတွက် စုစုပေါင်း တပ်ဆင်အင်အား (၃၉၀) မဂ္ဂါဝပ် တိုးတက်ရရှိရန် စီမံဆောင်ရွက်ထားပါကြောင်းနှင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု လျော့နည်းစေရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များ အလိုက် ရှုပ်ထွေးဆားဗစ်ကြိုးများ ရှင်းလင်းခြင်း၊ ဟောင်းနွမ်းနေသည့် ဆားဗစ်ကြိုးများ လဲလှယ်ခြင်း၊ ၀န်အားပိုနေသော ထရန်စဖော်မာများ လှဲလှယ်တပ်ဆင်ခြင်း၊ ထရန်စဖော်မာ ထိန်းသိမ်းပြုပြင်ခြင်းနှင့် ဓာတ်အားလိုင်းတိုင်များ အစားထိုးလဲလှယ်/ ပြန်လည်တည့်မတ်ခြင်းများကိုလည်း အချိန်နှင့်တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း ဖြေကြားသည်။

ဟုမ္မလင်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွန့်က ဟုမ္မလင်းမြို့ နယ်အတွင်းရှိ နမ့်ပန်းငါးချောင်း အား အသုံးပြု၍ အသေးစားရေအား လျှပ်စစ်ထုတ်သော စက်ရုံအား ၂၀၁၇ -၂၀၁၈ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းတွင် ထည့်သွင်းပေးနိုင် ခြင်း ရှိ မရှိ မေးခွန်းကို ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့၏ဖြေကြားချက်နှင့်အတူ ပေါင်းစပ်ဖြေကြားရာတွင် ဟုမ္မလင်းမြို့နယ်၊ နမ့်မာလုံ ချောင်းတွင် (၆၀၀) ကီလိုဝပ် ထွက်ရှိမည့် အသေးစားရေအား လျှပ်စစ်စက်ရုံအား ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေး နှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိခြင်း၊ စီမံကိန်း (၂) ရပ်အား တစ်ပြိုင်တည်း ဆောင်ရွက်ရန် ရန်ပုံငွေလုံလောက်မှု မရှိခြင်း၊ နမ့်ပန်းငါးချောင်းကို အသုံးပြု၍ အသေးစားရေအား လျှပ်စစ် ထုတ်သော စက်ရုံအား ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် အမျိုးသား စီမံကိန်းတွင် ထည့်သွင်းပေးနိုင်ခြင်း မရှိခြင်း တို့ကြောင့် နောင်လာမည့် ဘတ်ဂျက်နှစ်များတွင် စီမံကိန်းအကောင်အထည်ဖော်ရေး အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်းပေးသွားမည်ဖြစ်ကြောင်းနှင့် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်သောအခါ ဤ၀န်ကြီးဌာနမှ နည်းပညာဆိုင်ရာများ ပံ့ပိုးကူညီပေးသွားမည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။


ယနေ့အစည်းအဝေးတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ တင်သွင်းသည့် ဥပဒေ ဘာသာပြန်ကော်မရှင် ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်မရှိ အတည်ပြုရန် လွှတ်တော်၏ သဘောထားကို ရယူပြီး လွှတ်တော်ဥက္ကဋ္ဌက အတည်ပြုကြောင်းနှင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။ 

No comments:

Post a Comment