Friday, September 2, 2016

အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၅ ရက်မြောက်နေ့ကျင်းပ


နေပြည်တော် စက်တင်ဘာ  ၂

အရေးပေါ်စီမံမှုအက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေကြမ်းနှင့်စပ်လျဉ်းသည့် အစီရင်ခံစာကို ယနေ့ကျင်းပသည့် အမျိုးသားလွှတ်တော်စည်းအဝေး ၂၅ ရက်မြောက် နေ့တွင် ဥပဒေကြမ်းကော်မတီဝင် ဦးသိန်းလွင်က လွှတ်တော်သို့ ဖတ်ကြားတင်သွင်းသည်။


ယင်းဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်မရှိ အတည်ပြုပြီး ပေးပို့လာသည့်အတွက် အမျိုးသား လွှတ်တော်တွင် ဆွေးနွေးနိုင်ရန် ဥပဒေကြမ်း ကော်မတီက အစီရင်ခံစာတင်သွင်းခဲ့ခြင်းဖြစ်သည်။

အစီရင်ခံစာတင်သွင်းရာတွင် ဥပဒေကြမ်းကော်မတီဝင် ဦးသိန်းလွင်က ယင်းရုပ် သိမ်းသည့်ဥပဒေကြမ်းအား လေ့လာစိစစ်ရာတွင် ပြည်သူ့လွှတ်တော်၏ အတည်ပြု ချက်ကို ဆက်လက်အတည်ပြုဆောင်ရွက်သင့်သည်ဟု လေ့လာတွေ့ရှိရကြောင်း၊ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ်ခင်မောင်အေးက ဤဥပဒေသည် လတ်တလော အခြေအနေများအရ ရုပ်သိမ်းရန် မသင့်သေးကြောင်းနှင့် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ လုံခြုံရေးနှင့် အကျိုးစီးပွားကို အကာကွယ်ပေးနိုင်မည့် ဥပဒေအသစ်တစ်ရပ် ရေးဆွဲပြဋ္ဌာန်းပြီးမှသာ ယခု ဥပဒေကို ရုပ်သိမ်းသင့်ကြောင်း အကြံပြုဆွေးနွေးခဲ့ထား သည်ဟု ထည့်သွင်းတင်ပြခဲ့သည်။

ယင်းရုပ်သိမ်းသည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ၏ အမည် စာရင်းကို အမျိုးသားလွှတ်တော်ရုံး ညွှန်ကြားရေးမှူး ချုပ်ထံ တင်သွင်းနိုင်ကြောင်း ကြေညာထားသည်။

အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်၏ ရခိုင် ပြည်နယ် ကျောက်တော်မြို့ပေါ်ရှိ အခြေခံပညာထက်တန်းကျောင်း(ခွဲ) မြို့မ ကျောင်းအား (၂၀၀ × ၃၀ × ၂၅)ပေ နှစ်ထပ် RC ကျောင်းဆောင်သစ်ဆောက် လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက လက်ရှိအခြေအနေအရ မြို့မအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)ရှိ စာသင်ခန်းနှင့် ကျောင်းသားအချိုးမှာ မူလတန်းအဆင့်တွင် ၁ အချိုး ၄၅၊ အလယ် တန်းအဆင့်တွင် ၁ အချိုး ၃၈၊ အထက်တန်းအဆင့်တွင် ၁ အချိုး ၄၅ ဖြစ်သဖြင့်  စာသင်ခန်းနှင့် ကျောင်းသားအရေအတွက်မှာ လုံလောက်မှု ရှိပါကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ကျောင်းဆောင်သစ်ဆောက်လုပ်ပေးရန် အဆောက်အဦများ စိစစ်ချိန်တွင် ဦးစားပေး အစီအစဉ်အရ ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

ထို့ပြင် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးခင်အောင်မြင့် တင်သွင်းထားသည့် တိုင်းရင်းသား မျိုးနွယ်စုများအတွက် စာမတတ်သူပပျောက်ရေး၊ အဆင့်မြင့်ပညာများ သင်ကြားနိုင်ရေးနှင့် တိုင်းရင်းသားစာပေ ထွန်းကားရေးတို့ကို အထူးစီမံကိန်းချမှတ်၍ စဉ်ဆက်မပြတ်အားပေးမြှင့်တင်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် ၂ ဦး ဆွေးနွေးကြ သည်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဝေစိန်အောင်က မြန်မာနိုင်ငံတွင် တိုင်းရင်းသားဘာသာစကားဖြင့် စာပေသင်ကြားနိုင်ရေးသည် နိုင်ငံရေးအရသော် လည်းကောင်း၊ ပညာရေးအရသော်လည်းကောင်း အလေးထား ဆောင်ရွက်ရမည့် ကိစ္စဖြစ်ပါကြောင်း၊ ပညာခေတ်တွင် ပညာဖြင့် အသက်မွေးကြရပါကြောင်း၊ ပညာတတ်မှ အကောင်း၊ အဆိုး ဝေဖန်နိုင်မည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားများ အတွက် မိခင်ဘာသာစကားကို အခြေပြုဆောင်ရွက်မှသာ ပညာရေး ရည်မှန်းချက် အောင်မြင်နိုင်မည် ဖြစ်ပါကြောင်း ဆွေးနွေးသည်။

ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးစိုင်းသန်းနိုင်က ကမ္ဘာပေါ်တွင် စာတတ်မြောက်မှုနှုန်းမြင့်မားသည့် နိုင်ငံများသည် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက် မှုရှိနေပါကြောင်း၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်က တိုင်းပြည်အုပ်ချုပ် ရေးစနစ်များအနက် ဒီမိုကရေစီစနစ်သည် အခက်ဆုံးဖြစ်ကြောင်း၊ ဒီမိုကရေစီ အောင်မြင်ရန် ပြည်သူပြည်သားတို့၏ အသိဉာဏ်ပညာနှင့် ဆင်ခြင်တုံတရား လုံလောက် အောင်ရှိကြ ရမည်ဖြစ်ကြောင်း၊ အသိဉာဏ်ပညာကင်းမဲ့သောနိုင်ငံတွင် ဒီမိုကရေစီစနစ် သည် ဗရုတ်သုတ်ခကိုသာ ဖြစ်စေလိမ့်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မဲဆန္ဒရှင်တိုင်း ပညာတတ်ကြရမည်ဖြစ်ကြောင်း၊ ဆင်ခြင်တုံတရားကို သုံးနိုင်ကြရမည်ဖြစ်ကြောင်း၊ ပညာသည် နိုင်ငံရေးအခြေခံအစစ်ဖြစ်ကြောင်း ဆိုထားပါကြောင်း၊ ထို့ကြောင့် ပညာရေး အတွက် လိုအပ်ချက်များစွာ ရှိနေသေးသည့် တိုင်းရင်းသားမျိုးနွယ်စုများအတွက် စာမတတ်သူ ပပျောက်ရေး လုပ်ငန်းစဉ်ကို အထူးကိစ္စရပ်အနေဖြင့် ဆောင်ရွက်သင့်ပြီဖြစ် ပါကြောင်း ဆွေးနွေးသည်။


အမျိုးသား လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၅ ရက်မြောက်နေ့ကို ရပ်နားလိုက်သည်။ 

No comments:

Post a Comment