Friday, September 2, 2016

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံ တတိယနေ့ ဆက်လက်ကျင်းပ



နေပြည်တော် စက်တင်ဘာ ၂

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံ တတိယနေ့ကို ယနေ့နံနက်(၉) နာရီတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌ ဆက်လက်ကျင်းပသည်။


အစည်းအဝေး သဘာပတိများအဖြစ် နိုင်ငံရေး ပါတီကိုယ်စားလှယ် ဦးသုဝေ၊ အစိုးရကိုယ်စားလှယ် ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဝင်းမြတ်အေး၊ တပ်မတော် ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းကိုယ်စားလှယ် ဗိုလ်မှူးချုပ်ဘောင်ခေးနှင့် လွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုန်း ခါးနော်ဆမ် တို့က ဆောင်ရွက်ကြသည်။

သဘာပတိအဖွဲ့ဝင် နိုင်ငံရေးပါတီ ကိုယ်စားလှယ် ဦးသုဝေက မိမိတို့ ကြမ္မာ မိမိတို့ကိုယ်တိုင် ဖန်တီးဆုံးဖြတ်ခွင့် အာဏာခွဲဝေပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ကြရရန် မိမိတို့အားလုံးက မျှော်မှန်းသဘော တူညီကြ ပါကြောင်း၊ အဆိုပါ မျှော်မှန်းချက်ကို လျှောက်လှမ်းသည့် လမ်းကြောင်းတွင် ကွဲပြားမှုများ ရှိပါကြောင်း၊ ထိုသို့ ဖြစ်ရသည်မှာလည်း မိမိတို့၏ ရပ်တည်ချက်နှင့် တွေးခေါ်မှု ခြားနားသည့် အတွက်ကြောင့် ဖြစ်ပါကြောင်း၊ မျှော်မှန်းချက်ပန်းတိုင် တူညီသည့်အတွက် ယခုလမ်းကြောင်းကို စိတ်ရှည် သည်းခံ၍ နားလည်မှုရှိရှိ ဆွေးနွေး ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။

ဝိုင်းဝန်းလုပ်ဆောင်ကြမည်

ပြည်သူများနှင့် ညီလာခံသို့ တက်ရောက် လာကြသူများ အနေဖြင့် မိမိတို့ နိုင်ငံကို  သုခဘုံ တည်ဆောက်နိုင်ရန် ကြိုးစားကြရမည် ဖြစ်ပါကြောင်း၊ တိုင်းပြည် ငြိမ်းချမ်းသာယာ၍ ဖွံ့ဖြိုးတိုးတက်အောင် အားလုံးက ၀ိုင်းဝန်း လုပ်ဆောင်ကြမည်ကို ယုံမှား သယံဇာတ မရှိပါကြောင်း ပြောကြားသည်။

တတိယနေ့နံနက်ပိုင်း အစည်းအဝေးတွင် အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များက သဘောထား အမြင်များကို တင်ပြကြသည်။

တပ်မတော်မှ ဗိုလ်မှူးကြီး မင်းဦးက မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုးပေါင်းစုံ အနေဖြင့် သွေးစည်းညီညွတ်မှုကို ဦးစားပေး တည်ဆောက်နိုင်ပါမှ ကမ္ဘာ့အလယ်တွင် ဂုဏ်ရှိစွာဖြင့် အဓွန့်ရှည် ရပ်တည်နိုင်မည် ဖြစ်ပါကြောင်း၊ အုပ်ချုပ်သူ အစိုးရအတွက် လုပ်ပိုင်ခွင့် အာဏာရှိမှာသာ လူအများကို ထိန်းချုပ်နိုင်မည်ဖြစ်ပါကြောင်း၊ သို့မှသာ အခြား အဖွဲ့အစည်းများ၏ သြဇာအာဏာ သက်ရောက်မှုမှ လွတ်ကင်း၍ အချုပ်ခြာအာဏာ တည်တံ့နိုင်မည် ဖြစ်ပါကြောင်း။  

ပြည်ထောင်စု တပ်မတော်

ကမ္ဘာ့နိုင်ငံ အသီးသီးတွင်လည်း တပ်မတော် တစ်ရပ်သာ ရှိပါကြောင်း၊ မိမိတို့ တပ်မတော်သည် ပြည်သူထဲမှ ပေါက်ဖွားလာသည့် တပ်မတော်ဖြစ်ပြီး တိုင်းရင်းသား ပေါင်းစုံ ပါဝင်သော တစ်ခုတည်းသော ပြည်ထောင်စု တပ်မတော် ဖြစ်ပါကြောင်း၊ နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များ နှင့်အညီ စစ်ပညာသင်ကြားခြင်း၍ နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်ကြရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော် ကာကွယ်ရေး အတွက် စစ်မှုထမ်းဆောင်မည့် မည်သည့် တိုင်းရင်းသားမဆို စစ်မှုထမ်း စည်းမျဉ်း၊ စည်းကမ်းနှင့်အညီ တစ်ဦးချင်း ဆန္ဒအရ ပါဝင်ဆောင်ရွက်ခြင်းကို အမြဲကြိုဆို လျက်ရှိပါ ကြောင်း ဆွေးနွေးသည်။

မွန်ပြည်သစ်ပါတီ(NMSP)မှ နိုင်ဟံသာ က ဖက်ဒရယ် ပြည်ထောင်စု၏ အမည်ကို ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံ ဟု ခေါ်ဆိုရာတွင် မြန်မာနိုင်ငံ၊ ဗမာနိုင်ငံ၊ အင်္ဂလိပ်ဘာသာ စကားဖြင့် ဘားမား (သို့မဟုတ်) မြန်မာဟူ၍ ခေါ်ဆိုခြင်းသည် ပြည်ထောင်စုနိုင်ငံ အတွင်းနေထိုင်လာခဲ့ကြသည့် တိုင်းရင်းသား လူမျိုးများအနက် လူမျိုး တစ်မျိုးဖြစ်သည့် ဗမာ အမျိုးသားများကိုသာ ရည်ညွှန်းနေပါကြောင်း၊ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရာတွင် နိုင်ငံအတွင်းရှိ တိုင်းရင်းသား လူမျိုးများ၏ တန်းတူညီမျှမှုကို ဖော်ဆောင်နိုင်ရန် တိုင်းရင်းသားလူမျိုးများအား ကိုယ်စား ပြုနိုင်မည့် အမည်နာမ အသစ်တစ်ခုကို ဆွေးနွေးသတ်မှတ်သင့်ပါကြောင်း။

ဥပဒေပြုအာဏာ ညီတူညီမျှ

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုလွတ်တော်ကို အမျိုးသားလွတ်တော်နှင့် ပြည်သူ့ လွတ်တော် ဟူသည့် လွတ်တော်နှစ်ရပ်ဖြင့် ဖွဲ့စည်းရမည် ဖြစ်ပါကြောင်း၊ အမျိုးသား လွတ်တော်နှင့် ပြည်သူ့လွတ်တော် တို့သည် ဥပဒေပြုအာဏာ ညီတူညီမျှ ရှိရမည်ဖြစ်ပါ ကြောင်း၊အဆိုပြုလာသော ဥပဒေတစ်ရပ်ရပ်ကို လွတ်တော်တစ်ရပ်စီမှ လွတ်လပ်စွာ သီး ခြားမဲပေးဆုံးဖြတ် ရမည်ဖြစ်ကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုလွတ်တော် အစည်းအဝေးကို ပြဌာန်းထားသော လုပ်ထုံးလုပ်နည်းနှင့်အညီ ကျင်းပရမည် ဖြစ်ပါ ကြောင်း၊ မဲပေးဆုံးဖြတ်ရန် လိုအပ်ပါက အမျိုးသားလွတ်တော်နှင့် ပြည်သူ့လွတ်တော် ထက်ဝက်ကျော် ဆန္ဒမဲရှိရမည်ဖြစ်ပါကြောင်း၊ အမျိုးသား လွတ်တော်နှင့် ပြည်သူ့လွတ်တော် တို့သည် ဥပဒေပြုရေးတွင် အထောက်အကူပြုမည့် လိုအပ်သော ကော်မတီများကို လွတ်တော်ကိုယ်စားလှယ်များအတွင်းမှ ဖွဲ့စည်းပြီး လုပ်ထုံးလုပ်နည်းများကို ရေးဆွဲပြဌာန်း ပေးရမည် ဖြစ်ပါကြောင်း၊ လွတ်တော် တစ်ရပ်ရပ်က အတည်ပြုပြီးသော ဥပဒေကြမ်း တစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းကို အခြားလွတ်တော်မှ အတည်ပြုနိုင်ခြင်းမရှိပါက လွတ်တော်၂ရပ်မှ ကိုယ်စားလှယ်များဖြင့် ပူးတွဲညှိုနှိုင်းရေးဆွဲရေးကော်မတီကို ဖွဲ့စည်း ညှိနှိုင်း အဖြေရှာရမည်ဖြစ်ကြောင်း ဆွေးနွေးသည်။

အားလုံး ပါဝင်နိုင်ရေးမှု

ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီမှ ဦးထွန်းနိုင် က ကိုးကန့်ဒေသ စစ်ဘေး စစ်ဒဏ်များ၏ အကျိုးဆက်ကို ယနေ့ထိ ခံစားနေရပါကြောင်း၊ ရေငတ်နေသူကဲ့သို့ ကိုးကန့် တိုင်းရင်းသားများသည် ငြိမ်းချမ်းရေးကို အထူး လိုလားလျှက် ရှိနေကြပါကြောင်း၊ တောင် ပေါ် ဒေသနေ တိုင်းရင်းသားများ၏ အကျိုးစီးပွားအပြင် မြေပြန့်ဒေသနေ ဗမာတိုင်းရင်းသား ညီအစ်ကိုများ၏ အကျိုးများကို အလေးထား ဆောင်ရွက်ပေးရန် အကြံပြုလိုပါကြောင်း၊ ဥပမာအားဖြင့် အခြေခံလူတန်းစားများ၏ အကျိုးကို လစ်လျူရှုမိသဖြင့် ၈၈ အရေးအခင်းမျိုး ထပ်မံဖြစ်ပွားပါက လက်ရှိဖော်ဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက်လာနိုင် ပါကြောင်း၊ ထို့ပြင် လက်ရှိ ဖော်ဆောင်နေသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၏ ရည်ရွယ်ချက်တွင် အားလုံး ပါဝင်နိုင်ရေးမှုအရ နောင်ကျင်းပမည့် အစည်းအဝေးတွင် ကျန် အဖွဲ့(၃)ဖွဲ့ဖြစ်သည့် ရခိုင်၊ တအာင်း၊ ကိုးကန့် တို့ ပါဝင်လာစေရေး အတွက် ဆန္ဒပြုလိုပါ ကြောင်း ဆွေးနွေးသည်။

တပ်မတော်မှ ဒုတိယဗိုလ်မှူးကြီးဇော်ဦး က  ငြိမ်းချမ်းရေးလုပ်ငန်းများ အကောင်ထည်ဖော် ဆောင်ရွက်ရာတွင် လက်နက်ကိုင် အဖွဲ့အစည်းများသည် နိုင်ငံရေး အာမခံချက်များနှင့် ကြိုတင်သတ်မှတ်ချက်များကို အလွန်အကျွံ တောင်းဆိုနေခြင်း၊ တရားမ၀င်ရယူထားသည့် အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှု၊ စီးပွားရေး အခွင့်အလမ်းများကို တရားဝင် အသိအမှတ်ပြုရန် တောင်းဆိုနေခြင်းများသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အတွက် အဓိက နှောင့်နှေးကြန့်ကြာမှု တစ်ခုဖြစ်ပါကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီ အဖွဲ့အစည်းများ အနေဖြင့် မိမိတို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် ရာတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှ လမ်းဖွင့်ပေးထားသည့် နိုင်ငံရေး လမ်းကြောင်းနှင့် ပြည်သူလူထုက ရွေးချယ်ထားသည့် ပါတီစုံဒီိမိုကရေစီ လမ်းကြောင်း အတိုင်း မှန်ကန်စွာ လျှောက်လှမ်းသွားရမည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။

တန်းတူရည်တူအခွင့်အရေး

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)မှ ခူဦးရယ် က မတူကွဲပြားသော တိုင်းရင်းသား မျိုးစုံနေထိုင်ကြသည့် မြို့နယ်များတွင် ၀ိုင်းကြီးချုပ် စနစ်ကို ကျင့်သုံးသင့်ပါ ကြောင်း၊ ပြည်နယ်များသည် တစ်ခုနှင့် တစ်ခု တန်းတူရည်တူ အခွင့်အရေး ရရှိမည် ဖြစ်ပါကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီ ကြံ့ခိုင်စွာ လည်ပတ်နိုင်ရေးအတွက် ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်များအတွင်း အာဏာရှင်စနစ် မပေါ်ထွန်းလာစေရန် အခွင့်အာဏာကို အလွဲသုံးစားမှု မပြုလုပ်စေရန်အတွက် စောင့်ကြည့် ထောက်ပြဝေဖန်သော လူထု၏ အခွင့် အရေးများကို ကာကွယ်ပေးခြင်း၊ အရေးကြီးသည် ဟု ပြည်နယ်လွှတ်တော်က ဆုံးဖြတ် သည့် ကိစ္စရပ်များတွင် ပြည်သူ့ဆန္ဒ ခံယူပွဲများဖြင့် တိုက်ရိုက် ဒီမိုကရေစီကို ကျင့်သုံးခြင်း၊ ပြည်ထောင်စု အာဏာကို နိုင်ငံခြားရေး၊ ငွေစက္ကူ ထုတ်လုပ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဆက်သွယ်ရေး၊ နိုင်ငံတော်ကာကွယ်ရေး၊ ပြည်ထောင်စုတရားရေးကဏ္ဍ၊ လူမှုဖူလုံရေး၊ စက်မှုလက်မှုလုပ်ငန်း စသည်တို့တွင် ထားရှိရမည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။

တိုင်းလိုင်(ရှမ်းနီ) အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ စိုင်းဌေးအောင် က သမိုင်း အစဉ်အဆက်က ဓားမဦးချ နေထိုင်လာခဲ့ကြသည့် ရှမ်းနီလူမျိုးများသည် မိမိကြမ္မာ မိမိ ဖန်တီးရန်အတွက် ၁၉၇၂ ခုနှစ်တွင် မြေလတ် ရှမ်းပြည်နယ် (ခေါ်) ရှမ်းနီ ပြည်နယ် ရရှိရန် တောင်းဆိုခဲ့ပါကြောင်း၊ ယခုလည်း ရှမ်းနီလူမျိုးများ နေထိုင်ရာ ဒေသများဖြစ်သည့် မြစ်ကြီးနား၊ မိုးညှင်း၊ ဗန်းမော်၊ ခန္တီး၊ တမူး၊ ကလေး၊ မော်လိုက်၊ ကသာ စသည့် ခရိုင်များကို စုပေါင်းပြီး ရှမ်းနီပြည်နယ် သတ်မှတ်ပေးရန် တင်ပြလိုပါကြောင်း၊     မိမိတို့ ရှမ်းနီပါတီ အနေ ဖြင့် ငြိမ်းချမ်းရေး၊ တန်းတူရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတွင် တစ်နိုင်ငံလုံးအနေဖြင့် တန်းတူ ညီတူ ရရှိခံစား စေလိုပါကြောင်း၊ ဖက်ဒရယ် စနစ်ကို ကျင့်သုံးကြသည့် နိုင်ငံများကို လေ့လာ သည့်အခါတွင် နိုင်ငံသားများ၊ လူမျိုးစုများကို ဥပဒေဖြင့် အကာအကွယ် ပေးထားသည့် အပြင် ပြည်နယ် ရသင့်ရထိုက်သော လူမျိုးစုများအတွက် ပြည်နယ်သစ်များမူဘောင် ထည့်သွင်း ပြဋ္ဌာန်းထားကြသည်ကို တွေ့ရှိရပါကြောင်း။

တရားဝင်သတ်မှတ်ပေးရန်

ထို့ကြောင့် တိုင်းလိုင်ပါတီအနေဖြင့် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံ တော်ကြီးကို တည်ဆောက်ရာ တွင် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ရေး အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အသစ်ပြန်လည် ရေးဆွဲခြင်း၊ ပြည်နယ်သစ်များ မူဘောင်ကို ထည့်သွင်း ရေးဆွဲပြဋ္ဌာန်းခြင်းနှင့် လူမျိုး(၁၃၅)မျိုးကို ပြန်လည် သုံးသပ်ပြီး မိမိတို့ရှမ်းနီလူမျိုးအမည်ကို နိုင်ငံတော်က တရားဝင်သတ်မှတ်ပေးရန် တောင်းဆို တိုက်တွန်းပါကြောင်း ဆွေးနွေးသည်။

တပ်မတော်မှ ဗိုလ်မှူးကြီး ဇော်ဝင်းမြင့် က DDR/SSR လုပ်ငန်းစဉ်ကို အမြန် ပြီးပြတ်အောင် ဆောင်ရွက်ရန်နှင့် နိုင်ငံရေး ဆွေးနွေးပွဲနှင့် ငြိမ်းချမ်းရေးညီလာခံများကို ၃ နှစ်မှ ၅ နှစ်အတွင်း ပြီးပြတ်အောင် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊        NCA လက်မှတ် ရေးထိုးပြီးနောက် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များ ဆက်လက်ဆောင်ရွက်ရာတွင် NCA စာချုပ်ပါ အချက်များအတိုင်း တိကျစွာ လိုက်နာ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၀ အရ နိုင်ငံတော်တွင် ပါဝင်သည့် တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ ပြည်ထောင်စုနယ်မြေ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စီရင်စုများသည် နိုင်ငံတော်၏ နယ်မြေအပိုင်းအခြား ဟူသမျှသည် နိုင်ငံတော်မှ မည်သည့် အခါမှ ခွဲမထွက်ရဆိုသည့် အချက်ကို တိကျစွာ လိုက်နာရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေး ဆောင်ရွက်ရာတွင် တပ်မတော်ကို မဏ္ဍိုင်ပြုပြီး တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း ဆွေးနွေး သည်။

ထပ်တူ ဥပဒေပြုပိုင်ခွင့်

ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့(KIO)မှ ဦးဆင်ဝါးက ပြည်ထောင်စုနှင့် ပြည်နယ်များတွင် အမျိုးသား လွှတ်တော်နှင့်  ပြည်နယ်လွှတ်တော် အသီးသီးတို့သည်   မိမိတို့ လွှတ်တော်တစ်ခုချင်းစီအလိုက် ဥပဒေပြုပိုင်ခွင့် အာဏာရှိစေရမည် ဖြစ်ပါကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွင်း ရောင်းဝယ်ခွန်၊ စီးပွားရေး လုပ်ငန်းခွန်၊ အမြတ်ခွန်၊ ယစ်မျိုးခွန် အပါ အ၀င် အကောက်အခွန်ဆိုင်ရာ ကိစ္စရပ်များ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊  မူးယစ် ထုံထိုင်းဘေး ဖြစ်စေတတ်သော ဆေးဝါးများ၊ ဖွားသေစာရင်း မှတ်ပုံတင်ခြင်း၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ် တစ်ခုအတွင်း၌ ကျရောက်သည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု၏ စွမ်းအင် စီမံကိန်းလုပ်ငန်းများ၊ ဖွံ့ဖြိုးရေး စီမံကိန်းကြီးများ၊  ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်တစ်ခုအတွင်း မြေပေါ်မြေအောက် သယံဇာတ တူးဖော်ထုတ်လုပ် ရောင်းချခြင်း၊ နိုင်ငံခြားအစိုးရများနှင့် ကုမ္ပဏီများမှ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်များသို့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ် များ၊ ဒေသဆိုင်ရာ ရေဒီယိုနှင့် ရုပ်မြင်သံကြား လုပ်ငန်းများ၊ ဘဏ်နှင့် အာမခံလုပ်ငန်းများ၊ နေအိမ်၊ ဥပစာ၊ မြေယာ၊ ဖွားသေစာရင်းမှတ်ပုံတင်ခြင်း၊ ပိုင်ဆိုင်မှုလွှဲပြောင်းခြင်း ဆိုင်ရာ ကိစ္စရပ်များ၊ တက္ကသိုလ်နှင့် အသက်မွေးဝမ်းကျောင်း ပညာရေးဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ် တစ်နယ်မှ တစ်နယ်သို့ ဖြတ်သန်းစီးဆင်းလျက်ရှိသော မြစ်များနှင့် ကမ်းရိုးတန်းဆိုင်ရာ စည်းမျဉ်းသတ်မှတ်ချက်များ၊ မီးရထား၊ သင်္ဘော၊ လေယာဉ်ပျံ၊ ဒုက္ခသည်ရေးရာနှင့် နိုင်ငံရေးခိုလှုံခွင့်၊ ရာဇ၀တ်မှုဥပဒေနှင့် တရားမ ကျင့်ထုံးဥပဒေများ၊  ပြည်ထောင်စု ပြည်သူ့ဝန်ထမ်းလေ့ကျင့်ရေး သင်တန်းများ၊ အလုပ်သမားဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များ၊ ကုန်သွယ်ရေး၊ လူဝင်မှု ကြီးကြပ်ရေး၊ ထပ်တူ ဥပဒေပြုအာဏာများတွင် ပြည်နယ်မှ လုပ်ဆောင်နိုင်သည့်အချိန်တွင် ပြည်နယ်များမှ ပြန်လည် ရယူပိုင်ခွင့် ရှိရမည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီမှ ဦးလနန်ဘောက်က   တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီအနေဖြင့်  တိုင်းရင်းသား လူမျိုးများနှင့်စပ်လျဉ်းပြီး ခံယူချက် သဘောထား(၄)ရပ် ချမှတ်ကာ လက်တွေ့ကျင့်သုံးလျက် ရှိပါကြောင်း၊ ၎င်းတို့မှာ တိုင်းရင်းသား လူမျိုးများအတွင်း တန်းတူရည်တူရှိရေး၊ ဒီမိုကရေစီရေး၊ လူမှုစီးပွားဖွံ့ဖြိုးရေး နှင့်အတူ ယဉ်ကျေးမှုဓလေ့ ထုံးတမ်းစဉ်လာများ ထိန်းသိမ်းထွန်းကားရေးတို့အတွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေး၊ လူဦးရေ အနည်းအများ၊ နယ်မြေအကျယ်အ၀န်း မည်သည့် အကြောင်းနှင့်မျှ ကွဲပြားခြားနားမှု မရှိဘဲ လူမျိုးစုများအား လူမျိုး တစ်မျိုးအနေဖြင့် ရှင်သန် ရပ်တည် ပိုင်ခွင့်ရှိရေးနှင့် တိုင်းရင်းသား လူမျိုးများအတွင်း ညီညာသော ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ထွန်းရေးတို့ ဖြစ်ပါကြောင်း၊ မူသဘောထား လေးရပ်သည် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရာတွင် အခြေခံလိုအပ်ချက်များ ဖြစ်ပြီး အဆိုပါအချက်များ ပါဝင်အောင် ညှိနှိုင်း ရေးဆွဲကြမည်ဟု ယုံကြည်ပါကြောင်း၊ ယခု အခြေခံ မူသဘောထားများသည် တိုင်းရင်းသားများ မျှော်မှန်းနေသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်အခြေခံသော ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် တင်ပြခဲ့သည့် သဘောထားများနှင့်အညီ ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။

ပါဝင်သင့်ပါဝင်ထိုက်သူများမှ ဦးမင်းဇင်က နိုင်ငံရေးအရ ပြောရလျှင် ပြည်ထောင်စုကို မည်သည့် မျှော်မှန်းချက်အမြင် Vision မျိုးနှင့် တည်ဆောက် မည်ဆိုသည်ကို ဆွေးနွေးမှု စတင်ကြရမည် ဖြစ်ပါကြောင်း၊ ဘုံသဘောတူညီနိုင်သည့် ကိစ္စအနေဖြင့် ယခုညီလာခံသည် ပဋိပက္ခဖြေရှင်းရင်းနှင့် ပြည်ထောင်စုသစ်ကို ပဋိညာဉ်တစ်ရပ် ရေးဆွဲပြီး တည်ဆောက်ရန် အတွက် ဆွေးနွေးညှိနှိုင်းရေး လမ်းကြောင်းပေါ်မှ ညီလာခံဖြစ်ပါကြောင်း၊ ပဋိညာဉ်ကို လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်ရှိရေး တို့အပေါ် အခြေခံရေးဆွဲရန် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုဆိုင်ရာ မျှော်မှန်းချက် အမြင်သည် ရည်မှန်းချက် နှစ်ရပ်ကို ဖြည့်ဆည်းရမည် ဖြစ်ပါကြောင်း၊ တစ်ခု မှာ နိုင်ငံတော် တည်ဆောက်ရေးဖြစ်ပြီး  နောက်တစ်ခုမှာ ပြည်ထောင်စု လက္ခဏာ တည်ဆောက်ခြင်း ဖြစ်ပါကြောင်း။

အလေးအမြတ်ပြုရမည်

ပါဝင်သင့် ပါဝင်ထိုက်သူများ အနေဖြင့် လက်ရှိအခြေအနေတွင် အယူအဆ တစ်ခုခု ထောက်ခံ တင်ပြခြင်းထက် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား ခေါင်းဆောင် အသီးသီးနှင့် ၄င်းတို့၏ သက်ဆိုင်ရာ ပြည်သူများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ၏ ဆွေးနွေးညှိနှိုင်း အလျှော့အတင်းလုပ်သည်ကို အလေးအမြတ်ပြုရမည် ဖြစ်ပါကြောင်း၊ ထိုဆွေးနွေးချက် များ၏ ဖြစ်နိုင်ချေရှိသည့် အကျိုးအပြစ်များကို လူမှုရေးသိပ္ပံ၏ ရှာဖွေတွေ့ရှိချက်များ၊ နိုင်ငံတကာ အတွေ့အကြုံသင်ခန်းစာများ၊ ပြည်တွင်းသမိုင်းနောက်ခံ၊ နိုင်ငံရေးဓလေ့၊ နိုင်ငံရေး အာဏာချိန်ခွင်လျှာမညီသည့် ပကတိအရှိတရား၊ ပထ၀ီနိုင်ငံရေး စသည်တို့ အပေါ်မူတည်ပြီး တင်ပြသွားရန်နှင့် အကြံပြုပေးခြင်းကို လုပ်ဆောင်သွားမည် ဖြစ်ပါကြောင်း ဆွေးနွေးသည်။

ရုပ်လုံးဖော်ပေးကြမည်

ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)မှ   စွပ်ခွန်ဆိုင်းက ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ရာစုပင်လုံသည် ၁၉၄၇ခုနှစ် ပင်လုံကဲ့သို့ တိုင်းရင်းသား လူမျိုးများ သွေးစည်းညီညွတ်မှုကို ထပ်တူ ပြန်လည်ဖော်ဆောင်နိုင်မည်ဟု အလေးအနက် မျှော်လင့်ပါ ကြောင်း၊ ပြည်ထောင်စုဆိုပါက ဆရာကြီးသခင်ကိုယ်တော်မှိုင်း ပြောကြားခဲ့သည့် လွတ်လပ်သည့် ပြည်ထောင်များ စုပေါင်းထားခြင်းကို ဆိုလိုပါကြောင်း၊ ပြည်နယ်အချင်းချင်း တန်းတူအခွင့်အရေး ရရှိရမည်ဖြစ်ပါကြောင်း၊ တန်းတူရေးအတွက် အလိုအပ်ဆုံး ပြင်ဆင်ရမည့် ဗမာပြည်နယ်တစ်ခုအဖြစ် ပြန်လည် ဖွဲ့စည်းရမည်ဖြစ်ပါကြောင်း၊ တန်းတူ သည့် ပြည်နယ်များ စုပေါင်းမှသာ ပြည်ထောင်စု စစ်မှန်မည်ဖြစ်ပါကြောင်း၊ ဗမာများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ ပညာရှင်များ၊ ဥပဒေပညာရှင်များ၊ မျိုးဆက်သစ် လူငယ်များ၊ အမျိုးသမီးများနှင့် အခန်းကဏ္ဍအသီးသီးမှ ပြည်သူများက ရုပ်လုံး ဖော်ပေးကြမည်ဟု ယုံကြည်ပါကြောင်း ဆွေးနွေးသည်။

မှောင်ခိုလုပ်ငန်း ထွန်ကား

ဒီမိုကရက်တစ်ပါတီမှ ဒေါ်ချိုချိုကျော်ငြိမ်းက ငြိမ်းချမ်းရေးပျောက်ကွယ်ပါက နိုင်ငံ၏ စီးပွားရေးသည်လည်း ချွတ်ခြုံကြသွားမည် ဖြစ်ပါကြောင်း၊ ပြည်တွင်းထုတ်လုပ်မှုများ သယ်ယူပို့ဆောင်မှု၊ ဖြန့်ဖြူးမှု၊ ရောင်းဝယ်မှုတို့ကို ပုံမှန်အတိုင်း မလုပ်နိုင်ပါကြောင်း၊ တိုင်းပြည်၏ သယံဇာတပစ္စည်းများ တိုင်းပြည်အတွက် အသုံးမပြုနိုင်ဘဲ မှောင်ခိုလုပ်ငန်း ထွန်ကားလာပါကြောင်း၊ ပြည်သူများ အဆင်မပြေဒုက္ခရောက်ကြရပါကြောင်း၊ မည်သူမှ တိုင်းပြည်ကို အားမကိုးပါကြောင်း၊ တိုင်းပြည်တွင် မှုခင်းများ ပေါများလာပါကြောင်း၊ လူများ၏ စာရိတ္တချို့ ယွင်းလာပါကြောင်း၊ မည်မျှအထိ ချို့ယွင်းပြီးအခြေအနေ ဆိုးသွား သလဲဆိုလျှင် မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင့် ဖွံဖြိုးမှု အနည်းဆုံးစာရင်းဝင် နိုင်ငံဖြစ်သွား ပါကြောင်း၊ ယခုငြိမ်းချမ်းရေးကို အဖြေရှာသည့် နေရာတွင် အကြောင်းအချက်များကို ဖြေရှင်းရမည်ဖြစ်ပြီး စီးပွားရေးတိုးတက်အောင်လုပ်ခြင်းသည်လည်း အကောင်းဆုံး နည်းလမ်း တစ်ခုဖြစ်သည်ဟု မိမိ ထင်မြင်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးကို အဖြေရှာရန်မှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အဓိက အာရုံစိုက်ရန် လိုအပ်မည်ဖြစ်ပါ ကြောင်း ဆွေးနွေး သည်။

ဘိုးဘွားပိုင်မြေယာ

တိုင်းရင်းသားကိုယ်စားလှယ် မာတီးယာက ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင် နေစဉ်ကာလ တိုင်းရင်းသား လူမျိုးစုငယ်များ နေထိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီးတွင် ဆောင်ရွက်လိုသည့် အကြံပြုချက်များကို တင်ပြ လိုပါကြောင်း၊ ယင်းတို့မှာ လူ့စွမ်းအား အရင်းအမြစ် မြှင့်တင်ပေးခြင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု လွတ်လပ်ခွင့်ကို  မြှင့်တင်ခွင့်နှင့် အထောက်အပံ့ ရယူခွင့် ဖန်တီးပေးခြင်း၊ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှု (အရည်အသွေး ပြည့်မီသော အဆောက်အဦး၊ ဆေးဝါးများနှင့် ဆေးကိရိယာများ၊ ကျန်းမာရေးဝန်ထမ်းများ လုံလောက်စွာ ရရှိရေးဆောင်ရွက်ပေးခြင်း)၊ တိုင်းရင်းသားလူမျိုးစု ငယ်များ ယဉ်ကျေးမှုအနုပညာနှင့်  လက်မှု ပညာများ ဖော်ထုတ်မြှင့်တင်ပေးရန်၊ ရိုးရာဓလေ့အရ ဘိုးဘွားပိုင်မြေယာပိုင်ဆိုင်မှုကို အသိအမှတ်ပြုပေးခြင်း၊ မူးယစ်ဆေးဝါး စွဲလမ်းသူများ ပြန်လည်ထူထောင်ရေး (ဆေးစွဲသူများ ပြုပြင်ပြောင်းလဲပေးသည့် ကျောင်း သို့မဟုတ် ဌာနထားရှိပေးရန်၊ အမျိုးသမီး၊ ကလေးငယ်များအပေါ်ဖိနှိပ်မှု၊ အကြမ်းဖက်မှုနှင့် အခွင့်အရေးချိုးဖောက်မှုများအား ထိရောက်စွာ အပြစ်ပေးအရေးယူရန်၊ ဌာနေ တိုင်းရင်းသားကို ဦးစားပေးသည့် အလုပ်အကိုင် အခွင့်အလမ်း စနစ်တစ်ခု ဖန်တီးပေးရန်၊ စနစ်ကျသော အရေးပေါ် ကယ်ဆယ်ရေးအစုအဖွဲ့ စုဖွဲ့ထားရှိရန်တို့ ဖြစ်ပါကြောင်း ဆွေးနွေးသည်။

လိုလားသောဆန္ဒ

ရခိုင်အမျိုးသားကောင်စီ(ANC)မှ ဦးထွန်းဇော် က လွတ်လပ်ရေးနှင့် တိုင်းရင်းသားတို့ တန်းတူအခွင့်အရေး၊ လွတ်လပ်ခွင့်တို့သည် ပြင်းထန်လာပြီး ပြည်တွင်းစစ်မီး တောက်လောင်ခဲ့ရပါကြောင်း၊ ပြည်တွင်းစစ်နှင့်အတူ တပ်သည် သြဇာကြီးမားလာပြီး စစ်တပ်က စစ်အာဏာရှင်စနစ် တည်ဆောက်ရန် ကြိုးပမ်းလာခဲ့ပါကြောင်း ထို့ကြောင့် တိုင်းရင်းသား လူမျိုးများသည် မိမိတို့လိုလားသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်ဖန်တီးခွင့် တန်းတူရေး၊ ဒီမိုကရေစီအရေးတို့ကို အခြေခံသော ဖက်ဒရယ် စနစ်ရရှိရန် လက်နက်စွဲကိုင် တော်လှန်ခဲ့ကြပါကြောင်း၊ အာဏာရှင်ခေတ် အဆက်ဆက် အစိုးရတို့သည် တိုင်းရင်းသားတို့ လိုလားသောဆန္ဒကို ဖြိုဖျက်ရန်ကြိုးစားပြီး နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရန် မလုပ်ဆောင်ခဲ့ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများသည် မိမိတို့ မွေးရာပါ အခွင့်အရေး ရရှိရန်အတွက် လက်နက်ကိုင် တိုက်ပွဲဝင်နေရ ခြင်းဖြစ်ပါကြောင်း ဆွေးနွေးသည်။

အထောက်အကူပြု

ကရင်ပြည်သူ့ပါတီမှ နန့်ခင်အေးဦးက လက်ရှိမြန်မာနိုင်ငံတွင် တိုင်းရင်းသားများ၏ ပြဿနာများကို နိုင်ငံရေးအရ မဖြေရှင်းနိုင်ခဲ့ပါကြောင်း၊ တိုင်းရင်းသားများ၏ အကြောင်းအချက်များသည်လည်း မပါမဖြစ် လိုအပ်သည်ဟု မိမိထင်ပါကြောင်း၊  မြန်မာနိုင်ငံလွတ်လပ်ရေး ရပြီးနောက်ပိုင်း တိုင်းရင်းသားများ၏ အခြေအနေ ဆိုးဝါးခဲ့ပါ ကြောင်း၊ ထို့ကြောင့် ကရင်ပြည်နယ်အတွင်းရှိ လူမျိုးစုများမှ ရွေးချယ်သည့် ပြည်နယ် အစိုးရအဖွဲ့ကို ဥပဒေပြုရေး အာဏာ၊ တရားဥပဒေစိုးမိုးရေးအာဏာ၊ ပြည်နယ် ဥပဒေ ထုတ်ပြန်ရေးအာဏာများကို ခွဲဝေပေးသင့်ပါကြောင်း၊ ထို့ပြင် ပြည်နယ်အတွင်း သယံဇာတတူးဖော်မှု ရရှိသည့် အကျိုးအမြတ်များကို ခွဲဝေပေးသင့်ပါကြောင်း၊ လယ်ယာ ကိုင်းကျွန်း လုပ်ငန်းကို အဓိကထား လုပ်ဆောင်သည့် ပြည်နယ်တစ်ခုအဖြစ် မိမိတို့ အဓိကထား ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးမှ တိုင်းပြည် ဖွံ့ဖြိုးလာမည်ဖြစ်ပြီး စီးပွားရေးဖွံ့ဖြိုးမှုကြောင့် ငြိမ်းချမ်းရေးကိုလည်း အထောက်အကူ ပြုစေမည် ဖြစ်ပါကြောင်း ဆွေးနွေးသည်။

ယင်းနောက် နံနက်ပိုင်း အစည်းအဝေး အစီအစဉ်များကို ရပ်နားလိုက်သည်။


No comments:

Post a Comment