Friday, September 9, 2016

ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး (၃၀)ရက်မြောက်နေ့ ကျင်းပ



နေပြည်တော် စက်တင်ဘာ ၉
ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး (၃၀) ရက်မြောက်နေ့ကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပရာ မေးခွန်း (၁၂)ခု မေးမြန်း ဖြေကြားခြင်းတို့ကို ဆောင်ရွက်ကြသည်။

ဆော့လော်မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးလာမာလေး၏ ဆော့လော်မြို့နယ် လန်ဆယ်ဒေသတွင် ရေဘေးကြောင့် လမ်းမကြီးနှင့် လမ်းမကြီးပေါ်ရှိ တံတားများ ပျက်စီးမှုနှင့် ရေဘေးသင့် ပြည်သူတို့၏ စားနပ်ရိက္ခာ အခက်အခဲအတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့မှ မည်ကဲ့သို့ ဆောင်ရွက် ပေးနေသည်ကို သိရှိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးက ကချင်ပြည်နယ် ဆော့လော်မြို့နယ် လန်ဆယ်ဒေသ ရေဘေးသင့်အိမ်များ အပါအ၀င် အခြားမြို့နယ်များရှိ ရေဘေးသင့် ပျက်စီး အိမ်ထောင်စုများအား ထောက်ပံ့ရေး အတွက် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဆော့လော်မြို့နယ်နှင့် ချီဖွေမြို့နယ်ရှိ ရေဘေးသင့် ပြည်သူများအား ကချင်ပြည်နယ် အစိုးရအဖွဲ့၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချ ထားရေး ၀န်ကြီးဌာနတို့မှ ဆန်၊ ဆီ၊ ဆား၊ ဒီဇယ်၊ အသား၊ ငါး၊ ခေါက်ဆွဲခြောက်၊ ရေသန့် အပါအ၀င် စားသောက်ကုန်နှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ ပေးနိုင်ခဲ့ကြောင်း။ ဆောက်လုပ်ရေး ၀န်ကြီးဌာနပိုင်လမ်း ဖြစ်သော ဆော့လော်မြို့နယ် ချီဖွေ- ဆော့လော်- မန်ကျီ- ၀ဲလ်တန်လမ်းအပိုင်း မြေပြိုကျမှုကို ပြုပြင်လျက် ရှိပါကြောင်း၊ မိုး အဆက်မပြတ် ရွာသွန်းမှုကြောင့် မိုင် ၃၄/၀-၆၇/၀ အထိ ကားတစ်စီးစာ သွားလာနိုင်ရန် ဖယ်ရှား ရှင်းလင်းပြီး ဖြစ်ကြောင်း၊ ခေါင်လန်ဖူး- ဆရမ်ဖားရွာ မိုင်(၀/၀-၁၂/၀) အတွင်း၌ ပြိုကျပျက်စီးခဲ့သည့် တံတားများကို ခရီးသွားလာမှု မပြတ်တောက်စေရေး အတွက် ယာယီ ၀ါးတံတားအား အစားထိုး တည်ဆောက် ပေးခဲ့ပြီး ပွင့်လင်းရာသီချိန် အရောက်တွင် အသစ်ပြန်လည် တည်ဆောက်ပေးနိုင်ရေး အတွက် လိုအပ်သော တည်ဆောက်ရေး ပစ္စည်းများ စုဆောင်းထားရှိပြီး ဖြစ်ပါကြောင်း၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေ (၃၀၀၆ ဒသမ ၂၈၇) သန်းကိုလည်း လျာထားခွင့်ပြုပြီး ဖြစ်ပါကြောင်း။
ဘေလီတံတားများ အသစ်ပြင်ရန် ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေ တင်ပြတောင်းခံ၍ ခွင့်ပြုချက်ရရှိပါက ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ကချင် ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် ရေဘေးသင့်ဒေသများ အတွက် ထောက်ပံ့ရန်စားနပ် ရိက္ခာလိုအပ်ချက် အခက်အခဲအား တွက်ချက် တင်ပြလာပါက အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌထံသို့ တင်ပြ၍ ရန်ပုံငွေမှ ကူညီထောက်ပံ့ ပေးနိုင်ပါကြောင်း ဖြေကြားသည်။
လေရှီးမဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဌေး၏ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ မြို့နယ်များတွင် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့် စက်ရုံရိုးရိုးလွှင့်စက် (Analog System )မှ  (Digital System)သို့ အဆင့်မြှင့်ပြောင်းလဲ တပ်ဆင်ပေးရန်အစီ အစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အနေဖြင့် ဘဏ္ဍာရေး နှစ်အလိုက် ခွဲဝေရရှိသည့် ရန်ပုံငွေပေါ် မူတည်၍ လက်အောက်ခံ စက်ရုံများ အားDigital လွှင့်စက်များ တိုးချဲ့တပ်ဆင်လျက် ရှိပါကြောင်း၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ လေရှီးမြို့နယ်၊ လဟယ်မြို့နယ်နှင့် နန်းယွန်း မြို့နယ်များတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံမှ Analogue လွှင့်စက်များ တပ်ဆင်၍ ထုတ်လွှင့်ပေးလျက် ရှိပါကြောင်း၊ အဆိုပါ စက်ရုံ (၃)ရုံအနက် နန်းယွန်း စက်ရုံတွင် ၂၀၁၆ ခုနှစ်မှ စတင်၍ DVB-T2 လွှင့်စက် 50 W တပ်ဆင်ပေးခဲ့ပြီး ဒီဂျစ်တယ် ရုပ်သံလိုင်းများ ထုတ်လွှင့်ပေးလျက် ရှိပါကြောင်း၊ လေရှီးနှင့် လဟယ် ထပ်ဆင့်လွှင့် စက်ရုံများတွင် DVB-T2 လွှင့်စက်များကို ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ် တွင် ဆောင်ရွက်ရန် လျာထားပြီး ဘတ်ဂျက်ခွင့်ပြုမှုအပေါ် မူတည်၍ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
ဇမ္ဗူသီရိ မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော် (ခ) ဦးဇေယျာသော်၏ ပြည်သူများနှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံရသော ဦးစီးဌာနနှင့် ဌာနများတွင် ရုံးလုပ်ထုံး လုပ်နည်းများ၊ လုပ်ငန်းစဉ်များနှင့် လိုအပ်သော အချက်အလက်များကို အများပြည်သူ မြင်သာသော နေရာများတွင် ချိတ်ဆွဲ ပြသထားခြင်းနှင့် Website,Social Media အစရှိသော အင်တာနက်၊ လူမှုကွန်ရက်များတွင် ဖြန့်ချိပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် က ၀န်ကြီးဌာနများသည် နိုင်ငံတော်အစိုးရ၏ ချမှတ်ထားသော မူဝါဒ၊  လမ်းညွှန်ချက်များနှင့် အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပြည်သူများနှင့် တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်ရသည့် ဌာနများတွင် လုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာ၌ အဆင်ပြေ ချောမွေ့စေရန် အတွက် သက်ဆိုင်ရာ ၀န်ကြီးဌာနများ အလိုက် ဆောင်ရွက်ရသော လုပ်ငန်းများအပေါ် မူတည်၍ လုပ်ငန်းစဉ်များနှင့် လိုအပ်သော သတင်းအချက် အလက်များကို ၀န်ကြီးဌာန (၂၂)ခု အနက် တိုင်းရင်းသား လူမျိုးများရေးရာ ၀န်ကြီးဌာနမှအပ ကျန်ဝန်ကြီး ဌာနများတွင် Website များ ထားရှိ၍ ထုတ်ပြန် ကြေညာပေးလျက် ရှိပါကြောင်း။
ရုံးဌာနအသီးသီးတွင်လည်း လုပ်ထုံးလုပ်နည်း၊ လုပ်ငန်းစဉ်များကို ဗီနိုင်းများ ချိတ်ဆွဲ၍ လည်းကောင်း၊ တာဝန်ရှိသူများက ရှင်းလင်း ပြောကြားခြင်းဖြင့် လည်းကောင်း အသိပေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ ၀န်ကြီးဌာနများ၏ သတင်း အချက်အလက်များ၊ မိုးလေ၀သ သတင်းများ၊ ထူးခြားဖြစ်စဉ် သတင်းများနှင့် နေ့စဉ် လုပ်ငန်းဆောင်ရွက်မှု သတင်းများကို ပြည်သူများ အလွယ်တကူ မေးမြန်း သိရှိနိုင်စေရန် ပြန်ကြားရေး ၀န်ကြီးဌာန Call Center Hot Line (1883) ဖွင့်လှစ် ဆောင်ရွက် ပေးလျက် ရှိပါကြောင်း ဖြေကြားသည်။
တွံတေးမဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်၏ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး၏ အခြေခံအုတ်မြစ် တစ်ခုဖြစ်သော စာအုပ် ထုတ်ဝေရေး လုပ်ငန်း ပြန်လည် မြင့်တက်လာရေး အတွက် ရေတို ရေရှည် အစီအစဉ်များ ရှိ၊မရှိနှင့် မြန်မာစာပေ ကမ္ဘာ့ဈေး ကွက်သို့ ထိုးဖောက် ၀င်ရောက်နိုင်ရေး အတွက် ဘာသာပြန် လုပ်ငန်းနှင့် ပတ်သက်၍ စာပေ လောကသားများအား အစိုးရက ထိထိ ရောက်ရောက် ကူညီပံ့ပိုးပေးရန် အစီအစဉ် ရှိ၊ မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က စာပေမြှင့်တင်ရေးနှင့် စာအုပ်လုပ်ငန်း တိုးတက်ရေး အထောက်အကူ ပြုနိုင်စေရန်အတွက် စာပေ ဆွေးနွေးပွဲနှင့် စာအုပ်ရောင်း ပွဲတော်ကို ဇူလိုင်လ နောက်ဆုံးပတ်တွင် မြန်မာ့နိုင်ငံရေး စာပေ စာတမ်းဖတ်ပွဲနှင့် စာအုပ်ဆိုင်(၁၀၀) ကျော် ခင်းကျင်း ရောင်းချသည့် မိုးရာသီ စာအုပ်ဈေးရောင်းပွဲတော် တစ်ရပ် ကျင်းပခဲ့ပါကြောင်း၊ အလားတူ စာတမ်းဖတ်ပွဲနှင့် စာအုပ်ဈေးပွဲတော်ကို အောက်တိုဘာ နှောင်းပိုင်းတွင် ကျင်းပရန် ရှိပါကြောင်း၊ ဒုတိယ ပွဲတွင် စာတမ်းဖတ်၍ ဆွေးနွေးမည့် ခေါင်းစဉ်မှာ ဘာသာပြန်စာပေ ဖွံ့ဖြိုးတိုးတက်ရေးပင် ဖြစ်ပါကြောင်း။
စာပေဖွံ့ဖြိုးရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာနမှ အခြားစာပေ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် ညှိနှိုင်းစီစဉ်လျက် ရှိသည့် တတိယစာပေပွဲမှာ တိုင်းရင်းသား လူမျိုးစုစာပေများ ဖွံ့ဖြိုးတိုးတက်ရေးခေါင်းစဉ်ဖြင့် စာတမ်းဖတ်ပွဲ၊ ဆွေးနွေးပွဲနှင့် စာအုပ်ဈေးပွဲတော် ကျင်းပမည် ဖြစ်ပါကြောင်း၊ စာအုပ် ထုတ်ဝေဖြန့်ချိ သူများကို အထောက်အကူပြုနိုင်ရန် စာပေဗိမာန် အဆောက်အဦ အောက်ထပ်ရှိ စာအုပ်ဆိုင်အား အခန်းများတိုးချဲ့၍ စာအုပ်စာတမ်းများ စုံလင်စွာ ခင်းကျင်းပြသနိုင်မည့် စာအုပ်ဆိုင်ကြီး တစ်ဆိုင်ဖြစ်အောင် ပြောင်းလဲမြှင့်တင်ရန် ဆောင်ရွက်နေပါကြောင်း၊ ကြေးမုံနှင့် မြန်မာ့အလင်း သတင်းစာများတွင် စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများ အသင်းမှ စုစည်းပေးထားသည့် အသစ်ထွက်ရှိသော စာအုပ်များစာရင်းနှင့် စာအုပ်စင် ကဏ္ဍကို ဖော်ပြပေးနေပါကြောင်း၊ အစိုးရပိုင် ပို့ဆောင်ရေး လုပ်ငန်းများမှ အဖိုးနှုန်း ချိုသာစွာ သယ်ယူ ပို့ဆောင်ပေးရေး၊ စာအုပ်စာတမ်းများနှင့် ပတ်သက်၍ ကုန်သွယ်ခွန် ကင်းလွတ်ခွင့်ပြုရေးတို့ အတွက် စာအုပ် လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာ ၀န်ကြီးဌာနများ ဆက်သွယ် ပေါင်းစပ်ညှိနှိုင်း ပေးနိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိပါကြောင်း ဖြေကြားသည်။

No comments:

Post a Comment