Friday, September 9, 2016

အလုပ်သမားများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်၊ ဖွံ့ဖြိုး တိုးတက်စေရန်နှင့် ပြည်တွင်း ပြည်ပ အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးရန် အလုပ်အကိုင် မူဝါဒ ချမှတ် ဆောင်ရွက်လျက်ရှိ



နေပြည်တော် စက်တင်ဘာ ၉
ဒုတိယအကြိမ် အမျိုးသား လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး (၂၈) ရက်မြောက် နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ အမျိုးသား လွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပရာ မေးခွန်း ၄ ခုမေးမြန်း ဖြေကြားကြပြီး ပြင်ဆင်ချက်ဖြင့် ပေးပို့လာသည့်  ဥပဒေကြမ်း တစ်ခုကို ဆွေးနွေးကြသည်။

အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၉) မှ ဦးမောင်ကျော်ဇံ ၏ အသစ် ဖွဲ့စည်းထားသည့် တိုင်းရင်းသား လူမျိုးများရေးရာ ၀န်ကြီးဌာန အောက်ရှိ ဦးစီးဌာန ၂ ခုတွင် သတ်မှတ် အရည်အချင်းနှင့် ပြည့်စုံသော ဒေသခံ တိုင်းရင်းသားများကိုသာ ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး အဆင့်၊ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် ဦးစီးမှူးများ အဖြစ် ခန့်အပ် တာဝန်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ တိုင်းရင်းသား လူမျိုးများရေးရာ ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး နိုင်သက်လွင် က တိုင်းရင်းသား လူမျိုးများရေးရာ ၀န်ကြီးဌာန ဖွဲ့စည်းပုံတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့် ဦးစီးဌာနရုံးများသာ ပါဝင်ပြီး ခရိုင်နှင့် မြို့နယ်ဆင့် ဦးစီးဌာနရုံးများ ဖွဲ့စည်းရန်  မရှိပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ဦးစီးဌာန ရုံးများကို ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်မှ စတင် ဖွဲ့စည်းမည် ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့်ဦးစီးရုံးများ ဖွင့်လှစ်ပြီး  ဦးစီးမှူး အပါအ၀င် ၀န်ထမ်းများ ခန့်ထား ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဒေသခံ တိုင်းရင်းသား လူမျိုးများမှ သတ်မှတ် အရည်အချင်းနှင့် ပြည့်စုံသောသူများကို ဦးစားပေး တာဝန် ပေးသွားမည် ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။
စစ်ကိုင်း တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၉) မှ ဦးကိုကိုနိုင် က မိမိတို့ မွေးဖွားရာ နေရာဒေသများမှ ဆယ်စုနှစ်များစွာ စွန့်ခွာ၍ အလုပ်အကိုင် အခွင့်အလမ်း ပေါများရာ စီးပွားရေး လုပ်ကိုင် အဆင်ပြေနိုင်သည့် နေရာဒေသများသို့ သွားရောက် ပြောင်းရွှေ့ လုပ်ကိုင်ခဲ့ကြပြီး ယနေ့ ထိတိုင် အကြောင်းအမျိုးမျိုးကြောင့် မှတ်ပုံတင် သို့မဟုတ် နိုင်ငံသား စိစစ်ရေး ကတ်ပြား ပြုလုပ်ထားခြင်း မရှိသေးသည့် ပြည်ထောင်စု မြန်မာနိုင်ငံ တိုင်းရင်းသား မိဘနှစ်ပါးမှ မွေးဖွားသော မြန်မာနိုင်ငံသားများကို နိုင်ငံတော် အစိုးရက နိုင်ငံသား စိစစ်ရေး ကတ်ပြား ရရှိစေရန် မည်သို့ ဆောင်ရွက် ပေးသွားမည်ကို သိလိုခြင်းမေးခွန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၆) မှ ဦးကျင့်ခန့်ပေါင် က နိုင်ငံတော် အစိုးရ ၏ ဒုတိယ ၅ နှစ် သက်တမ်း ကာလအတွင်း အလုပ်လက်မဲ့ ရာခိုင်နှုန်း လျော့ချရေး၊ ပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးအတွက် စီစဉ် ဆောင်ရွက်ထားခြင်း ရှိ/မရှိ မေးခွန်း၊ ချင်းပြည်နယ် မဲန္ဒနယ်အမှတ် (၈)မှ ဦးမာန်လော မောင်း က မင်းတပ်မြို့ အရှေ့ပြင် ရပ်ကွက်နေ ဦးမနားထန်း၏ သား မောင်ထန်းကီးသည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ (GIGA Engineering & Construction SDN BHD Co., Ltd ) တွင် လုပ်ငန်း တာဝန် ထမ်းဆောင်စဉ် သေဆုံးသဖြင့် အဆိုပါကုမ္ပဏီမှ နစ်နာကြေးငွေ ရင်းဂစ် ၂၅၀၀ ထုတ်ယူရရှိရေး အတွက် မြန်မာနိုင်ငံမှ သက်ဆိုင်ရာ ၀န်ကြီးဌာနနှင့် မလေးရှားနိုင်ငံ သံရုံးတို့ ချိတ်ဆက်၍ ဆောင်ရွက်နိုင်ခြင်း ရှိ/ မရှိ မေးခွန်းတို့ကို တစ်ဆက် တစ်စပ်တည်း မေးမြန်းကြရာ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က အကြောင်း အမျိုးမျိုးကြောင့် အခြားဒေသသို့ ရောက်ရှိပြီး မှတ်ပုံတင် (သို့မဟုတ်) နိုင်ငံသား စိစစ်ရေး ကတ်ပြား မရှိသူများ၏ အခက်အခဲများ ပြေလည်စေရေး အတွက် ရက် (၁၀၀) စီမံချက် ချမှတ် ဆောင်ရွက်ပေးလျှက် ရှိပါကြောင်း၊ စီမံချက် ဆောင်ရွက်ရာတွင် ပုံမှန်အားဖြင့် မူလဒေသ လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန မြို့နယ်ရုံးမှ ပုံစံ(၁၀) လိပ် စာပြောင်းပုံစံ ပါရှိရမည် ဖြစ်သော်လည်း ယင်းအချက်ကို ဖြေလျော့၍ မူလဒေသတွင် အိမ်ထောင်စု စာရင်းဖြင့် နေထိုင်ခဲ့ကြောင်း (သို့မဟုတ်) မွေးဖွား နေထိုင်ခဲ့ကြောင်း ရုံး/ ဌာန ဆိုင်ရာနှင့် ဒေသအာဏာပိုင် အချင်းချင်း ချိတ်ဆက်စိစစ်ပြီး မှန်ကန်ပါက အိမ်ထောင်စု လူဦးရေ စာရင်းနှင့် ရသင့်သည့် ကတ်ပြား တစ်မျိုးမျိုး ထုတ်ပေးရန် ဆောင်ရွက်လျက် ရှိပါကြောင်း။
မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းဖြင့် နေထိုင်ကြောင်း မှန်ကန်ပါက ကာယကံရှင် ကိုယ်တိုင် သွားရောက်ရန် မလိုအပ်တော့ဘဲ သက်ဆိုင်ရာ မြို့နယ်ရုံး အချင်းချင်း ချိတ်ဆက်၍ မူလဒေသ အိမ်ထောင်စု လူဦးရေ စာရင်းကို ပယ်ဖျက်ကာ လက်ရှိဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်း ထုတ်ပေးပြီး ရသင့်သည့် ကတ်ပြား ထုတ်ပေးလျက် ရှိပါကြောင်း၊ မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းမရှိ၊ အခြားဒေ သတွင်လည်း အိမ်ထောင်စုလူဦးရေ စာရင်းမရှိပါက သက်ဆိုင်ရာမြို့နယ်ရုံး အချင်းချင်း ချိတ်ဆက်၍ မူလ မွေးဖွား နေထိုင်ခဲ့သည့် ဒေသမှ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ထောက်ခံချက်၊ ယင်းဒေသမှ ရပ်မိရပ်ဖ လူကြီးများ၏ ထောက်ခံချက်များ ပြန်လည် တင်ပြပါက လက်ရှိဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်း ထုတ်ပေးပြီး ရသင့်သည့် ကတ်ပြား ထုတ်ပေးလျက် ရှိပါကြောင်း။
အလုပ်သမားများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်၊ ဖွံ့ဖြိုး တိုးတက်စေရန်နှင့် ပြည်တွင်းပြည်ပ အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးရန် အလုပ်အကိုင် ဆိုင်ရာ မူဝါဒကို ချမှတ် ဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာ- ထိုင်းနှစ်နိုင်ငံ အလုပ်သမား ခန့်ထားခြင်း ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာကို ပြန်လည် ပြင်ဆင် ရေးဆွဲခဲ့သည့် အလုပ်သမားရေးရာ ပူးပေါင်း ဆောင်ရွက်ခြင်း နားလည်မှု စာချွန်လွှာကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် လက်မှတ် ရေးထိုးခဲ့ပါကြောင်း၊ မြန်မာ အလုပ်သမားများ ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်ရာတွင် လုံခြုံစိတ်ချပြီး ဥပဒေအရ အကာအကွယ်နှင့် အကျိုး ခံစားခွင့်များအပြည် အ၀ရရှိစေရန် ရည်ရွယ်၍ ထိုင်းနိုင်ငံ၊ ကိုရီးယား သမ္မတနိုင်ငံတို့နှင့် အလုပ်သမား စေလွှတ်ခြင်း ဆိုင်ရာ နားလည်မှု စာချွန်လွှာများကို လက်မှတ်ရေးထိုး ဆောင်ရွက်လျက် ရှိပါကြောင်း။
ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ဂျပန်၊ ယူအေအီးနှင့် ကိုရီးယားသမ္မတနိုင်ငံများသို့ အလုပ်သမားများ စေလွှတ်လျက်ရှိပြီး အလုပ်သမား ခေါ်စာများကို သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများ၏ စိစစ်မှုဖြင့် ဆောင်ရွက်လျက် ရှိပါကြောင်း၊ အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးရုံး (၇၈) ရုံးဖွင့်လှစ်ပြီး အလုပ်သမား ခေါ်ယူလိုသည့် အလုပ်ရှင်များနှင့် အလုပ်အကိုင် ရှာဖွေနေသည့် အလုပ်သမားများကို ချိတ်ဆက် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်စေရန် ပြည်တွင်း အလုပ်အကိုင် ရှာဖွေရေး အကျိုးဆောင် လိုင်စင်ရအေဂျင်စီ (၈၈)ခုနှင့် ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရ အေဂျင်စီ (၂၆၀) ခုတို့ကို အကျိုးဆောင် လိုင်စင်များ ခွင့်ပြုပေးထားပြီး ဖြစ်ပါကြောင်း။
ပြည်တွင်းရှိ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု (FDI)များသို့ ၀င်ရောက် လုပ်ကိုင်နိုင်ရေး အတွက် သတ်မှတ် အရည်အချင်း ပြည့်မီသူများကို နိုင်ငံအဆင့် အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ အလုပ်လက်မဲ့ ရာခိုင်နှုန်း လျော့ချရေး အတွက် အလုပ်အကိုင် ဆိုင်ရာ မူဝါဒများ ချမှတ်၍ လည်းကောင်း၊ နိုင်ငံတော် အစိုးရ၏ စီးပွားရေး မူဝါဒများဆိုင်ရာ ဆောင်ရွက်ချက်များ အရ ရင်းနှီး မြုပ်နှံသူများကို ဖိတ်ခေါ်၍ လည်းကောင်း၊ ပြည်ပနိုင်ငံများနှင့် အလုပ်သမားရေးရာ သဘောတူ စာချုပ်များ ချုပ်ဆို၍ လည်းကောင်း၊ ပြည်တွင်း ပြည်ပ အလုပ်အကိုင်အခွင့်အ လမ်းပြပွဲများကို ကျင်းပပြုလုပ်၍ လည်းကောင်း၊ ပြည်တွင်း အလုပ်သမားများ၏ ကျွမ်းကျင်မှုဖွံ့ဖြိုး တိုးတက်ရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း။
မလေးရှားနိုင်ငံတွင် သေဆုံးသူ မောင်ထန်းကီး၏ အာမခံ လျော်ကြေးငွေ ရရှိရန် ဆက်ခံခွင့် ရှိသူ ဖခင် ဦးမနားထန်းသည် သတ်မှတ်ထားသောဘဏ်တွင် ငွေစာရင်း ဖွင့်လှစ်ခဲ့ပြီး နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ ဘဏ်စာရင်း အမှတ်ပေးပို့ထားခြင်းကို မလေးရှားနိုင်ငံရှိ မြန်မာသံရုံးမှ တစ်ဆင့် အလုပ်သမားဌာနသို့ ပေးပို့ထားပါကြောင်း၊ ပြည်ပနိုင်ငံများရှိ မြန်မာ အလုပ်သမားရေးရာ ကိစ္စရပ်များ နစ်နာ ဆုံးရှုံးမှု မရှိစေရေးအတွက် သက်ဆိုင်ရာ နိုင်ငံများရှိ မြန်မာသံရုံးများနှင့် အလုပ်သမားသံ အရာရှိ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် လည်းကောင်း၊ အလုပ်သမား သံအရာရှိ မထားရှိသည့် နိုင်ငံများဖြစ်ပါက မြန်မာနိုင်ငံရှိ ၀န်ကြီးဌာန အချင်းချင်း ပူးပေါင်း ဆောင်ရွက်ခြင်း ဖြင့်လည်းကောင်း၊ သက်ဆိုင်ရာ နိုင်ငံများရှိ မြန်မာလူမှု အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် လည်းကောင်း၊ သက်ဆိုင်ရာ နိုင်ငံများ၏ ဥပဒေနှင့်အညီ ထုတ်ယူရရှိရေးကို ဆောင်ရွက်လျက် ရှိပါကြောင်း ရှင်းလင်း ဖြေကြားသည်။
ယင်းနောက် အမျိုးသား လွှတ်တော်က အတည်ပြု ပေးပို့ထားသော ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည် ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ လွတ်တော်ကိုယ်စားလှယ် (၄)ဦးတို့က ပြင်ဆင်ချက်များကို ဆွေးနွေးကြရာ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က အမျိုးသားလွှတ်တော် ဥပဒေ ကြမ်းကော်မတီတွင် ပြန်လည်ကြားနာ ဆောင်ရွက်ရန် ဆုံးဖြတ်ကြောင်း ကြေညာခဲ့သည်။

No comments:

Post a Comment