Saturday, September 17, 2016

ပဉ္စမအကြိမ် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင် ပြန်လည် သုံးသပ်ခြင်း ဒုတိယနေ့ အစည်းအဝေး ကျင်းပ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ စတင်နိုင်ရန် ကဏ္ဍများ ချမှတ်နိုင်ခဲ့



ရန်ကုန် - စက်တင်ဘာ ၁၇
သတင်း - ဇော်ကြီး(ပဏီတ)၊ မင်းသစ်(သတင်းစဉ်)
ဓာတ်ပုံ - ဖေဇော်
အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ စတင်နိုင်ရန် ပဉ္စမအကြိမ် နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင် ပြန်လည် သုံးသပ်ခြင်း  ဒုတိယနေ့ အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ရန်ကုန် ရုံးခွဲ၌ ပြုလုပ်သည်။

ဒီနေ့ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး  အဓိကအကြောင်း အရာ နှစ်ခုကို ဆွေးနွေးပါတယ်၊ နံပါတ်တစ်က အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ တွေမှာ ဆွေးနွေးရမယ့် အကြောင်းအရာတွေ အားလုံးကို ပြန်စိစစ်တယ်။ NCA စာချုပ်ပါ  ကဏ္ဍငါးခုနဲ့ ခေါင်းစဉ် ၁၀ ခုကို ပြန်သဘောတူတယ်။ ဒုတိယအနေနဲ့ ခေါင်းစဉ် ၁၀ ခုထဲက အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပတဲ့အခါ ဘယ်အကြောင်းအရာကို လူမျိုးအလိုက် ဆွေးနွေးမယ်၊ ဘယ်အကြောင်းအရာကို ဒေသအလိုက် အရင် ဆွေးနွေးမလဲ၊ ဘယ်ဟာကို အကြောင်းအရာအလိုက် ဆွေးနွေးမလဲဆိုတဲ့ ကဏ္ဍတွေကို ချမှတ်နိုင်ခဲ့ ပါတယ်ဟု ယနေ့ပြုလုပ်သည့် အစည်းအဝေးနှင့်ပတ်သက်၍ UPDJC ၏ အတွင်းရေးမှူး  ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း က ပြောသည်။
ဆက်လက်၍ အခုဆွေးနွေးထားတဲ့ဟာတွေ အားလုံးက ဒီမှာဆွေးနွေး ထားတဲ့ အတိုင်း အမျိုးသားအဆင့် မှာဆွေးနွေးမယ်၊ အမျိုးသားအဆင့် ဆွေးနွေးတာကို လုပ်ငန်းကော်မတီမှာ စုစည်းမယ်၊ ကော်မတီမှာ စုစည်းထားတာကို UPDJC မှာ ဆက်ဆွေးနွေးမယ်။ UPDJC မှာ ဆက်ဆွေးနွေးပြီး ညီလာခံမှာ တင်မယ်။ အားလုံးရဲ့ ဦးတည်ချက်က ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံပဲ ဖြစ်ပါတယ်ဟု  ၎င်းက ဆက်ပြောသည်။
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲစတင်ရန် အစိုးရဘက်မှ သုံးဦး၊ နိုင်ငံရေးပါတီဘက်မှ သုံးဦး၊ တိုင်းရင်းသားလက်နက်ကိုင်ဘက်မှ သုံးဦး  စုစုပေါင်း ကိုးဦးပါသည့် လုပ်ငန်းကော်မတီဖွဲ့စည်းခဲ့ကြောင်း အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေး ပွဲများတွင် ဆွေးနွေးမည့် ကဏ္ဍ ငါးခုအပေါ် လုပ်ငန်းကော်မတီများ ဖွဲ့စည်း၍ အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများက အချိုးကျ ပါဝင်ကာ အဆိုပါ လုပ်ငန်းကော်မတီများကို တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ် ကြောင်းသိရသည်။
လာမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံက ဖေဖော်ဝါရီလမှာလုပ်မှာ ဆိုတော့ ပထမအကြိမ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲက ဇန်နဝါရီလ မတိုင်မီလုပ်ဖို့ လိုတယ်။ အဲဒီလို လုပ်နိုင်ဖို့ဆိုရင် နိုဝင်ဘာလကနေစပြီး  သုံးလလုံး လုပ်သွားရမယ်။ ပြီးရင် ဆွေးနွေးချက်တွေကို စုစည်းမယ်။ စုစည်းချက်တွေကို   UPDJC ကို တင်မယ် ဟု UPDJC ၏ အတွင်းရေးမှူး  ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း က ပြောသည်။
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ၆ လတစ်ကြိမ် ကျင်းပသွားမည်ဖြစ်ပြီး   ၂၀၁၇ ခုနှစ် ဇန်နဝါရီလမတိုင်မီ  နောက်ဆုံးထား၍ ပထမအကြိမ် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို ကျင်းပနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစု ပင်လုံအကြိုပြင်ဆင်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက ဒီအစည်းအဝေးက ဆုံးဖြတ်ချက်တွေချ ပြီးတဲ့ နောက်ပိုင်းမှာ ဆောင်ရွက် စရာတွေကလည်း တော်တော်များများ ရှိလာပါတယ်၊ အထူးသဖြင့် ဒီနိုင်ငံရေး ဆွေးနွေးပွဲမှာ ဆွေးနွေးတဲ့ အကြောင်းအရာတွေကို ဘယ်လို အဆင့် ဘယ်လိုနေရာမှာ ဆက်ပြီးဆွေးနွေးမယ်၊ ဘယ်လိုပုဂ္ဂိုလ်တွေနဲ့ ဆောင်ရွက်မယ် ဆိုတဲ့ အကြောင်းအရာတွေကို ချမှတ်နိုင်ခဲ့ပါတယ်ဟု ပြောသည်။
ယနေ့ပြုလုပ်သည့် အစည်းအဝေးတွင်  အစိုးရကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး လူမျိုးအလိုက်၊ အကြောင်းအရာအလိုက်၊ ဒေသအလိုက် အခြေခံ သည့် NCA က ပြဋ္ဌာန်းသည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင် ရန် ကဏ္ဍများကို ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment