Saturday, September 17, 2016

ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂၀၁၆ ခုနှစ်၊ တတိယအကြိမ် မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲ အခမ်းအနား ကျင်းပ



နေပြည်တော်၊ စက်တင်ဘာ - ၁၇
ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂၀၁၆ ခုနှစ်၊ တတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် နေပြည်တော်၊ ဇေယျာသီရိ မြို့နယ်၊ ရေဆင်းဆည် အနီး၌ ကျင်းပရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အားပေးပြီး အထိမ်းအမှတ် သစ်ပင်ကို စိုက်ပျိုးပေးသည်။

ဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ခရေပင်ကို လည်းကောင်း၊  တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှက ကံ့ကော်ပင်ကို လည်းကောင်း စိုက်ပျိုးပေးကြသည်။
ဆက်လက်၍ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်မှ သင်တန်းသား အရာရှိကြီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးရှိ ရုံး/ ဌာနများမှ အရာရှိ၊ စစ်သည်၊ မိသားစုများက စိုက်ပျိုးပင် များအား သတ်မှတ် နေရာ အသီးသီးတွင် စိုက်ပျိုးကြရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များက   လှည့်လည် ကြည့်ရှု အားပေးကြသည်။
ယနေ့ ကျင်းပသော တတိယ အကြိမ် မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲတွင် ရတနာတန်းဝင် ကျွန်းပင် ၅၀၀၀ အား စုပေါင်း စိုက်ပျိုးခဲ့ကြောင်း သိရသည်။
အလားတူ တိုင်းစစ်ဌာနချုပ် နယ်မြေများတွင်လည်း တတိယအကြိမ် မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲများကို ယနေ့ နံနက်ပိုင်းတွင် တစ်ချိန်တည်း တစ်ပြိုင်တည်း ကျင်းပကြရာ တပ်မတော် တစ်ရပ်လုံး အနေဖြင့် ယနေ့ စိုက်ပျိုးသည့် စိုက်ပျိုးပင် စုစုပေါင်းမှာ ၃၈၄၀၄၅ ပင် ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment