Friday, September 2, 2016

ပြည်ထောင်စုရှေ့နေချုပ်နှင့် ကိုရီးယားနိုင်ငံ ဥပဒေရေးရာဝန်ကြီး တွေ့ဆုံဆွေးနွေး



နေပြည်တော် စက်တင်ဘာ ၂

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ကိုရီးယားနိုင်ငံ ဥပဒေရေးရာဝန်ကြီး H.E Mr. Jeong-boo JE ဦးဆောင်သော အဖွဲ့အား ယနေ့ ညနေ ၄ နာရီတွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံးရှိ သံတမန်ခန်းမ၌ တွေ့ဆုံသည်။


တွေ့ဆုံစဉ် ပြည်ထောင်စုရှေ့နေချုပ်ကမြန်မာနိုင်ငံ၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရား စီရင်ရေးကဏ္ဍများတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးက ပါဝင် ဆောင်ရွက် နေသည့်လုပ်ငန်းများ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ဖွဲ့စည်းပုံနှင့် ရုံးလုပ်ငန်း တာဝန်များကို ရှင်းလင်းပြောကြားပြီးနောက် ကိုရီးယားနိုင်ငံဥပဒေရေးရာဝန်ကြီးက ကိုရီးယားနိုင်ငံတွင် ပြည်သူများ အတွက် ဥပဒေအသိပညာ ရရှိစေရန် ဥပဒေရေးရာ သတင်းအချက်အလက် ဝန်ဆောင်မှုလုပ်ငန်းကို ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ထိုအတွေ့အကြုံများအရ မြန်မာနိုင်ငံအတွက် လိုအပ်သည်များကို ပူးပေါင်း ကူညီဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးကြသည်။

ဆက်လက်၍ ပြည်ထောင်စုရှေ့နေချုပ်နှင့် ဥပဒေရေးရာဝန်ကြီးတို့သည် ထိုနေ့ ညနေ ၄ နာရီ ခွဲတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသော “မြန်မာနိုင်ငံတွင် ဥပဒေသတင်းအချက်အလက် ဆိုင်ရာ စနစ်တစ်ရပ် တည်ထောင်ရေးအတွက် လုပ်ငန်းစီမံချက် နှင့်စပ်လျဉ်းသည့် တင်ပြချက်အခမ်းအနားသို့ တက်ရောက်၍ အမှာစကားများ ပြောကြားသည်။

အခမ်းအနား၌ ပြည်ထောင်စုရှေ့နေချုပ်က ပြောကြားရာတွင် ဥပဒေ သတင်းအချက် အလက်ဆိုင်ရာစနစ်တစ်ရပ် တည်ထောင်နိုင်ရေးသည် ဥပဒေရေးရာ ဖွံ့ဖြိုး တိုးတက်ရေးအတွက် သာမက နိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးကဏ္ဍ တိုးတက် ကောင်းမွန်လာစေရေး၊ ပြည်သူများသို့ ဥပဒေအသိပညာ ဖြန့်ဖြူးပေးနိုင်ခြင်းဖြင့် ဥပဒေဆိုင်ရာ အထောက်အကူများ ရရှိစေရေး၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဖွံ့ဖြိုးတိုးတက်လာစေရေး စသည်တို့အတွက် များစွာ အထောက်အပံ့ပေးနိုင်သည့် ယန္တရားတစ်ခုဖြစ်ပါကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ (၂၀၁၅-၂၀၁၉) ခုနှစ်ကာလအတွက် မဟာဗျူဟာစီမံကိန်းတွင် Online Law Database စနစ်ကို အကောင် အထည်ဖော် ဆောင်ရွက်ရန် သတ်မှတ်ထားပါကြောင်း၊ ဥပဒေသတင်း အချက်အလက်များကို မြန်မာ - အင်္ဂလိပ် နှစ်ဘာသာဖြင့် ထုတ်ပြန်တင်ပြနိုင်ပါက မြန်မာပြည်သူများ အတွက်သာမက နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအတွက်ပါ အကျိုးဖြစ်ထွန်းစေမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ကိုရီးယားနိုင်ငံ ဥပဒေရေးရာဝန်ကြီးက အမှာစကား ပြောကြားရာတွင် ဥပဒေရေးရာ သတင်းအချက်အလက် ဝန်ဆောင်မှု လုပ်ငန်းသည် ဒီမိုကရေစီစနစ် ဖွံ့ဖြိုးရေးကို အထောက် အကူဖြစ်စေပါကြောင်း၊ ဥပဒေပြု အဖွဲ့အစည်းများနှင့် ပြည်သူများအကြား ထိရောက်မြန်ဆန်စွာ ထိတွေ့စေနိုင်ပါကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကိုလည်း အထောက်အကူဖြစ်စေပါကြောင်း၊ ယခု ဆောင်ရွက်သည့် Myanmar Law Information Systemထူထောင်ရေး လုပ်ငန်းစီမံကိန်းမှာ မြန်မာနိုင်ငံအတွက် ကိုရီးယားနိုင်ငံ ဥပဒေရေးရာဝန်ကြီးဌာနမှ စီစဉ် သည့် ပထမဦးဆုံး စီမံကိန်းတစ်ရပ်ဖြစ်ပါကြောင်း၊ နောင်တွင်လည်း ပူးပေါင်းဆောင်ရွက်မှု များကို တိုးမြှင့် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။


No comments:

Post a Comment