Thursday, September 8, 2016

ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၉ ရက်မြောက်နေ့ကျင်းပ

နေပြည်တော် စက်တင်ဘာ ၈
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကို ဒီမိုကရေစီနိုင်ငံတော်အဖြစ် ပေါ်ထွန်းလာစေရန်၊ မည်သူမျှပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုတို့ကို နစ်နာဆုံးရှုံးမှုမရှိစေရန်၊ နိုင်ငံတော်သည် နိုင်ငံသားများ၏ နေအိမ်ဥပစာလုံခြုံမှု၊ ပစ္စည်းလုံခြုံမှု၊ စာပေးစာယူနှင့် အခြားဆက်သွယ်ရေးဆိုင်ရာ လုံခြုံမှုများကို ဥပဒေနှင့်အညီ အကာအကွယ်ပေးခြင်းဖြင့် တရားဥပဒေ စိုးမိုးရေးနှင့် ဘ၀လုံခြုံမှုများရရှိစေရန်ဆိုသည့် ရည်ရွယ်ချက်ကောင်းတို့ဖြင့် ရေးဆွဲထားသည့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကြမ်းကို ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် တင်သွင်းခဲ့သည်။

ပြည်သူ့လွတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၉) ရက်မြောက်နေ့တွင် ဥပဒေကြမ်းကော်မတီကိုယ်စား ထန်းတပင် မဲဆန္ဒနယ်မှ ဦးဇော်ဝင်းက အဆိုပါ ဥပဒေကြမ်းကို တင်သွင်းခဲ့ခြင်းဖြစ်သည်။
ဥပဒေကြမ်းတွင် နိုင်ငံတော်သည် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး ဒီမိုကရေစီ နိုင်ငံတော်ကို ထူထောင်ရာတွင် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့်ဘ၀ လုံခြုံမှုတို့ကို လုံလောက်သော အကာအကွယ်များ တာဝန်ခံပေးအပ် နိုင်မှသာ အောင်မြင်နိုင်မည်ဖြစ်သောကြောင့် နိုင်ငံတော်၏ လိုအပ်ချက်များနှင့်အညီ ဤဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းရခြင်းဖြစ်ကြောင်း ဥပဒေကြမ်း၏ ကျိုးကြောင်းဖော်ပြချက်တွင် ပါရှိသည်။
အစည်းအဝေးတွင် ပုဇွန်တောင်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်၏ ပြည်ထောင်စုတရားလွှတ်တော်ချုပ် သည် တရားမဒုတိယအယူခံမှု/ ပြင်ဆင်မှု/ ရာဇ၀တ် အယူခံမှု/ပြင်ဆင်မှု (တစ်ပါးထိုင်)အမှုများကို အထက်မြန်မာပြည် အတွက် မန္တလေးမြို့၌လည်းကောင်း၊ အောက်မြန်မာပြည်အတွက် ရန်ကုန်မြို့၌ လည်းကောင်း ရုံးထိုင်စစ်ဆေးပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ်တရားသူကြီး ဦးစိုးညွှန့်က ပြည်ထောင်စု တရားစီရင် ရေးဥပဒေပုဒ်မ ၁၀ တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် နေပြည်တော်တွင် ရုံးထိုင်ရမည်ဟု ပြဌာန်း ထားပါကြောင်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် နိုင်ငံတော်၏ အမြင့်ဆုံး တရားရုံးဖြစ်ပြီး နောက်ဆုံးအဆင့် ဖြစ်သည့် အယူခံမှုများပြင်ဆင်မှုများကို ရုံးထိုင်ကြားနာခြင်းဖြစ်ပါကြောင်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အနေဖြင့် ပြည်ထောင်စု တရားစီရင်ရေးဥပဒေတွင် ပြဌာန်းထားသည့် အခြားဝန်ကြီးဌာနများ၊ ဗဟိုအဖွဲ့အစည်းများကဲ့သို့ နေပြည်တော်တွင် ရုံးထိုင်၍ အမှုတွဲများကို စစ်ဆေးစီရင်ခြင်းဖြစ်ပါကြောင်း၊ နေပြည်တော်သည် မြန်မာနိုင်ငံ၏ ဗဟို အချက်အချာအလယ်ဗဟို တွင်ရှိသည့်အတွက် အထက်ဒေသများဖြစ်သည့် ကချင်၊ ရှမ်းစသည့်ဒေသများ၌ လည်းကောင်း၊ အောက်ပိုင်း ဒေသများဖြစ်သည့် တနင်္သာရီတိုင်းဒေသကြီးနှင့်အခြား ဒေသများသည် နေပြည်တော်သို့ လွယ်ကူချောမွေ့စွာ သွားလာနိုင်ပါကြောင်း၊ လက်ရှိအခြေအနေတွင် တိုင်းဒေသကြီး တရားလွှတ်တော်နှင့်ပြည်နယ် တရားလွှတ်တော်များ ရုံးထိုင်ရာဒေသဖြစ်သည့် မန္တလေးမြို့နှင့်ရန်ကုန်မြို့များတွင် ရုံးထိုင်စစ်ဆေးရန် အစီအစဉ် မရှိသေးပါကြောင်း ဖြေကြား သည်။
ဂန့်ဂေါမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်၏ ဆက်သွယ်ရေး တာဝါတိုင်ကန်ထရိုက်ရရှိသော ကုမ္ပဏီအချို့သည် ချမှတ်ထားသော စာချုပ်ပါစည်းကမ်း များတိကျစွာ လိုက်နာမှုမရှိဘဲ တာဝါတိုင်တွင် အသုံးပြုထားသော မီးစက်များမှ ဆူညံသံကြောင့် ပတ်ဝန်းကျင် အနှောင့်အယှက်ဖြစ်နေပါသဖြင့် သက်ဆိုင်ရာမှ ကိုယ်တိုင်ကွင်းဆင်းလေ့လာ စစ်ဆေးပြီး ဆူညံမှုများလျော့နည်း သက်သာစေရန် မည်သို့စီစဉ်ဆောင်ရွက် ပေးမည်ကို သိလိုခြင်းနှင့် မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြည်တွင်း/ပြည်ပအော်ပရေတာများ အနေဖြင့် မိုဘိုင်းဆက်သွယ်ရေးစခန်းများနှင့် တာဝါတိုင်များတည်ဆောက်ရာတွင် လျှပ်စစ်မီးရရှိနိုင်သည့်နေရာများ ပါဝင်သကဲ့သို့ လျှပ်စစ်မီးမရရှိသောနေရာများလည်း ပါဝင်ကြောင်း၊ လျှပ်စစ်မီးမရရှိသော နေရာများတွင် မြေနေရာ လုံလောက်မှုရှိပါက နေရောင်ခြည်စွမ်းအင်သုံးဆိုလာစနစ်ကို အသုံးပြုသော်လည်း မီးစက်များအား အရန်ဓာတ်အား ပေးစနစ်အဖြစ် အသုံးပြုနေရပါကြောင်း၊ မီးစက်များကို အသုံးပြုရမည်ဆိုပါက ဆူညံသံလျော့နည်းသည့် Sound Proof အမျိုးအစား မီးစက်များအား အသုံးပြုလျက် ရှိပါကြောင်း၊ မီးစက်များမှ ဆူညံသံကြောင့် ပတ်ဝန်းကျင် အနှောင့်အယှက် မဖြစ်စေရန် နေ့ပိုင်းအချိန်တွင် မောင်းနှင်စေပြီး ညပိုင်းအချိန်တွင် Battery Bank များဖြင့် တိုးချဲ့ဆောင်ရွက်လျက် ရှိပါကြောင်း၊ မီးစက်ဆူညံသံကြောင့် တိုင်ကြားမှုများ ရှိလာပါက ကွင်းဆင်းစစ်ဆေး ဖြေရှင်းဆောင်ရွက်ပေးလျက် ရှိကြောင်း ဖြေကြားသည်။

မိုးကောင်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်၏ မြစ်ကြီးနား-မန္တလေးလမ်းပိုင်းတွင် စုန်/ဆန်ပြေးဆွဲလျက် ရှိသည့် မြန်မာ့မီးရထားမှ လူစီးတွဲများအား ပိုမိုကောင်းမွန်သည့် တွဲဆိုင်းများဖြင့် အစားထိုးပေးရန်နှင့် မီးရထား ၀န်ထမ်းများအတွက် ပြည်သူ့ဆက်ဆံရေးသင်တန်းများ ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က မြစ်ငယ်စက်ရုံမှ အသစ် တည်ဆောက်ပြီးစီးသည့် ခေတ်မီအိပ်စင် (၁)တွဲစီကို အမှတ် (၅၅) အဆန်နှင့် အမှတ် (၅၆) အစုန်ရထား တွဲဆိုင်း (၃) ဆိုင်းတွင် ထပ်မံဖြည့်စွက် ချိတ် ဆက်ပေးမည့်အပြင် အဆင့်မြှင့်ပြုပြင်၍ ထွက်ရှိလာသည့် ရိုးရိုးတန်းအသစ်(၁)တွဲစီကို လည်း လဲလှယ်ပေးသွားမည်ဖြစ်ကြောင်း၊ ကိုရီးယားသမ္မတနိုင်ငံ EDCF ချေးငွေ အမေရိကန်ဒေါ်လာ (၄၅)သန်းဖြင့် ခေတ်မီလေအိတ် ဘိုဂီတွဲသစ်(၁၀၀) ၀ယ်ယူရေး ဆောင်ရွက်လျက်ရှိရာ တွဲဆိုင်းများရောက်ရှိလာပါက ကိုရီးယားတွဲသစ် (၃၆) တွဲကို မန္တလေး-မြစ်ကြီးနားလမ်းပိုင်းတွင် အစားထိုးပြေးဆွဲ ပေးမည်ဖြစ်ကြောင်း၊ မြစ်ငယ်စက်ရုံတွင် ကိုရီးယား လူစီးတွဲဟောင်း(၄၀)အား သက်တမ်းဝက်အဆင့် မြှင့်တင်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ထွက်ရှိလာသည့်လူစီးတွဲ သစ်များမှ (၆)တွဲအား အဆိုပါ လမ်းပိုင်းတွင် အစားထိုးလဲလှယ် ပြေးဆွဲသွားမည်ဖြစ်ကြောင်း၊၂၀၁၆ ခုနှစ်အတွင်း လုပ်ငန်း စွမ်းဆောင်ရည်နှင့် ပြည်သူ့ဆက်ဆံရေးအတွက် ဂျပန်နိုင်ငံမှ သင်တန်းဆရာဖြင့် အရာရှိနှင့်ကြီးကြပ်ရေးအဆင့် ၀န်ထမ်း များအား (၈) ကြိမ်၊  (The Oversea Human Resources and Industy Development Association – HIDA)မှ အရာရှိနှင့် ကြီးကြပ်ရေးအဆင့် ၀န်ထမ်းများအား (၂) ကြိမ်၊ အထွေထွေ မန်နေဂျာ (အောက်မြန်မာ ပြည်) ရုံးတွင် အရာရှိအဆင့်နှင့် ကြီးကြပ်ရေးအဆင့်ဝန်ထမ်းများအား(၂) ကြိမ်သင်တန်း ပို့ချခဲ့ပြီး အဆိုပါသင်တန်း တက်ရောက်ခဲ့သည့် သူများမှ ဆင့်ပွားသင်တန်း ပို့ချပေးခြင်းကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။ 

No comments:

Post a Comment