Thursday, September 8, 2016

အားလုံးအတွက်ပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပညာရေးအတွက် အားလုံးကဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြရမည်

နေပြည်တော် စက်တင်ဘာ ၈
၁၉၆၆ ခုနှစ်ကစပြီး ပထမဆုံးနိုင်ငံတကာ စာတတ်မြောက်ရေးနေ့အခမ်းအနားကို ကမ္ဘာ့နိုင်ငံများ၊ အဖွဲ့အစည်းများမှာ နှစ်စဉ်ကျင်းပလာခဲ့ရာ ယခုအချိန်တွင် နှစ် (၅ဝ) ပြည့်‌မြောက်ခဲ့ပြီဖြစ်ကြောင်း၊ စာတတ်မြောက်ရေး လုပ်ငန်းတွေမှာ နိုင်ငံတကာ ပြည်သူလူထုရဲ့ အကြံဉာဏ်များ၊ စိတ်ပါဝင်စားမှုများနှင့် တက်ကြွစွာပံ့ပိုးကူညီမှုများကို ရယူဆောင်ရွက်နိုင်ရန်
ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံတွင် ပညာရေးဝန်ကြီးဌာနနှင့် မြန်မာယူနက်စကိုအမျိုးသား ကော်မရှင်တို့ကကြီးမှူးပြီး နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားများကို နှစ်စဉ်ကျင်းပလျက်ရှိကြောင်းဖြင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂၁)၌ ကျင်းပသော နှစ်(၅ဝ)ပြည့် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားတွင်  ပြောကြားသည်။
ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြို့နယ်အလိုက် စာတတ်မြောက်ရေး လှုပ်ရှားမှုကို ၁၉၆၄ ခုနှစ်မှ ၁၉၆၈ခုနှစ်အထိ စမ်းသပ်ကာလ အဖြစ်ဆောင်ရွက်ခဲ့ပြီး ၁၉၆၉ခုနှစ်မှ စတင်ကာ နိုင်ငံတစ်ဝန်းလုံးမှာ အမျိုးသား ရေးလှုပ်ရှားမှု အသွင်နှင့်ဆောင်ရွက်ရန် ဒေသများသတ်မှတ်ပြီး ဒေသခံလုပ်အားပေးကျောင်းသူ ကျောင်းသားတို့ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံမှာ စာတတ်မြောက်ရေးလုပ်ငန်းကို အမျိုးသားရေး လှုပ်ရှားမှုအသွင်ဖြင့် အားသွန် ခွန်စိုက်ဆောင်ရွက်ခဲ့မှုကြောင့် ယူနက်စကိုကချီးမြှင့်တဲ့ မိုဟာမက်ရီဇာဖာလာဗီဆုကို ၁၉၇၁ ခုနှစ်မှာလည်းကောင်း၊ နိုမာဆုကို ၁၉၈၃ ခုနှစ်မှာ လည်းကောင်းရရှိခဲ့ကြောင်း။
 ယနေ့ကာလတွင် နိုင်ငံသားတိုင်းအားလုံး အခြေခံစာတတ် မြောက်ရေးအတွက် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူပြီး သက်ကြီးအရွယ် စာတတ်မြောက်ရေး လုပ်ငန်းများကို စနစ်တကျကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ သက်ကြီးစာမတတ်သူများကို ပညာရေးဝန်ကြီးဌာနတစ်ခုတည်းသာမက ဆက်စပ် ဝန်ကြီးဌာနများ၊ ယူနက်စကို၊ ယူနီဆက်အဖွဲ့အစည်းများအပြင် အခြားပညာရေး ဖွံ့ဖြိုးမှုမိတ်ဖက်များ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနဲ့ပူးပေါင်းပြီး ကျောင်းပြင်ပ ပညာရေး (Non-Formal Education) ကို အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း၊ ယခု ၂၀၁၆ ခုနှစ် သက်ကြီးစာတတ်မြောက်ရေးလုပ်ငန်းကို ဆောင်ရွက်ရာတွင် သက်ကြီးစာမတတ်သူပေါင်း (၂၀၅၂၇) ဦးကို စာသင်ဝိုင်းပေါင်း (၂၀၈၀) ဝိုင်းဖွဲ့ပြီး တက္ကသိုလ် ကျောင်းသား ကျောင်းသူ (၁၈၈၁) ဦး၊ ကြီးကြပ်ဆရာဆရာမ (၂၀၉) ဦး၊ ဒေသခံလုပ်အားပေး (၁၉၃၁) ဦး စုစုပေါင်း (၄၀၂၁) ဦးတို့က နွေရာသီကာလမှာ သင်ကြားပေးခဲ့ကြကြောင်း၊ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွင်းမှာ ကယားပြည်နယ်လုံးကျွတ် စာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်ရန် စီစဉ်လျက် ရှိကြောင်း၊ ယနေ့အစိုးရသစ်လက်ထက်မှာ ပညာရေးဝန်ကြီးဌာန အောက်တွင်ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေး ဦးစီးဌာန (Department of Alternative Education-DAE) ကို အသစ်ဖွဲ့စည်ထားကြောင်း၊ ကျောင်းပြင်ပ ပညာရေး ဦးစီးဌာနအနေဖြင့် သက်ကြီးစာတတ်မြောက်ရေးလုပ်ငန်းစဉ်ကို စနစ်တကျစီမံချက်များချမှတ်ပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးမှာဖြစ်ကြောင်း။
ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းပညာရေး (Formal Education) နှင့် ကျောင်းပြင်ပ ပညာရေး (Non-Formal Education) တို့ကို ဟန်ချက်ညီညီတိုးတက်အောင် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းပညာရေးမှာ အခမဲ့အခြေခံ ပညာရေးစနစ်ကို အကောင်အထည်ဖော် ဦးတည်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပညာရေးဝန်ကြီးဌာနက ကျောင်းပညာ ရေးအတွက် အခမဲ့အခြေခံပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်း၊ ကျောင်းအဆင့်တိုးမူ သတ်မှတ် ချက်ကို ဖြေလျော့ပြီး ကျောင်းအဆင့်များ တိုးမြှင့်ဖွင့်လှစ်ပေးခြင်း၊ သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးနေခြင်းကြောင့် ဒေသအလိုက် သင်ယူမှုအခွင့်အလမ်း ပိုမိုတိုးမြင့်လာပြီး ကျောင်းနေနှုန်း၊ ကျောင်းနေမြဲနှုန်းမြင့်မားလာခဲ့ကြောင်း၊
ကျောင်းပညာရေးမှာ ကျောင်းနေအရွယ် ကလေးအားလုံးကျောင်းနေရေးအတွက် စီစဉ်ဆောင်ရွက်ပေးခြင်းအားဖြင့် နောင်ကာလမှာ သက်ကြီးစာမတတ်သူဦးရေ လျော့ပါးကျဆင်းသွားမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ၂ဝ၁၆ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် Video Clip ကို ပြသသည်။ ယင်းနောက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Mr. Ban Ki-Moon က ၂ဝ၁၆ ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့သို့ ပေးပို့သော သဝဏ်လွှာကို ယူနက်စကိုဌာနေကိုယ်စားလှယ် Mr.ALam Sardar Umar က ဖတ်ကြားသည်။
ဆက်လက်၍ ယူနက်စကိုညွှန်ကြားရေးမှူးချုပ် Ms. Irina Bokဝva က ၂၀၁၆ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့သို့ ပေးပို့သော သဝဏ်လွှာကို မြန်မာနိုင်ငံယူနက်စကို အမျိုးသားကော်မရှင် အထွေထွေအတွင်းရေးမှူး၊ ဗန်းမော်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်က ဖတ်ကြားသည်။

၂၀၁၆ ခုနှစ် နှစ် (၅ဝ) ပြည့် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အခမ်း အနားအပြီးတွင် ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် ၂၀၁၆ ခုနှစ် နှစ် (၅ဝ) ပြည့် နိုင်ငံတကာ စာတတ်မြောက် ရေးနေ့ ပြခန်းအတွင်း ခင်းကျင်းပြသထားသည်များကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

No comments:

Post a Comment