Sunday, September 18, 2016

အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ရန်ကုန်မြို့၊ ကမ္ဘာအေး မိုးလေ၀သ စခန်းရှိ မိုးလေ၀သ ခန့်မှန်းရေး ရေဒါတာဝါသို့ သွားရောက်ကြည့်ရှုစစ်ဆေး


ရန်ကုန် စက်တင်ဘာ ၁၈

အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ မရမ်းကုန်း မြို့နယ် ကမ္ဘာအေးစေတီလမ်းရှိ မိုးလေ၀သနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာန၊ ကမ္ဘာအေး မိုးလေ၀သစခန်းတွင် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) ၏ အကူအညီဖြင့် ဆောင်ရွက်ခဲ့သည့် မိုးလေ၀သ ခန့်မှန်းရေး ရေဒါတာဝါသို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။


ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူအား အစည်းအဝေးခန်းမ၌ မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ  ရာသီဥတု စောင့်ကြည့် လေ့လာရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း စီမံကိန်း (ရေဒါတည်ဆောက်ခြင်း စီမံကိန်း) ဆောင်ရွက်နေမှု၊ မိုးလေ၀သ သတိပေး နှိုးဆော်ချက်များကို အက်ဖ်အမ်ရေဒီယိုနှင့် ရုပ်သံလွှင့်လိုင်းများ၊  သတင်းစာများနှင့် လူမှုကွန်ယက်များပေါ်တွင် ထုတ်လုပ်ဖြန့်ချိ ပေးနေမှု၊ မိုးလေ၀သနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ ရာသီဥတု စောင့်ကြည့်လေ့လာရေး လုပ်ငန်းများကို နိုင်ငံတကာ နှင့် ပူးပေါင်း ဆောင်ရွက်နေမှုနှင့် ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်တို့နှင့် စပ်လျဉ်း၍  ရှင်းလင်း တင်ပြပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဋ္ဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဖြည့်စွက်ရှင်းလင်း တင်ပြသည်။

ရှင်းလင်းတင်ပြမှုများနှင့် စပ်လျဉ်း၍ ဒုတိယ သမ္မတက မိုးလေ၀သ ခန့်မှန်းချက်များသည် လယ်ယာ စိုက်ပျိုးရေးကို အခြေခံသည့် မိမိတို့နိုင်ငံအတွက် အရေးကြီးပါကြောင်း၊ ခန့်မှန်းချက်များကို ပြည်သူတို့ထံ တိတိကျကျ မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန် ထုတ်ပြန် ပေးနိုင်ရန် ကြိုးစားဆောင်ရွက်ရန် လိုအပ်ပါကြောင်းဖြင့် မှာကြားပြီး မိုးလေ၀သ ခန့်မှန်းရေး ရေဒါတာဝါ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေများကို ကြည့်ရှု လေ့လာသည်။

မိုးလေ၀သနှင့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာနသည် မိုးလေ၀သနှင့် ဇလဗေဒ ခန့်မှန်းချက်နှင့် သတိပေးချက်များကို ထုတ်ပြန်ပေးခြင်း၊ မြေငလျင်သတင်းဆူနာမီ သတိပေးချက်များ ထုတ်ပြန်ခြင်း၊ တိုင်းတာချက်များကို သတ်မှတ်ချိန်များတွင် တိုင်းထွာရယူခြင်း၊ မှတ်တမ်း အချက်အလက်များကို ပြည်တွင်း ပြည်ပ ဖလှယ်ခြင်း၊ တိုင်းတာရရှိသော မှတ်တမ်းအချက် အလက်များကို မိုးလေ၀သ မြေပုံများ၊ ဂရပ်များ ပေါ်တွင် ရေးဆွဲခြင်းနှင့် နိုင်ငံတကာ မိုးလေ၀သ အဖွဲ့အစည်းများ၏ ခန့်မှန်းချက်များကို ဆန်းစစ်ခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ သဘာဝ ဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး လုပ်ငန်းများအတွက် ဆိုင်ကလုံးမုန်တိုင်း တိုက်ခိုက်မှုကို ကြိုတင် သိရှိနိုင်ရန်အတွက် JICA အကူအညီဖြင့် မိုးလေ၀သ ရေဒါသုံးလုံးနှင့် အလိုအလျောက် မိုးလေ၀သ တိုင်းတာရေး ကိရိယာ ၃၀ အား (၂၀၁၃-၂၀၁၇)ခုနှစ်အတွင်း တပ်ဆင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။


ရခိုင်ပြည်နယ် ကျောက်ဖြူရှိ မိုးလေ၀သ ရေဒါကို ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် လက်ခံရရှိပြီး ရန်ကုန် ကမ္ဘာအေး မိုးလေ၀သ ရေဒါမှာ ယခုနှစ် အောက်တိုဘာလတွင် လုပ်ငန်းများ စတင်နိုင်မည်ဖြစ်ကာ မန္တလေးမြို့ မိုးလေ၀သ ရေဒါသည် ၂၀၁၇ ခုနှစ် မေလ၌ ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။ 

No comments:

Post a Comment