Thursday, September 15, 2016

မိုင်းရှင်းလင်းရေးရှေ့ပြေးစီမံချက်ဧရိယာအဖြစ် ကရင်ပြည်နယ်တွင်စတင်ဆောင်ရွက်ရန်တပ်မတော်ဘက်မှ အဆိုပြု

ရန်ကုန် စက်တင်ဘာ ၁၅
မိုင်းရှင်း လင်းရေးရှေ့ပြေးစီမံချက်ဧရိယာ၊ ရှေ့ပြေးလုပ်ဆောင်မည့် နေရာတစ်ခုအဖြစ် ကရင်ပြည်နယ် အားသတ်မှတ်၍ စတင်ဆောင်ရွက်ရန် တပ်မတော်ဘက်က အဆိုပြုခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများဘက်က နိုဝင်ဘာလတွင် ပြုလုပ်မည့် အဋ္ဌမအကြိမ် JMC-U  အစည်းအဝေးတွင် ပြန်လည်ဆွေးနွေးမည်ဟု အတည်ပြုခဲ့ကြောင်း ယနေ့ပြုလုပ်သည့် JMC-U အစည်းအဝေးမှ သိရသည်။

စက်တင်ဘာ ၁၃ရက်မှ စတင်၍ သုံးရက်ကြာ ပြုလုပ်ခဲ့သည့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) ၏ သတ္တမအကြိမ် တတိယနေ့အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC ) ရန်ကုန်ရုံးခွဲတွင် ကျင်းပခဲ့သည်။ ယနေ့ အစည်းအဝေးတွင် မိုင်းရှင်းလင်းရေး (Demining) ကိစ္စအား ဆွေးနွေးခြင်းနှင့် အထွေထွေ ဆွေးနွေးခြင်း တို့ကိုပြုလုပ် ခဲ့သည်။
မိုင်းရှင်းလင်းရေး အတွက်က Pilot ဧရိယာ ရှေ့ပြေးလုပ်ဆောင်မယ့် နေရာတစ်ခု သက်မှတ်ပြီးမှသာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ဘက်က ပြန်ဆွေးနွေးပါမယ်။ ရှေ့ပြေးလုပ်ဆောင် မယ့် နေရာတစ်ခု သက်မှတ်ပြီး စတင်ဆောင်ရွက်ဖို့ ကျွန်တော်တို့က အဆိုပြုပါတယ်။ဒါကို သူတို့က သဘောတူတယ်။ ရှေ့လာမယ့် JMC-U  အစည်း အဝေးမှာ ပြန်ပြီးတော့ ဆွေးနွေးဖို့ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က အတည်ပြုပါတယ်။ ရှေ့ပြေးလုပ်ဆောင်မဲ့ ဧရိယာတစ်ခု သတ်မှတ်အတည်ပြု ပြီးပြီဆိုရင်တော့ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ပူးပေါင်းပြီး ရှင်းလင်းသွားမှာ ဖြစ်ပါတယ် ဟု JMC-U ၏အတွင်းရေးမှူး(၂)ဗိုလ်မှူးကြီးဝဏ္ဍအောင်ကပြောသည်။
မိုင်းရှင်းလင်းရာတွင် ပြည်ပမှနည်းပညာနှင့် အထောက်အကူသာယူ၍ မိုင်းရှင်းလင်းရေး လုပ်ဆောင် ရာတွင် တပ်မတော်နှင့် NCA စာချုပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း များကသာ ပူးပေါင်းပြီးရှင်းလင်းမည်ဖြစ်ကြောင်း သိရသည်။
JMC-U ၏ ဒုတိယဥက္ကဋ္ဌ(၁) စောအိုင်းဇက်ဖိုးက “မိုင်းရှင်းလင်းရေးကိစ္စက နှစ်ဖက်ယုံကြည်မှုမြင့်လာတဲ့ အချိန်မှာ လုပ်ရမှာပေါ့။ မိုင်းရှင်းလင်းရေး ကိစ္စကို လူမျိုးစု အဖွဲ့အစည်းတွေမှာလည်း လုပ်ထားတာရှိတယ်လေ။ ကြိုတင်ပြင်ဆင် ထားတာ ရှိတော့ အစိုးရ ဘက်ကလည်း အတူတူတွဲပြီး လုပ်မယ်ဆို အခက်အခဲသိပ်မရှိပါဘူး။ အချိန်ကာလက အတိအကျ ပြောလို့မရဘူး။ ဘယ်နေရာမှာ စလုပ်မယ် ရှင်းလင်းမယ် ဆိုတာကနေ အဆင့်ဆင့်သွားရမှာပေါ့။ အောက်ခြေမှာ သူပုံစံနဲ့သူရှင်းနေတာရှိတယ်။ အခုလောလော ဆယ်တော့ စစ်ဘေးရှောင်(IDPs) တွေ ပြန်ဝင်လာမယ့် နေရာတွေမှာ ပထမဦးစားပေး ရှင်းရမှာပါ။မိုင်းရှင်း လင်းဖို့ အခက်အခဲတော့ မရှိပါဘူး ဟုပြောသည်။
JMC-U ၏ သတ္တမ အကြိမ်မြောက် အစည်းအဝေး ရလဒ်များအဖြစ် အောက်တိုဘာ ၁၄ ရက်တွင် ပဲခူးတိုင်း(တောင်ငူ) တွင် JMC-S ဖွဲ့ရန်၊ နိုဝင်ဘာလ အစည်းအဝေးတွင် ဆုံးဖြတ်ချက်များ ထပ်မံချမှတ်၍ ချင်းပြည်နယ်(ဟားခါး)တွင် JMC-S ဖွဲ့ရန်၊ နယ်မြေပိုင်းခြား သက်မှတ်မှုများနှင့် ပတ်သက်၍ တပ်မတော်ဘက်မှ တပ်မှူးများနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ဘက်မှတပ်မှူးများ ကော်မတီဖွဲ့၍ ဆွေးနွေးရန်၊
NCA လက်မှတ် ရေးထိုးထားသည့် နေရာများတွင်  ချိုးဖောက်မှုများ  ရှိလာပါက စိစစ်အတည်ပြုရေးအဖွဲ့ (Verification Team) က သွားရောက်၍ စစ်ဆေး တာဝန်ယူဆောင်ရွက်ရန်၊ မိုင်းရှင်းလင်းရေး ကိစ္စများအတွက် Pilot Project ထားကာ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ပူးပေါင်းရှင်းလင်းရန်နှင့် ဘတ်ဂျက် ကိစ္စရပ်များကို ဆွေးနွေးနိုင်ခဲ့သည်။ ထို့ပြင် JMC-U အလုပ်အမှုဆောင် ညွှန်ကြားရေးမှူးနှင့် ဒုတိယအလုပ် အမှုဆောင် ညွှန်ကြားရေးမှူး၊ အတွင်းရေးမှူးတို့၏ လုပ်ငန်းလမ်းညွှန်၊ လုပ်ငန်းတာဝန်များအား အတည်ပြုနိုင်ခဲ့သည်။

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) ၏ အဋ္ဌမအကြိမ် အစည်းအဝေးကိုမူ နိုဝင်ဘာတတိယပတ်တွင် ပြန်လည်ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ 
သတင်း..ရဲခေါင်ညွန့်၊ဓါတ်ပုံ..ဖိုးထောင်

No comments:

Post a Comment