Thursday, September 22, 2016

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၃၈) ရက်မြောက်နေ့ ကျင်းပ


ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၃၈) ရက်မြောက်နေ့ ကို ယနေ့ နံနက် ၁၀ နာရီတွင် ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ မေးခွန်း (၈) ခုမေး မြန်းဖြေကြားခြင်း၊ အရေးကြီးအဆိုနှင့်အဆိုတစ်ခု တင်သွင်းခြင်း၊  အစီရင်ခံစာတစ်ခု ဖတ်ကြားခြင်းတို့ ဆောင်ရွက်ကြသည်။

ဇမ္ဗူသီရိမဲဆန္ဒနယ်မှ ဦးဖြိုးဇေယျာသော်၏ ပြည်ပမှဆေးနှင့် ဆေးပစ္စည်း ထုတ်လုပ်ဖြန့်ချိ သောဆေးကုမ္ပဏီများသည် ပြည်တွင်းသို့ ဆေးဝါးများဖြန့်ချိရာတွင် မူလဆေးဝါး ဖြန့်ချိရေးကုမ္ပဏီမှ N.O.C ကန့်ကွက်ရန်မရှိကြောင်း အသိပေးစာပါဝင်မှသာ ဖြန့်ချိရေးကုမ္ပဏီအသစ်တစ်ခုပြောင်းလဲ နိုင်ခြင်းအား ပယ်ဖျက်ပေးရန်အစီစဉ်ရှိ/မရှိမေးခွန်း၊ ဘူးသီးတောင်မဲဆန္ဒနယ်မှ ဦးအောင်သောင်းရွှေ၏ ဘူးသီးတောင်မောင်တောဒေသများအား လူဦးရေတိုးပွားနှုန်းထိန်းညှိခြင်း ဆိုင်ရာကျန်းမာရေးစောင့်ရှောက်မှုဥပဒေအရ ကျန်းမာရေး စောင့်ရှောက် ဆောင်ရွက်မည့်ဒေသအဖြစ် သတ်မှတ်ပေးရန်အစီစဉ် ရှိ/မရှိ မေးခွန်းများနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက အစားသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် အမျိုးသားဆေးဝါး ဥပဒေပါ ပြဌာန်းချက် များနှင့်အညီ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်၊ ဗဟိုအစားသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေး ကော်မတီ၊ ဆေးဝါးအကြံပေးကော်မတီ တို့၏ ကြပ်မတ်မှုများဖြင့် ဆေးဝါးမှတ်ပုံတင်ခြင်း၊ ထုတ်လုပ်ခြင်း၊ တင်သွင်း ဖြန့်ဖြူး ရောင်းချခြင်း အစရရှိသည့်လုပ်ငန်းများကို ကြပ်မတ်ဆောင် ရွက်လျက်ရှိသည့်အပြင် ဈေးကွက်ရှိဆေးဝါးများကို အရည် သွေးစစ်ဆေးခြင်း၊ ဆေးဝါး ဘေးထွက်ဆိုးကျိုးများကို စောင့်ကြပ်ကြည့်ရှုခြင်းနှင့် စည်းကမ်းဖောက်ဖျက်သူများကို အမျိုးသား ဆေးဝါး ဥပဒေအရအရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း။
အမျိုးသားဆေးဝါး ဥပဒေအရမှတ်ပုံတင် ထားရှိသောဆေးဝါးများကို ဆေးဝါး တင်သွင်းခြင်းလုပ်ငန်း လုပ်ကိုင်ခွင့် လက်မှတ် လျောက်ထားရာတွင် လိုက်နာရမည့် အချက်များကို ဖော်ပြထားပြီး တင်သွင်း ဖြန့်ချိမည့်ကုမ္ပဏီ၏ တင်ပြ အထောက်အထားများ စိစစ်မှန်ကန်ပါက ကုမ္ပဏီသို့တစ်ကြိမ် တင်သွင်းခွင့် ခွင့်ပြုဆောင်ရွက်ပါကြောင်း၊ ကောင်းမွန်သော ဆေးသိုလှောင်မှု ကျင့်စဉ်နှင့် ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ပြီးသတ်မှတ်ချက်နှင့် ကိုက်ညီပါက ဆေးဝါးတင်သွင်းခွင့် လုပ်ငန်းလုပ်ကိုင်ခွင့် လက်မှတ်ကို သက်တမ်းသုံးနှစ်သတ်မှတ်ခွင့် ပြုပါကြောင်း။
ဆေးဝါးတင်သွင်းခွင့် လျောက်ထားရာတွင် တရားဝင်ကိုယ်စားလှယ် ခန့်အပ်စာသည် အဓိကကျပါကြောင်း၊ ဆေးဝါး ပိုင်ရှင်က တစ်ဦးတည်း တင်သွင်းဖြန့်ချိရေး ကိုယ်စားလှယ်ခန့်ထားပါက မိမိတို့အနေဖြင့် မည်သို့မျှ လုပ်ဆောင်၍ မရကြောင်း၊ အခြားကုမ္ပဏီက တင်သွင်းခွင့်မရှိပါကြောင်း၊ တစ်ဦးတည်း တင်သွင်းဖြန့်ချိခွင့်ခန့်အပ် သောကုမ္ပဏီ၏ No Objection letter ရရှိမှသာ အခြားကုမ္ပဏီတစ်ခုက ဆေးဝါးတင်သွင်း ခွင့်ရှိမည်ဖြစ်ကြောင်း၊ ဤကိစ္စကိုပြောင်းလည်းရန် လိုအပ်မည်ဆိုပါက  ဥပဒေကိုပြင်ရ မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
၂၀၁၅ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၈ ဖြင့်ပြဌာန်းခဲ့သည့် လူဦးရေ တိုးပွား ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေတွင် ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်မည့်ဒေသသတ်မှတ်ခြင်းကို အခန်း(၃) တွင်ဖော်ပြထားပါ ကြောင်း၊ ၂၀၁၆ ခုနှစ်မှ စတင်၍ UNFPA အထောက်အပံ့ဖြင့် မျိုးဆက်ပွားကျန်းမာရေး လုပ်ငန်းစီမံချက် ဆောင်ရွက်လျက်ရှိပြီး သားဆက်ခြားလုပ်ငန်း၊ မိသားစုကျန်းမာရေး လုပ်ငန်း၊ မိခင်နှင့်ကလေးကျန်းမာရေး ကဏ္ဍများကိုဦးစားပေးဆောင်ရွက်လျက်ရှိပြီး မိခင်သေဆုံးမှုနှင့် ကလေးသေဆုံးမှုများကျဆင်း ရေးနှင့်ကာကွယ်ဆေးထိုး လုပ်ငန်းများကို အထူးဂရုပြုဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ဖြေကြားသည်။
တွံတေးမဲဆန္ဒနယ်မှ ဦးမြင့်လွင်၏ ဧ၀ရတ်တောင်ထိပ်သို့ တက်ရောက်နိုင်ခဲ့ပြီး မြန်မာနိုင်ငံတော်အလံကို လွှင့်ထူ ကာကမ္ဘာ့ အလယ်တွင် မြန်မာနိုင်ငံ၏ပုံရိပ်ကို မြင့်မားထည်ဝါ စေခဲ့သောလူပုဂ္ဂိုလ်နှင့်အဖွဲ့စည်းများအား ဂုဏ်ပြုချီးမြှောက်ရန် အစီစဉ်ရှိ မရှိမေးခွန်း၊ မြောက်ဦး မဲဆန္ဒနယ်မှ ဦးဦးလှစော၏ မြောက်ဦးမြို့မှ အဆောက်အဦဟောင်း တစ်ခုပမာစွန့်ပစ်ထားသော ယခင်ပြည်သူ့ဆေးရုံဟောင်းနှင့် ပတ်သက်၍ ညှိနှိုင်းဖြေရှင်းရန်နှင့် ဆေးရုံဟောင်းတွင် ကျန်းမာရေး လုပ်ငန်းများ၊ ရုံးများ ဖွင့်နိုင်/မဖွင့်နိုင်တို့ကို သိရှိလိုခြင်းမေးခွန်း များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက တောင်တက် အားကစား သမားများဖြစ်သည့် ကိုဝင်းကိုကိုနှင့် ကိုပြည့်ဖြိုးအောင် တို့ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ငွေကျပ် ၁၀ သိန်းစီနှင့် ထူးဖောင်ဒေးရှင်းက  ငွေကျပ်သိန်း ၁၀၀ စီဂုဏ်ပြုချီးမြှင့်ခဲ့ပါကြောင်း၊ ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၅ ရက်တွင် ၄င်းတို့၏ ပုံတူကိုယ်တစ်ပိုင်းရုပ်တုများ ထုဆစ်၍နေပြည်တော်ရှိ မြန်မာ့ အားကစားမော်ကွန်း ခန်းမတွင် ထပ်မံဂုဏ်ပြုထားရှိပါကြောင်း၊ တောင်တက် အားကစားသမားများ၏ တောင်တက်ပစ္စည်းကိရိယာများ၊ အ၀တ်စားများ၊ ရွက်ဖျင်တဲများ၊ အစားအစာများ၊ ဆေးဝါးများ၊ အောက်ဆီဂျင်ပစ္စည်းများနှင့် ငွေကြေးအပါဝင် အစစအရာရာ ကူညီပံ့ပိုး ပေးခဲ့သည့် ထူးဖောင်ဒေးရှင်း၊ တောင်တက်သမားများကိုမွေးထုတ်ပေးခဲ့သည့် TCCM ခြေလျင်တောင်တက်အသင်းနှင့် မြန်မာနိုင်ငံခြေလျင်တောင်တက်အဖွဲ့ချုပ်တို့ကို ဂုဏ်ပြုလွှာများပေးအပ်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသည် မြောက်ဦးယဉ်ကျေးမှုနယ်မြေကို ယဉ်ကျေးမှု အမွေအနှစ်ဒေသအဖြစ် သတ်မှတ်၍ကာကွယ်ထိန်းသိမ်းခြင်း၊ ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက် လျက်ရှိပါကြောင်း၊ ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာန၏ လိုအပ်ချက်နှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ နှစ်စဉ်ရရှိရန်ပုံငွေ၊ ရေရှည် လုပ်ငန်း စီမံချက် များအရ လုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ နန်းတော် မြင်ကွင်းကို ကွယ်နေသည့် ဆေးရုံဟောင်း အဆောက် အဦများကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် နောက်ဆုံးထား၍ ဖျက်သိမ်းဖယ်ရှားသွားမည်ဖြစ် ကြောင်း။ အဆောက်အဦ ဟောင်းတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာန၊ ကျောင်းကျန်းမာရေးဌာန၊ တီဘီရောဂါ တိုက်ဖျက်ရေးဌာန၊ ငှက်ဖျားရောဂါ တိုက်ဖျက်ရေး ဌာန၊ မြို့မကျန်းမာရေးဌာနတို့ကို လုပ်ငန်းလိုအပ်ချက်အရ သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာနနှင့် ညှိနှိုင်းခွင့်ပြုချက်အရ ယာယီဖွင့်လှစ်ထားပြီး မြောက်ဦးမြို့နယ်ပြည်သူ့ ဆေးရုံဝန်းအတွင်း ဆောက်လုပ်လျက်ရှိသည့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အဆောက်အဦ ပြီးစီးပါက ပြောင်းရွေ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းဖြေကြားခဲ့သည်။
ထို့နောက် ဒေါပုံမဲဆန္ဒနယ်မှ ဦးဌေးဝင်းအောင်(ခ) ဦးပြုံးချို က ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ နိုင်ငံသားများ၏ မှုလအခွင့် ရေးများကိုပိုမိုမြှင့်တင်ကာကွယ်စောင့်ရှောက်နိုင်ရန် လူ့အခွင့်အရေး ချိုးဖောက်မှုကိုအကာအကွယ်မပေးသည့် မြန်မာ နိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ ၀င်အချို့အားထိရောက်စွာအရေးယူပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆို တင်သွင်းရာ အိမ်မဲ မဲဆန္ဒနယ်မှ ဒေါ်သန္တာက အဆိုကို ထောက်ခံဆွေးနွေးသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က အရေးကြီးအဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောထား ရယူပြီး လွှတ်တော်က ဆက်လက်ဆွေးနွေးမည်ဖြစ် ကြောင်းနှင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည် စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဖြူးမဲဆန္ဒနယ်မှ ဦးသန်းညွန့်က မီးရထားသယ်ယူပို့ဆောင်ရေးကဏ္ဍကို ယခုထက်ပိုမို ရင်းနှီးမြှပ်နှံပြီး နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်စေရန် အဆင့်အတန်းမြှင့် တင်ပေးရေး ပြည်ထောင်စုအစိုရအား တိုက်တွန်းကြောင်းအဆို  တင်သွင်းရာ ကျောက်တံခါးမဲဆန္ဒနယ်မှ ဦးခင်မောင်ဦးက ထောက်ခံဆွေးနွေးသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားရယူခဲ့ရာ လွှတ်တော်က လက်ခံဆွေးနွေးမည်ဖြစ်ကြောင်းနှင့် ဆွေးနွေး လိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
 ယင်းနောက် ဥပဒေကြမ်းကော်မတီဝင် ဦးစိုင်းဖိုးမြတ် က အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့်အတည်ပြုပေးပို့သော မြန့်မာ့ပိုင်နက်ပင်လယ်နှင့် ပင်လယ်ဇုန်များ ဥပဒေကြမ်းကို လက်ခံရရှိကြောင်း လွှတ်တော်သို့အသိပေးတင်ပြပြီး ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကိုဖတ်ကြား တင်သွင်းသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဌ က အစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက် အဆို တင်သွင်းဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခဲ့သည်။

No comments:

Post a Comment