Thursday, September 22, 2016

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ မိန့်ခွန်းပြောကြား

နယူးယောက် စက်တင်ဘာ ၂၂
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့နံနက် ၉ နာရီခွဲတွင် နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ဌာနချုပ်၌ကျင်းပသည့်  (၇၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အထွေထွေမူဝါဒ ရေးရာ မိန့်ခွန်း ပြောကြားခြင်း အစီ အစဉ် ဒုတိယနေ့ အခမ်းအနားသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားသည်။


ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် မွန်ဂိုလီးယားနိုင်ငံသမ္မတ၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် Mr. Lundeg PUREVSUREN နှင့် ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီခွဲတွင် ကုလသမဂ္ဂဌာနချုပ် အဆောက်အဦ၌ တွေ့ဆုံကာ နှစ်နိုင်ငံမူဝါဒဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် 2016 Treaty Event ၌ နျူကလီးယား လက်နက်စမ်းသပ်ဖောက်ခွဲမှု အလုံးစုံ တားဆီး ပိတ်ပင်ရေး စာချုပ်သို့ အတည်ပြုပါဝင်ခြင်း အခမ်းအနား တက်ရောက်သည်။
ညနေပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် Asia Society က စီစဉ်ကျင်းပသည့် လူထုဟောပြောပွဲ အခမ်း အနား၌ မိန့်ခွန်းပြောကြားပြီး မေးခွန်းများ မေးမြန်းခြင်း ၊ ဖြေကြားခြင်းနှင့် ဆွေးနွေးခြင်းများ ပြုလုပ် သည်။
အဆိုပါ Asia Society သို့ ဖိတ်ကြားထားသူများနှင့် နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ပညာရှင်များ ၊ နိုင်ငံရေး သိပ္ပံ ပညာရှင်များ ၊ စီးပွားရေးလုပ်ငန်းရှင်များ ၊  နယူးယောက် မြို့မှ စိတ်ပါဝင်စားသူဒေသခံများနှင့် ကျောင်းသား ကျောင်းသူ များ   တက်ရောက်ခဲ့ သည်။

ညပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် Asia Society က တည်ခင်း သည့် ညစာစားပွဲသို့ တက်ရောက် သည်။ 

No comments:

Post a Comment