Saturday, September 17, 2016

မြန်မာအထူး စီးပွားရေးဇုန် ဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သီလဝါ အထူးစီးပွားရေးဇုန် ကြည့်ရှုစစ်ဆေး



ရန်ကုန် စက်တင်ဘာ ၁၇
မြန်မာ အထူးစီးပွားရေးဇုန် ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့ နံနက် (၇)နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး  သန်လျင်မြို့နယ်ရှိ သီလဝါ အထူးစီးပွား ရေးဇုန် သို့သွားရောက် ကြည့်ရှု စစ်ဆေးသည်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူအား သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီရုံး အစည်းအဝေး ခန်းမ၌ သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင်က သီလဝါ အထူးစီးပွားရေးဇုန် ဇုန်-A အတွင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့်  ဇုန်-B ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်း တင်ပြသည်။
ထို့နောက် Myanmar Japan Thilawa Development Limited (MJTD) President and CEO Mr.Takashi Yanai က သီလဝါ အထူးစီးပွားရေးဇုန်သည် အခြား အရှေ့တောင် အာရှ နိုင်ငံအချို့၏ စီးပွားရေး ဇုန်များထက်ပင် မိုမိုမြန်ဆန်စွာ ဆောင်ရွက်နိုင်မှု၊ နိုင်ငံပေါင်း ၁၇ နိုင်ငံမှ ကုမ္မဏီ ၇၉ ခုက လက်ရှိ ရင်းနှီး မြုပ်နှံထားရာ ဂျပန်ကုမ္ပဏီ ၃၉ ခုပါဝင်မှု၊  ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဒေသခံ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမို ဖော်ဆောင်နိုင်ရေးနှင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးရေး အထောက် အကူပြု လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့ကို ရှင်းလင်း တင်ပြသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ၃၃ ကေဗွီ ဓာတ်အား ဖြန့်ဖြူးရေး လိုင်းရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးမှုနှင့် ဓါတ်အား ပို့လွှတ်မှုအခြေအနေ၊  သီလဝါ ၅၀ မဂ္ဂါဝပ် ဓါတ်အားပေးစက်ရုံ စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ ၂၃၀ ကေဗွီ ဓါတ်အားလိုင်းနှင့် ဓါတ်အားခွဲရုံ တည်ဆောက်ခြင်း၊ သီလဝါ စီမံကိန်းအတွက် သဘာဝ ဓါတ်ငွေ့ပိုက်လိုင်း (၄၀ ကီလိုမီတာ) သွယ်တန်းခြင်း လုပ်ငန်း ပြီးစီးမှု အခြေအနေ အပါအဝင် သီလဝါ အထူးစီးပွားရေးဇုန် ဓါတ်အား ရရှိရေးအတွက်  ဓါတ်အားပေး စက်ရုံ၊ ဓါတ်အား လိုင်းနှင့် ဓါတ်အားခွဲရုံ စီမံကိန်းများ ဆောက်လုပ် ပြီးစီးမှုတို့ကို ရှင်းလင်း တင်ပြသည်။
ဆောက်လုပ်ရေး ဝန်ကြီးဌာန လမ်းဦးစီးဌာန ခေတ္တ ညွှန်ကြားရေးမှူးချုပ် ဦးစောဝင်းနိုင် က သီလဝါ ဒေသဆိုင်ရာ အခြေခံ အဆောက်အဦ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းအဆင့်- ၂ (သံလျင်- သီလဝါ လမ်းတိုးချဲ့ရေး စီမံကိန်း)နှင့် ပတ်သက်၍ လည်းကောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်မျိုးက သီလဝါ ကမ်းနားဒေသ ဆိပ်ကမ်း ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း ဆောင်ရွက်နေမှုကို လည်းကောင်း ရှင်းလင်း တင်ပြကြရာ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်နှင့် တာဝန်ရှိ သူများက ဖြည့်စွက် ရှင်းလင်း တင်ပြကြသည်။
ရှင်းလင်း တင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတက သီလဝါ အထူးစီးပွားရေးဇုန် ဇုန်-B တည်ဆောက်ရာတွင် မြေယာကိစ္စ အဆင်ပြေ ချောမွေ့စေရေး၊ လျပ်စစ် ဓါတ်အား၊ ရေရရှိရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဆက်သွယ်ရေး လမ်းကြောင်း ချောမွေ့ရေး၊ ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိရေး၊ စီမံကိန်း လုပ်ငန်းများ အချိန်မီ ပြီးစီးရေး၊ လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေးနှင့် ကျွမ်းကျင် လုပ်သားများ မွေးထုတ်နိုင်ရေး အတွက် အလုပ်သမား သင်တန်း ကျောင်းများ ဖွင့်လှစ်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယင်းနောက် ဒုတိယ သမ္မတသည် သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ရုံးတွင် ဖွင့်လှစ် ထားရှိသည့် One Stop Service စင်တာရှိ လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေနှင့် ဂျပန် FOSTER စက်ရုံအတွင်း စပီကာများ ထုတ်လုပ်နေမှုကို ကြည့်ရှု လေ့လာ သည်။
ဆက်လက်၍ သီလဝါ ၅၀ မဂ္ဂါဝပ် ဓာတ်အားပေး စက်ရုံနှင့် သီလဝါ ဆိပ်ကမ်း တိုးချဲ့ တည်ဆောက်နေမှုတို့ကို သွားရောက် ကြည့်ရှု စစ်ဆေးသည်။
သီလဝါ အထူးစီးပွားရေးဇုန် အကောင် အထည်ဖော်ရေး အတွက် ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၉ ရက်က ဂျပန်- မြန်မာနှစ်နိုင်ငံ လက်မှတ် ရေးထိုးခဲ့ပြီး ၂၀၁၅ ခုနှစ် စက်တင်ဘာ ၂၃ ရက်တွင် ဇုန်-A ကို ဖွင့်လှစ်နိုင်ခဲ့သည်။ အထူးစီးပွားရေးဇုန် အတွင်း အမှန်တကယ် လုပ်ဆောင်နိုင်သည့် ကုမ္ပဏီများကိုသာ မြေရောင်းချခဲ့ရာ သုံးနှစ် အတွင်း ကုမ္ပဏီ ၇၉ ခုနှင့် စာချုပ် ချုပ်ဆိုခဲ့ပြီး  လက်ရှိတွင် စက်ရုံ ၁၅ ရုံ လုပ်ငန်း လည်ပတ် ဆောင်ရွက်လျက် ရှိသည်။
သီလဝါ အထူး စီးပွားရေးဇုန်၏ ဇုန်-B Phase (၁) ကို ယခုနှစ် နိုဝင်ဘာတွင် စတင်ရန် စီစဉ်ထားကြောင်း သိရသည်။ ဇုန်-A နှင့် ဇုန်-B  နှစ်ခုပေါင်း ဧရိယာတွင် စက်ရုံပေါင်း ၁၅၀ အထိ ဆောက်လုပ်နိုင်မည် ဖြစ်ပြီး အလုပ်သမား လေးသောင်းခန့်ကို အလုပ်အကိုင် အခွင့် အလမ်းများ ဖော်ဆောင် ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment