Monday, September 5, 2016

အခုအစမှာ ဒီလောက်ကောင်းအောင် ကြိုးစားနိုင်ခဲ့ပြီ ဆိုတော့ နောက်သွား တဲ့အပိုင်းတွေမှာလည်း အစိုးရ ဘက် ကရော၊ တပ်မတော်ဘက်ကရော၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကရော ကောင်းမွန်တဲ့ အနေအထားမျိုးရောက်အောင် ဝိုင်းဝန်းထိန်းသိမ်းကြဖို့ လိုတယ် လို့ ပြောချင်ပါတယ်


ဗိုလ်ချုပ်အက်စ်ဂွမ်မော်

မြန်မာပြည်သူပြည်သားများသာမက တစ်က္ဘာလုံးက စိတ်ဝင်တစား စောင့်ကြည့်နေသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- (၂၁)ရာစုပင်လုံကို နေပြည်တော်၌ အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။ အဆိုပါ ငြိမ်းချမ်းရေး ညီလာခံသို့ မန္တလေးတက္ကသိုလ် ကျောင်းသားဟောင်း တစ်ဦးလည်းဖြစ်၊ KIO အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ-၂ လည်းဖြစ်သူ ဗိုလ်ချုပ် အက်စ်ဂွမ်မော်လည်း တက်ရောက်ခဲ့သည်။


ညီလာခံအခမ်းအနား ကျင်းပပြီးစီးသွားသည့်အချိန်တွင် ကချင်ပြည်နယ် သို့ ပြန်လည်ထွက်ခွာတော့မည့် ဗိုလ်ချုပ်အက်စ် ဂွမ်မော်အား ၄င်းတည်းခိုရာ ရွှေစံအိမ်ဟိုတယ်သို့ သွားရောက်ပြီး KIOအဖွဲ့၏ ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ်ထားသည့် သဘောထားအမြင်များကို မြန်မာ့သတင်းစဉ် သတင်းအဖွဲ့က သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပါသည်။

မေး ။ အခု ကျင်းပပြီးစီးခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံအပေါ် KIO/KIA အဖွဲ့ အနေနဲ့ ကျေနပ်မှု ရှိရဲ့လားဆိုတာ သိပါရစေ။

ဖြေ ။ အစည်းအဝေးကျင်းပသွားတဲ့ ပုံစံတွေကို သဘောကျပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အားလုံးအတူတကွ တွေ့ဆုံနိုင်တယ်။ တစ်နိုင်ငံလုံးကိုလည်း တင်ပြနေရတဲ့ အနေအထားဖြစ်တဲ့အတွက် ဒီအခင်းအကျင်းအပေါ်မှာ ကျွန်တော် တို့ ကျေနပ်ပါတယ်။

မေး ။ အခုညီလာခံမှာ တပ်မတော်ကိုယ်စားလှယ်တွေက၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖက်ဒရယ်စနစ်ရဲ့ ဝိသေသ လက္ခဏာတွေ ရှိနေတယ်လို့ ပြောကြားသွားတဲ့အပေါ်မှာKIO အဖွဲ့ရဲ့ သဘောထား ဘယ်လို ရှိပါသလဲ။

ဖြေ ။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကတော့ ဖက်ဒရယ်စနစ်နဲ့ဆင်တူယိုးမှားလို့ပဲ ကျွန်တော်နားလည်ပါတယ်။ အမျိုး သားညီလာခံမှာတုန်းကလည်း ကျွန်တော်တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီတုန်းက အခင်းအကျင်း တွေရယ်၊ ပါဝင်သင့်တဲ့ အခြေခံမူများပေါ့နော်၊ ဒီ ၁ဝ၄ ချက် အခြေခံမူအပေါ်မှာလည်း ကျွန်တော်တို့က ကျေနပ်မှုမရှိပါဘူး။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ ပြည့်စုံမှုမရှိဘူးဆိုတာ တရားဝင်လည်း ထုတ်ဖော် ပြောကြားထားပြီးသား ဖြစ်ပါတယ်။

မေး ။ အဲ့ဒီဘက်က လက်ခံတဲ့အခြေခံမူကို ပြောပြပေးနိုင်မလားခင်ဗျာ။

ဖြေ ။ ကျွန်တော်တို့ကတော့ ဖက်ဒရယ်ဒီမိုကရေစီအနေနဲ့သွားတဲ့မူကို လိုချင်ပါတယ်။ ဖက်ဒရယ်နဲ့ ပတ်သက် တဲ့ အခြေခံမူတွေလိုအပ်တယ်။ သမိုင်းဝင်ဖြစ်တဲ့ ပင်လုံစာချုပ် စာတမ်းနဲ့ ကတိတွေမှာရှိတဲ့ အခြေခံမူလေးတွေ လိုအပ်တယ်။ အခြားသော စံချိန်စံနှုန်းအရ ပါဝင်သင့်တဲ့မူလေးတွေ၊ တန်းတူ ရေးတွေကို ပိုပြီးထည့်ချင်ပါတယ်။

မေး ။ ငြိမ်းချမ်းရေးဖြစ်စဉ်ကို သွားတဲ့အခါ ညီလာခံမှာKIOက တင်ပြသွားတဲ့ မူဝါဒစာတမ်းကို ကိုင်စွဲပြီးသွားမှာ လား။ တခြား မူဝါဒတွေရှိသေးလား သိပါရစေ။

ဖြေ။ KIOအနေနဲ့ တင်ပြတဲ့မူအတိုင်းသွားမှာပါ။ ဒီစာတမ်းက ဘာလဲဆိုတော့KIO က သီးသန့်တင်တဲ့စာတမ်း မဟုတ်ပါဘူး။ ကျွန်တော်တို့ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့ ကိုးဖွဲ့ ရဲ့ ကိုယ်စားတင်တာဖြစ်ပါတယ်။ သို့သော် လည်းပဲ ကျွန်တော် တို့ဆီက အဖွဲ့ငါးဖွဲ့ကခွဲပြီး တင်တာဖြစ်ပါတယ်။ ဒီစာတမ်းကတော့ ကျွန်တော်တို့ ကိုးဖွဲ့ ရယ်၊ နောက်မိုင်ဂျာယန်မှာ အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့လည်း စုစည်းပြီး ရေးထား တဲ့မူတွေဖြစ်တော့ နောက်ပိုင်းတွေမှာလည်းပဲ ဒီမူအပေါ်မှာ အခြေပြုပြီး ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

မေး ။ KIO က တင်သွင်းတဲ့ စာတမ်းမှာ အချက်နှစ်ချက် တွေ့ရပါတယ်။ ပထမအချက်က ၁၉၄၇ ပင်လုံမှာပါတဲ့ အချက်တွေကို အပြည့်အဝ အကောင်အထည် မဖော်နိုင်လို့ လက်နက်ကိုင်ခဲ့တာလို့ ပြောသွားပါတယ်။ နောက်တစ်ချက်က KIO အနေနဲ့ (၂၁)ရာစုပင်လုံကို လာတက်တာဟာ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ချင်လို့ လို့ပြောပါတယ်။ လိုချင်တဲ့ ဖက်ဒရယ်ပုံစံက ဘယ်လိုပုံစံမျိုးလဲဆိုတာ သိပါရစေ။

ဖြေ ။ ကျွန်တော်တို့လိုချင်တဲ့ ဖက်ဒရယ်ပုံစံကတော့ နိုင်ငံတော်မှာရှိပြီးသားဖြစ်တဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ သမိုင်းကြောင်းယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေအပေါ်မှာ တည်ဆောက်တဲ့ ဖက်ဒရယ်ပုံစံ ဖြစ်ပါတယ်။ နောက် တစ်ခုကတော့ ဖက်ဒရယ်စံချိန်စံòန်းနဲ့ ပြည့်မီတဲ့ အခြေခံဥပဒေတွေကို လိုချင်တာ ဖြစ်ပါတယ်။

မေး ။ ငြိမ်းချမ်းရေးဖြစ်စဉ်ကို သွားတဲ့အခါမှာKIO အပါအဝင် တခြားလက်နက်ကိုင် အဖွဲ့အစည်းတွေအတွက် အဓိက အခက်အခဲ၊ အဟန့်အတားဖြစ်နေတာတွေရှိရင် သိပါ ရစေ။

ဖြေ ။ ဒါကိုခွဲပြီးပြောမယ်ဆိုရင် သုံးပိုင်းခွဲလို့ရပါတယ်။ ပထမအချက်က အစိုးရနဲ့ညှိနှိုင်းတဲ့အခါမှာ တစ်ဖက်နဲ့ တစ်ဖက် နားလည်မှု၊ ယုံကြည်မှု တည်ဆောက်ရေးမှာ အခက်အခဲ ဖြစ်ပါ တယ်။ ဒုတိယအချက်ကတော့ ပြည်သူလူထုရဲ့ဆန္ဒနဲ့ ကျွန်တော် တို့KIO ရဲ့ဆန္ဒတို့ ပေါင်းစည်းတဲ့အခါမှာ အချင်းချင်း အပြန်အလှန် ဆက်သွယ်မှု ခက်ခဲတဲ့အတွက်ကြောင့် ဆုံးဖြတ်ချက်တွေ ချရတာ ခက်ပါတယ်။ တတိယအချက်ကတော့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို နိုင်ငံတော် အစိုးရအနေနဲ့ သွားနေတဲ့အခါမှာ တချို့ ကျွန်တော်တို့ လက်မှတ်မထိုး ရသေးဘူး။ ပြည်သူလူထုနဲ့ လွတ်လွတ်လပ်လပ် မတွေ့ရဘူးဆိုတော့ ဒီအရှိန်တွေကို အချိန်မီ လိုက်နိုင်ဖို့ဆိုတဲ့ ဒီသုံးချက်မှာ အခက်အခဲဖြစ်ပါတယ်။

မေး ။ ၁၉၄၇ ခုနှစ်ပင်လုံနဲ့ (၂၁)ရာစု ပင်လုံ (၂ဝ၁၆)ဟာ နိုင်ငံရေးအခြေအနေအရ ကွာခြားသွားပြီ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်ကို သွားတဲ့အခါမှာ အခက်အခဲဖြစ်နေ မလား။

ဖြေ ။ ၁၉၄၇ ခုနှစ် ပင်လုံကတော့ ကျွန်တော်တို့ရဲ့ သမိုင်းကြောင်းအရရှိခဲ့တဲ့ သမိုင်းမှတ်တိုင်တစ်ခုပေါ့။ အဲဒီမှာ လွတ်လပ်ရေးကို အတူတကွရရှိခဲ့တယ်။ ပြီးရင် ဒီအခြေခံပေါ်မှာ တည်ဆောက်တာဖြစ်ပါတယ်။ အခု ၂ဝ၁၆ ခုနှစ်မှာ ကျင်းပတဲ့ (၂၁)ရာစုပင်လုံကတော့ မူလနဂိုရှိပြီးသား အခြေခံအုတ်မြစ် တွေကို ပိုပြီးခိုင်မာအောင်၊ တကယ်တော့ ရှေ့ကိုသွားတဲ့အခါ မှာ အရင်ပုံစံတွေကိုကြည့်ပြီး ပိုကောင်းအောင်ဆိုတဲ့ တိုးတက်မှုတွေ လုပ်နိုင်တဲ့ အနေအထားမျိုး ဖြစ်ပါတယ်။ နောက်တစ်ခု ကတော့ အရင်တုန်းက အားလုံး မစုစည်းနိုင်ခဲ့ဘူးဆိုရင် ဒီအချိန် မှာစုစည်းမယ်။ လူမျိုးစုတွေအရရော၊ သဘောထားအမြင်တွေ အရပါစုစည်းပြီး ရှေ့ကိုသွားမယ့် အခြေအနေမျိုး ဖြစ်ပါတယ်။ ဒီသဘောထားအမြင်အရ တူပေမယ့် လုပ်ပုံလုပ်နည်းမှာ အနည်းငယ် ကွဲပြားမှု ရှိမှာပါ။

မေး ။ ညီလာခံကို ခြောက်လတစ်ကြိမ် ပြုလုပ်မယ်လို့ သိရပါတယ်။ ဒီကာလဟာ တိုင်းရင်းသားတွေနဲ့ အစိုးရ၊ ငြိမ်းချမ်းရေး အဖွဲ့တွေအကြား ထိတွေ့မှု ကြာများကြာနေမလား။

ဖြေ ။ ခြောက်လတစ်ကြိမ် ဆိုတာကတော့ ဒီညီလာခံကြီးပဲဖြစ်ပါတယ်။ ဒီခြောက်လအတွင်းမှာ ကျွန်တော်တို့ တခြားတွေ့ဆုံမယ့် အစီအစဉ်တွေ အများကြီးရှိမယ်လို့ မြင်ပါတယ်။ ဒါကြောင့် သိပ်ပြီးဝေးကွာစရာတော့ မရှိဘူးလို့ ထင်ပါ တယ်။

မေး ။ အရင်အစိုးရ လက်ထက်မှာရော၊ အခု အစိုးရလက်ထက်မှာပါ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဆောင်ရွက် နေပေမယ့် အောက်ခြေမှာ တိုက်ပွဲလေးတွေ၊ ထိတွေ့မှုလေးတွေ ရှိနေ တာ ဘာကြောင့်လို့ ထင်ပါသလဲ။

ဖြေ ။ အဓိကကတော့ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြားက အားပြိုင်မှုလို့ မြင်ပါတယ်။ မခံချင် စိတ်လည်းပါမယ်။ ကျွန်တော်တို့က လက်နက်နဲ့ဖြေရှင်းတဲ့ ယဉ်ကျေးမှုကို မကျော်လွန်နိုင်သေးဘူး ဖြစ်နေတယ်။ အဲ့ဒီတော့ မကြာခဏ ထိတွေ့မှုတွေဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ကျွန်တော်တို့ နိုင်ငံရေး ဆွေးနွေးနေတဲ့အချိန်မှာ တစ်ဖက်နဲ့ တစ်ဖက် တိုက်ပွဲတွေဆင်နွှဲပြီး ဖိအားပေးတာမျိုး မဖြစ်အောင် နှစ်ဖက် စလုံးက ရှောင်ကြဉ်ဖို့လိုပါတယ်။

မေး ။ ဒီလို ထိတွေ့မှုတွေ နည်းသွားအောင် ဘယ်လိုအကြံပြုလိုပါသလဲ။

ဖြေ ။ အဓိကကတော့ ကျွန်တော်တို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကနေ တောင်းဆိုထားတာကတော့ နိုင်ငံတော်အစိုးရဘက်ကလည်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲကြောင်း ကြေညာ ပေးဖို့ တောင်းဆိုထားပါတယ်။ တိုက်ပွဲတွေမဖြစ်အောင် ထိန်းသိမ်းကြမယ်ဆိုတဲ့ ခံယူချက်နဲ့ ကတိတွေပြုဖို့ လိုပါတယ်။ အဲ့ဒီလို ကတိတွေ ပြုလို့ရှိရင် ဒီတိုက်ပွဲတွေက အများကြီးနည်းသွားမှာဖြစ်ပါတယ်။

မေး ။ ဒီညီလာခံပြီးရင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်မယ်လို့ သိရပါတယ်။ ကချင်ပြည်နယ်မှာရော ဘယ်လိုတွေ ဆောင်ရွက်ဖို့ ရှိနေပါသလဲ။

ဖြေ ။ ဒီကိစ္စမှာ ကျွန်တော့်အမြင် နှစ်ခုရှိပါတယ်။ အစိုးရကတော့ အခုချက်ချင်း လုပ်ချင်တယ်။ သို့သော် လည်းပဲ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ် မထိုးတဲ့အဖွဲ့တွေကို ပါဝင်ခွင့်၊ ပတ်သက်ခွင့် မပေးဘူးလို့ ပြောနေပါတယ်။ ဒါက တစ်ပိုင်းပေါ့။ ကျွန်တော်တို့အနေနဲ့က တကယ်လို့ လက်မှတ်မထိုးဘဲနဲ့ ပါဝင်ခွင့်ရမယ်ဆိုရင်လည်း ဒီအပေါ်မှာသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီလိုမဟုတ်ဘဲ လက်မှတ် မထိုးရင် ပါဝင်ခွင့် မရဘူးဆိုရင်တော့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်ကို နှစ်ဖက်သဘောတူပြီး လက်မှတ်ထိုးနိုင်တဲ့ အဆင့်ကို အရင်ကြိုးစားရမှာဖြစ်ပါတယ်။

မေး ။ KIO အနေနဲ့ နောက်ခြောက်လအတွင်း ကျင်းပမယ့်ဒုတိယအကြိမ် ညီလာခံကို တက်၊ မတက် သိပါရစေ။

ဖြေ ။ (၂၁)ရာစုပင်လုံက အခုအစပြုတဲ့ အနေအထားမှာ ရောက်နေပြီဆိုတော့ တကယ်ပဲ အခုလို ပွင့်ပွင့်လ င်းလင်း နဲ့ နှစ်ဖက်သဘောထားအမြင်တွေကို လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်မယ်ဆိုရင် တက်ဖို့ အဆင်သင့် ရှိပါတယ်။

မေး ။ ဒုတိယအကြိမ် ညီလာခံကိုတက်မယ်ဆိုရင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ကို လက်မှတ်ရေးထိုးရမယ်ဆိုတာ ဟုတ်ပါသလား။

ဖြေ ။ ဒုတိယအကြိမ် ညီလာခံတက်ဖို့အတွက်NCAလက်မှတ်ထိုးရမယ်ဆိုတဲ့ အနေအထားမျိုးတော့ မဟုတ် ပါဘူး။ ဒါပေမယ့် ခြောက်လကြာတဲ့အခါမှာ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေလုပ်မယ်လို့ ပြောတဲ့အခါ ကျတော့ ဒီအပေါ်မှာ လက်မှတ်ထိုးရမယ်။ လက်မှတ်ထိုးပြီးမှပဲ ဒီအပေါ်မှာ ပါဝင်ခွင့် ရှိမယ်ဆိုတဲ့ အချက်ပေါ့။ နောက်တစ်ခုကတော့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)မှာ ပါဝင်ဖို့ ကျတော့ လက်မှတ်ထိုးရမယ်ဆိုတဲ့ ကန့်သတ်ချက်တွေ ဖြစ်ပါတယ်။ အဲ့ဒီတော့ ဒီနှစ်ခုကို ကျွန်တော်တို့ ဘယ်လောက် ညှိနှိုင်း နိုင်မလဲ။ လက်မှတ် ထိုးနိုင်တဲ့အဆင့် ရောက်အောင် ညှိနှိုင်းနိုင် မှာလား။ ဒါမှမဟုတ် အစိုးရဘက်က လက်မှတ်ထိုးစရာ မလိုသော်လည်းဘဲ ဒီအဆင့်မှာ ပါဝင်ခွင့်ပြုမယ်လို့ ဆုံးဖြတ်မလားဆိုတာကတော့ ဒီခြောက်လ အတွင်းမှာ ဆွေးနွေးမယ့်အပေါ်မှာပဲ မူတည် ပါတယ်။

မေး ။ တချို့ အဖွဲ့အစည်းတွေက ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲကပဲ ဖက်ဒရယ်ပြည်ထောင်စုကို သွားမယ်။ တချို့ ကလည်း ပြင်ဖို့၊ အသစ်လုပ်ဖို့ ပြောကြတဲ့အပေါ်မှာKIO အနေနဲ့ ဘယ်ဘက်ကို ဦးစားပေးမလဲဆိုတာ သိချင်ပါတယ်။

ဖြေ ။ KIO အနေနဲ့ကတော့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်မှာလား။ အသစ်ရေးမှာလား ဆိုတဲ့ အပိုင်းကို ဆုံးဖြတ်ထားတာမရှိပါဘူး။ သို့သော်လည်းပဲ ကျွန်တော်တို့ ပြောနေတာက အားလုံးအတူတကွ တန်းတူနေနိုင်တဲ့ အခြေခံ ဥပဒေတစ်ရပ် လိုအပ်တယ်ဆိုတာဖြစ်ပါတယ်။ အဲ့ဒီတော့ ဒီနိုင်ငံ ရေးဆွေးနွေးပွဲ တွေမှာ ဖွဲ့စည်းပုံကို ပြင်မှာလား။ အသစ်ရေးမှာလား ဆိုတာကတော့ အားလုံးရဲ့ ဆွေးနွေးမှုအပေါ်မှာပဲ ကျွန်တော် တို့ကလိုက်ပြီး ပါဝင်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

မေး ။ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေ၊ တခြားမိတ်ဖက်အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေကို ပြောစရာရှိရင် ပြောပေးပါ။

ဖြေ ။ အခု (၂၁)ရာစုပင်လုံဟာ အစဖြစ်တယ်လို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ကလည်း ပြောတယ်။ ကျွန်တော် တို့ နားလည်တာ ကလည်း နောက်သွားမယ့် နိုင်ငံရေးဖြစ်စဉ်တွေ အတွက် အစဖြစ်တယ် လို့ ပြောပါတယ်။ အဲ့ဒီတော့ ကျွန်တော် တို့ အခုအစမှာ ဒီလောက်ကောင်းအောင် ကြိုးစားနိုင်ခဲ့ပြီ ဆိုတော့ နောက်သွားတဲ့ အပိုင်းတွေ မှာလည်း အစိုးရဘက်ကရော၊ တပ်မတော်ဘက်ကရော၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကရော ကောင်းမွန်တဲ့ အနေ အထားမျိုး ရောက်အောင် ဝိုင်းဝန်းထိန်းသိမ်းကြဖို့ လိုတယ်လို့ ပြောချင်ပါတယ်။

တွေ့ဆုံမေးမြန်း - ညီညီထွန်း၊ မျိုးမြင့်၊

မင်းသစ်(သတင်းစဉ်)၊ ဓာတ်ပုံ - ညီမျိုး

No comments:

Post a Comment