Monday, September 12, 2016

ဒုတိယသမ္မတ ဦးမြင့်ဆွေ ယူနန်ပြည်နယ် ပါတီ အတွင်းရေးမှူး မစ္စတာချန်းဟောင်နှင့်တွေ့ဆုံ


ကူမင်း စက်တင်ဘာ ၁၂
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ယနေ့ နံနက်ပိုင်းတွင် နန်နင်းမြို့ အရှေ့ပိုင်းဘူတာကြီးသို့ သွားရောက်ပြီး မြေအောက် ရထား ပြေးဆွဲနေမှုစနစ်အား လေ့လာသည်။

ဒုတိယသမ္မတနှင့် အဖွဲ့သည် နန်နင်းအရှေ့ပိုင်း ဘူတာကြီးမှ နန်းဟူဘူတာသို့ မြေအောက် ရထားစီး၍ သွားရောက် လေ့လာကြရာ နန်နင်းမြို့ မြေအောက် ရထားပင်မ ထိန်းချုပ်ရေး စင်တာ၌ တာဝန်ရှိသူများက မြေအောက် ရထားပြေးဆွဲမှုနှင့် ထိန်းချုပ်မှု စနစ်များကို ရှင်းလင်း တင်ပြကြသည်။
ဆက်လက်၍ နန်နင်းမြို့ရှိ ဖန်းလင်ပန်းခြံသို့ သွားရောက် လေ့လာကြသည်။
ညနေပိုင်းတွင် ဒုတိယ သမ္မတနှင့် အဖွဲ့သည် နန်နင်းမြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာပြီး ကူမင်းမြို့သို့ ရောက်ရှိကြရာ ယူနန်ပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ကျမ်းထိုက်ယွမ်၊ ယူနန်ပြည်နယ် ပြည်သူ့အစိုးရ ဒုတိယ အထွေထွေ အတွင်းရေးမှူး မစ္စတာရင်းယုံ၊ ယူနန်ပြည်နယ် ပြည်သူ့ အစိုးရ နိုင်ငံခြားရေးရုံး ဒုတိယ ညွှန်ကြားရေးမှူး ချုပ် ဟောင်းခွန်နှင့် ကူမင်းမြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ် ဦးစိုးပိုင်တို့က ကူမင်း လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ဒုတိယသမ္မတသည် ယူနန်ပြည်နယ် ပါတီအတွင်းရေးမှူးနှင့် အုပ်ချုပ် ရေးမှူး မစ္စတာချန်းဟောင် ဦးဆောင်သည့် အဖွဲ့အား ကူမင်းမြို့ Empark Grand Hotel ၌ တွေ့ဆုံပြီး ယူနန်ပြည်နယ် အပါအဝင် တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်လျက် ရှိသည့် ကဏ္ဍများ၊ နှစ်နိုင်ငံ ခေါင်းဆောင်များ အပြန်အလှန် ချစ်ကြည်ရေးခရီး သွားရောက်ခဲ့မှု အခြေအနေ၊ ယူနန်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် လမ်းပန်းဆက် သွယ်ရေးဖွံ့ဖြိုး တိုးတက်မှု အခြေအနေများနှင့် ပတ်သက်၍ အမြင်ချင်း ဖလှယ်ဆွေးနွေး ကြသည်။

ညပိုင်းတွင် ဒုတိယ သမ္မတသည် ယူနန်ပြည်နယ် ပါတီအတွင်းရေးမှူး မစ္စတာ ချန်းဟောင် တည်ခင်း ဧည့်ခံသည့် ဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်သည်။

No comments:

Post a Comment