Monday, September 26, 2016

ချင်းပြည်နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ၀န်ထမ်းအိမ်ရာများ ဆောက်လုပ်ပေးရန် စီစဉ် ဆောင်ရွက်လျက်ရှိ


နေပြည်တော်  စက်တင်ဘာ ၂၆            
                
ချင်းပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်း စုစုပေါင်း ၃၈၉ ကျောင်းတွင် လိုအပ်လျက်ရှိသည့် ဆရာ ဆရာမ နေအိမ်များနှင့် ၀န်ထမ်းအိမ်ရာများ ဆောက်လုပ်ပေးရေး စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြားသည်။


ယနေ့ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်း အဝေး ၃၈ ရက်မြောက်နေ့တွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးဝှေ့တင်း၏ “ချင်းပြည်နယ်အတွင်းရှိ အလယ်တန်းကျောင်း(ခွဲ)၊ အလယ်တန်းကျောင်း၊ အထက်တန်း ကျောင်း(ခွဲ)နှင့် အထက်တန်းကျောင်းများရှိသော ကျေးရွာများတွင် ဆရာ/ဆရာမ နေအိမ်များနှင့် ကျောင်းသူ၊ ကျောင်းသားများ နေထိုင်ရန် ဘော်ဒါဆောင်များကို နိုင်ငံတော်မှ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယ၀န်ကြီးက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ဒုတိယ၀န်ကြီးက ချင်းပြည်နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း ၃၂ ကျောင်းနှင့် အခြေခံပညာ အထက်တန်ကျောင်း(ခွဲ) ၄၂ ကျောင်းတို့တွင် တစ်ထပ်၊ ခြောက်ခန်းတွဲ တစ်ဆောင်စီ၊ အခြေခံပညာ အလယ်တန်း ကျောင်း ၃၀နှင့် အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) ၁၆၂ ကျောင်းတို့တွင် တစ်ထပ်၊ လေးခန်းတွဲ တစ်ဆောင်စီနှင့် အခြေခံပညာ မူလတန်းလွန်ကျောင်း ၁၂၃ ကျောင်းတို့တွင် တစ်ထပ်၊ နှစ်ခန်းတွဲ တစ် ဆောင်စီ ဆောက်လုပ်ပေးရန်အတွက် ချင်းပြည်နယ် ပညာရေးမှူးရုံးက  ပြည်နယ်အစိုးရ အဖွဲ့ထံသို့ သဘောထား မှတ်ချက် ပြန်ကြားပေးရန် တင်ပြထားပြီးဖြစ်ကြောင်း၊ ပြည်နယ် အစိုးရအဖွဲ့၏ သဘောထား မှတ်ချက်ရရှိပါက သက်ဆိုင်ရာ ဘဏ္ဍာရေး နှစ်များအလိုက် ရန်ပုံငွေများ ခွဲဝေဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၀)မှ ဒေါက်တာကျော်ငွေ၏ “မကွေး တိုင်းဒေသကြီး ရေစကြို မြို့နယ်ရှိ ပခန်းကြီးရှေးမြို့ဟောင်းရှိ အုတ်မြို့ရိုး၊ ကျုံးနှင့်တကွ ရှေးဟောင်းသာသနိက အဆောက်အအုံများ၊ ကုန်းဘောင်ခေတ်က ထင်ရှားခဲ့သော ရွှေဥမင်တောရ ကျောင်းတိုက်တို့ကို ရေရှည်တည်တံ့စေရေး အလို့ငှာ မည်ကဲ့သို့ စောင့်ရှောက် ထိန်းသိမ်းပေးနေသည်ကို သိရှိလိုခြင်းနှင့်မြို့ရိုးဟောင်းကို လွယ်ကူစွာ ကြည့်ရှု လေ့လာနိုင်ရန် မြို့ရိုးအပြင်ဘက်မှ ကားလမ်း ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုက မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်ရှိ ပခန်းကြီးရှေးမြို့ဟောင်းရှိ အုတ်မြို့ရိုး၊ ကျုံးနှင့်တကွ ရှေးဟောင်းသာသနိက အဆောက် အအုံများ၊ ကုန်းဘောင် ခေတ်က ထင်ရှားခဲ့သော ရွှေဥမင်တောရ ကျောင်းတိုက် အပါအ၀င် ရှေးဟောင်းအ ဆောက်အအုံ၊ စေတီပုထိုးများ ရေရှည်တည်တံ့စေရန် နှစ်စဉ်ခွင့်ပြုရန်ပုံငွေ လျာထား လျက်ထိန်းသိမ်း စောင့်ရှောက်ပေးလျက်ရှိကြောင်း။
၁၉၉၀-၁၉၉၁ ဘဏ္ဍာရေးနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အထိ ခွင့်ပြုရန်ပုံငွေ စုစုပေါင်း ကျပ် (၁၇၆ ဒသမ ၁၉၆) သန်းဖြင့် ဆောင်ရွက်ထားပါကြောင်း၊ ၂၀၁၆ ခုနှစ် သြဂုတ် ၂၄ ရက်တွင်လှုပ်ခဲ့သော ငလျင် ဘေးဒဏ် ကြောင့်လည်း အချို့ရှေးဟောင်း အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုရှိ၍ ကွင်းဆင်းစစ်ဆေး မှတ်တမ်း တင်ခြင်းနှင့် အခြားလိုအပ်သည့် ပြုပြင်မှုများ ပြုလုပ်ရန် ကုန်ကျငွေ ခန့်မှန်းတွက်ချက်၍ နိုင်ငံတော် အစိုးရသို့ ဘဏ္ဍာငွေတောင်းခံပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးခင်အောင်မြင့်၏ “အစမှ အဆုံးတိုင် ပြီးမြောက်ခြင်း မရှိသော်ငြားလည်း စာပေတန်ဖိုးကြီးမားသည့် J.A. Stewart၊ C.W.Dunn၊ H.F.Searle၊ A.J.Allott နှင့် ဒေါက်တာလှဖေတို့၏ Burmese-English  Dictionary နှင့် ၁၉၆၄ ခုနှစ်တွင် အပိုင်း ၅ “ဆ” အက္ခရာအထိ ပုံနှိပ်ထုတ်ဝေပြီး ရပ်ဆိုင်းသွားခဲ့သော တက္ကသိုလ်မြန်မာ အဘိဓာန်တို့၏ ပြုစုပြီးသမျှတို့ကို ပြန်လည်ပုံနှိပ် ထုတ်ဝေပေးရန် အစီအစဉ် ရှိ/မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးဝင်းမော်ထွန်းက J.A. Stewart၊ C.W.Dunn၊ H.F.Searle၊ A.J.Allott နှင့် ဒေါက်တာ လှဖေတို့ပြုစုခဲ့သော Burmese-English Dictionary သည် တည်ပုဒ်အားလုံး ပြီးစီးပြည့်စုံရန် များစွာ လိုအပ်နေသေးသည့်အပြင် တက္ကသိုလ်(၂)ခု ပူးပေါင်းဆောင်ရွက်ခဲ့သော လုပ်ငန်းဖြစ်သည့်အတွက် ပြန်လည် ပုံနှိပ်မည်ဆိုလျှင် မူပိုင်ခွင့် စသည့် ညှိနှိုင်းဖွယ်ရာ ကိစ္စများ ရှိနေခြင်းတို့ကြောင့် လောလောဆယ် ပြန်လည် ပုံနှိပ်ထုတ်ဝေနိုင် ရန် အခြေအနေ မရှိပါကြောင်း ဖြေကြားသည်။

ထို့ပြင် ၁၉၇၅ ခုနှစ်တွင် မြန်မာစာကော်မရှင်ကို မြန်မာစာအဖွဲ့အဖြစ် ပြောင်းလဲဖွဲ့ စည်းပြီး ဆရာကြီးမင်းသုဝဏ် ပြုစုခဲ့သော တက္ကသိုလ် မြန်မာအဘိဓာန်ကို အခြေခံကာ လိုအပ်သည်များ တည်းဖြတ်ဖြည့်စွက် ပြင်ဆင် ခဲ့ပါကြောင်း၊ ထိုသို့ပြင်ဆင်ဖြည့်စွက်ပြီး “က” အက္ခရာမှ “အ” အက္ခရာအထိ ပါဝင်သော မြန်မာအဘိဓာန် (အကျဉ်းချုပ်) ၅ တွဲကို ပြုစု၍ ၁၉၇၈ ခုနှစ်မှ ၁၉၈၀ ပြည့်နှစ်အတွင်း ထုတ်ဝေခဲ့ပါကြောင်း၊ ဤအဘိဓာန်သည် “က” မှ “အ” အထိ အက္ခရာအားလုံး ပြည့်စုံသည့် ပထမဆုံး မြန်မာအဘိဓာန်ဖြစ်သည့်အပြင် ခရီးဆောင် မြန်မာ အဘိဓာန်ကိုလည်း ၁၉၉၉ ခုနှစ်တွင် ပြုစုထုတ်ဝေခဲ့ပါကြောင်း၊ ထို့ပြင် မြန်မာစာအဖွဲ့သည် အဆိုပါ ပထမဆုံး အဘိဓာန်ထက် ကျယ်ပြန့် ခေတ်မီသည့် မြန်မာအဘိဓာန်ကြီး တစ်အုပ်ကိုလည်း ဆက်လက် ပြုစုနေဆဲဖြစ် ကြောင်း။

သို့ဖြစ်ပါ၍ ၁၉၆၄ ခုနှစ်တွင် အပိုင်း ၅ “ဆ” အက္ခရာအထိ ပုံနှိပ်ထုတ်ဝေခဲ့ပြီးသော တက္ကသိုလ်မြန်မာ အဘိဓာန်ကို ပြန်လည်ထုတ်ဝေရန်မှာ ထိုအဘိဓာန်ကို အခြေခံကာ မြန်မာစာအဖွဲ့က လိုအပ်သည်များ တည်းဖြတ် ဖြည့်စွက်ပြင်ဆင်၍ “က” အက္ခရာမှ “အ” အက္ခရာအထိ ပါဝင်သော မြန်မာ အဘိဓာန်များကို ထုတ်ဝေပြီးဖြစ်သည့်အတွက် လတ်တလော ပြန်လည်ထုတ်ဝေရန် မသင့်သေးပါကြောင်း ဒုတိယ၀န်ကြီးက ဖြေကြား သည်။

အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည် ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါက်တာပြည်ဖြိုး၊ ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ် (၂)မှ ဦးဌေးဦးနှင့် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၈) မှ ဦမျိုးဝင်းတို့က လွှတ်တော် နှစ်ရပ်အကြား သဘောထား ကွဲလွဲလျက်ရှိသည့် ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ရွေးချယ် ခန့်အပ်ခြင်းဆိုင်ရာ ပြဌာန်းချက်၊ ပညာအရည်အချင်း သတ်မှတ်ချက် ဆိုင်ရာပြဌာန်းချက်၊ အစားထိုးခန့်အပ် ခြင်းဆိုင်ရာ ပြဌာန်းချက်၊ တာဝန်နှင့် လုပ်ပိုင်ခွင့်ဆိုင်ရာ ပြဌာန်းချက်နှင့် ဧည့်စာရင်း တိုင်ကြားရေးဆိုင်ရာ ပြဌာန်းချက်များနှင့် စပ်လျဉ်း၍ ပယ်ဖျက်သင့်သည့် အချက်များ၊ ရှင်းလင်းပြတ်သားစွာ ပြဌာန်းသင့်သည့်အချက်များ၊ အမျိုးသားလွှတ်တော်၏ အတည် ပြုချက်အတိုင်း ဆက်လက်ပြဌာန်းသင့်သည့် အချက်များကို ပုဒ်မတစ်ခုချင်းစီအလိုက် ထောက်ပြဆွေးနွေးကြသည်။


ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးရန် ကျန်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်များသည် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး (၃၉) ရက်မြောက်နေ့တွင် ဆက်လက် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment