Monday, September 26, 2016

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်နိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုသို့ သွားရောက်ခဲ့သော ခရီးစဉ်နှင့် စပ်လျဉ်းသည့် သတင်း ကြေညာချက်



၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် (၇၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက်ရန် နယူးယောက်မြို့သို့ (၁၆-၉-၂ဝ၁၆) ရက် နေ့မှ (၂၄-၉-၂ဝ၁၆) ရက်နေ့အထိ သွားရောက်ခဲ့ပြီး ယနေ့ (၂၅-၉-၂ဝ၁၆) ရက်နေ့ ည (ဝ၉း၅ဝ) နာရီတွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိခဲ့ပါသည်။

၂။ နယူးယောက်မြို့တွင် ရောက်ရှိနေစဉ်ကာလအတွင်း (၁၇-၉-၂ဝ၁၆) ရက်နေ့၌ နယူးယောက်မြို့ရှိ မြန်မာအသိုက်အဝန်းများနှင့် တွေ့ဆုံခဲ့ပြီး ယင်းနေ့တွင်ပင် ဘော့စတွန်မြို့ရှိ ဟားဗတ်တက္ကသိုလ် မှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အားချီးမြှင့်သည့် 2016 Humanitarian of the Year Award ကို လက်ခံရယူခဲ့ပါသည်။
၃။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် (၁၈-၉-၂ဝ၁၆) ရက်နေ့ တွင် နယူးယောက်မြို့ရှိ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးမှ ဝန်ထမ်းမိသားစုများနှင့်လည်းကောင်း၊ (၇၁)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်လျက်ရှိသည့် မြန်မာကိုယ်စားလှယ် အဖွဲ့နှင့်လည်းကောင်း၊ (၁၉-၉-၂ဝ၁၆) ရက်နေ့တွင် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့အစည်း (UNESCO) ၏ ညွှန်ကြားရေးမှူးချုပ် Ms. Irina Bokova ၊ ဒိန်းမတ်နိုင်ငံဝန်ကြီးချုပ် H.E. Mr. Lars Lokke Rasmussen ၊ မက္ကဆီကိုသမ္မတ H.E. Mr. Enrique Pena Nieto ၊ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် H.E. Ms. Sheikh Hasina တို့နှင့်လည်းကောင်း သီးခြားစီတွေ့ဆုံခဲ့ပါသည်။(၂ဝ-၉-၂ဝ၁၆) ရက်နေ့တွင် “Together for the 2030 Agenda: Partnering for Women, Children and Adolescents, to Thrive and Transform the World ” အဆင့်မြင့် အစည်းအဝေး၌ တက်ရောက်၍ Panelist အဖြစ် ပါဝင်တက်ရောက်ဆွေးနွေးပြောကြားခဲ့ပြီး အစ္စလာမ္မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ၏ အတွင်းရေးမှူးချုပ် H.E. Mr. Lyad Ameen Madani အား လက်ခံတွေ့ဆုံခဲ့ပါသည်။
၎။ (၂၁-၉-၂ဝ၁၆) ရက်နေ့တွင် (၇၁)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ၌ အထွေထွေမူဝါဒရေးရာ မိန့်ခွန်းတစ်ရပ်ကို ပြောကြားခဲ့ပါသည်။ ယင်းနေ့တွင်ပင် နျူကလီးယားလက်နက်စမ်းသပ်ဖောက်ခွဲမှု အလုံးစုံတားဆီးပိတ်ပင်ရေးစာချုပ် (Comprehensive Nuclear-Test-Ban Treaty- CTBT) သို့ အတည်ပြုပါဝင်သည့် စာချွန်လွှာပေးအပ်ပွဲသို့ တက်ရောက်ပေးအပ်ခဲ့ပြီး Asia Society က စီစဉ်ကျင်းပသည့် လူထုဟောပြောပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့ပါသည်။
၅။ (၂၂-၉-၂ဝ၁၆) ရက်နေ့တွင် မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ ရုံး၌ CNN သတင်းဌာနမှ တွေ့ဆုံမေးမြန်းမှုကိုလက်ခံဖြေကြားခဲ့ပြီး ကမ္ဘာ့စီးပွားရေးဖိုရမ် ဥက္ကဋ္ဌ Prof. Klaus Schwab? Open Society Foundation တည်ထောင်သူနှင့်ဥက္ကဋ္ဌ Mr. George Soros ၊ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာမဟာမင်းကြီး H.E. Mr. ZeidRa’ad Al Hussein တို့အားသီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါသည်။ ယင်းနေ့ညနေပိုင်းတွင် New York Public Library ၌ Academy of Achievement အဖွဲ့မှ နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် အား ပေးအပ်ချီးမြှင့်သည့် Academy’s Golden Plate Award ကိုတက်ရောက်လက်ခံခဲ့ပါသည်။
၆။ နယူးယောက်မြို့သို့ မသွားရောက်မီ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ဗြိတိန်နိုင်ငံ လန်ဒန်မြို့သို့ (၁ဝ-၉-၂ဝ၁၆) ရက်နေ့မှ (၁၃- ၉-၂ဝ၁၆) ရက်နေ့အထိ သွားရောက်ကာ လန်ဒန်မြို့ရှိ မြန်မာသံရုံး၌ ဥရောပဒေသ၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကဒေသတို့မှ မြန်မာသံအမတ်ကြီး ၁၂ ဦးနှင့်တွေ့ဆုံခဲ့ပြီး ဗြိတိန်နိုင်ငံအကြီးအကဲများနှင့် လည်း တွေ့ဆုံဆွေးနွေး ခဲ့ပါသည်။ ထို့အပြင် အမေရိကန်ပြည်ထောင်စု အစိုးရ၏ ဖိတ်ကြားချက်အရ ဝါရှင်တန်မြို့သို့ (၁၃-၉-၂ဝ၁၆) ရက်နေ့မှ (၁၆-၉-၂ဝ၁၆) ရက်နေ့အထိ တရားဝင် ခရီးစဉ် သွားရောက်ကာ အမေရိကန် သမ္မတ မစ္စတာ ဘာရက်ခ်အိုဘားမား အပါအဝင် အစိုးရအဖွဲ့ အကြီးအကဲများ၊ လွှတ်တော် အမတ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
၂ဝ၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်

No comments:

Post a Comment