Wednesday, September 21, 2016

ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့ ကျင်းပ

နေပြည်တော် စက်တင်ဘာ ၂၀
ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၁၃ ရက် မြောက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ အတွင်းရှိ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများ အမည်ပြောင်းလဲ ပြင်ဆင်ဖွဲ့စည်းခြင်း၊ ပယ်ဖျက်ခြင်းနှင့် နယ်နိမိတ်ဧရိယာ တိုးချဲ့ပြင်ဆင် ဖွဲ့စည်းခြင်း တို့ကို မှတ်တမ်းတင်ခဲ့သည်။

လွှတ်တော် နာယကက ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျေးရွာအုပ်စု ၁ အုပ်စုအမည်ပြောင်းလဲပြင်ဆင် ဖွဲ့စည်းခြင်း၊ ကျေးရွာအုပ်စု ၂ အုပ်စုနှင့် ကျေးရွာ ၂၃ ရွာ ပယ်ဖျက်ခြင်း၊ မကွေးတိုင်း ဒေသကြီးအတွင်း ကျေးရွာ ၁၇ ရွာ ပယ်ဖျက်ခြင်း နှင့် ကျေးရွာ အုပ်စု ၂ အုပ်စု အမည်ပြောင်းလဲ ပြင်ဆင်ဖွဲ့စည်းခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ရပ်ကွက်/ကျေးရွာ အုပ်စုပြင်ဆင် ဖွဲ့စည်းခြင်း၊ ပယ်ဖျက်ခြင်းနှင့် တိုးချဲ့ဖွဲ့စည်းခြင်းတို့ကို လွှတ်တော်သို့တင်ပြပြီး မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီဝင်က လွှတ်တော်နှစ်ရပ် သဘောထား ကွဲလွဲသော “ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကြမ်း” နှင့်စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက်များ ပါဝင်သော ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားသည်။
နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ပြင်သစ်ဖွံ့ဖြိုး တိုးတက်ရေး အေဂျင်စီတို့ထံမှ ချေးငွေ ရယူရန်ကိစ္စနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက ပွင့်လင်းမြင်သာမှုအပြည့်ဖြင့် အားလုံးပါဝင်နိုင်ရေးနှင့် စီမံကိန်းရည်မှန်းချက်များ အောင်မြင်စွာ အကောင် အထည်ဖော်နိုင်ရန်အတွက် ဒေသခံတောင်သူ လယ်သမားများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များ၊ ဆက်စပ်ဝန်ကြီးဌာနများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ၀န်ကြီးဌာနမှ တာဝန်ယူ၊ တာဝန်ခံမှုအပြည့်ဖြင့် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ရှင်းလင်း ဆွေးနွေးသည်။
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ၀န်ကြီးဌာနအနေဖြင့် စီမံကိန်းချေးငွေ ရယူနိုင်ရန် ခိုင်လုံသော အကြောင်းပြချက်ဖြင့် ပွင့်လင်းမြင်သာစွာတင်ပြ၍ နှစ်စဉ်ခွင့်ပြုချက်ရယူခဲ့ခြင်း ဖြစ်ပါကြောင်း လွှတ်တော် နှစ်ရပ်လုံး၏ ပညာရေးမြှင့်တင်မှု ကော်မတီများနှင့်လည်း တွေ့ဆုံကာ စီမံကိန်းဆိုင်ရာ ကိစ္စရပ်များကို အသေးစိတ် ရှင်းလင်း ဆွေးနွေးတင်ပြ ခဲ့ပြီးဖြစ်ပါကြောင်း၊ ထိုသို့ အရည်အသွေး မြင့်မား သောပညာရေးကို အကောင်အထည် ဖော်ရန် အတွက် အစိုးရ၊ လွှတ်တော်များ၊ ပြည်သူလူထု၊ မိဘ၊ ဆရာနှင့် ကျောင်းသား ကျောင်းသူများ ညီညီညွတ်ညွတ် ပူးပေါင်းပါဝင်၍ ပွင့်လင်းမြင်သာစွာဖြင့် ထိထိရောက်ရောက် စနစ်တကျ စတင်အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ရှင်းလင်းဆွေးနွေးသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ၀န်ကြီးဌာနအနေဖြင့် စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အဂတိလိုက်စားမှုများ မရှိစေရေး၊ စီမံကိန်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ လျော့နည်းရေး အစီအမံများ၊ စီမံချက် အကျိုးသက်ရောက်မှုများအား ကျား/မကဏ္ဍညီ မျှမှုရှိစေရေး အစီအမံ များ၊ ၀ယ်ယူဖြန့်ဖြူးရေး၊ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့် ကျွမ်းကျင်ပညာရှင်များ ခန့်ထားမှုဆိုင်ရာကိစ္စရပ်များကို နိုင်ငံတော်မှ ချမှတ်ထားသော လုပ်ထုံးလုပ်နည်းများနှင့်အညီ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးသည်။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ပြည်ပချေးငွေရယူပြီး ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံတော်ဘတ်ဂျက်က ကျခံသုံးစွဲရမှုကို သက်သာစေသည့်အပြင် အခြားလိုအပ်သည့် စီမံကိန်းလုပ်ငန်း များတွင်လည်း သုံးစွဲနိုင် ပါကြောင်း၊ ထို့ပြင် ပြည်ပချေးငွေ ရယူခြင်းသည် ပြည်တွင်းသို့ နိုင်ငံခြားငွေများ ရောက်လာခြင်းဖြစ်သည့်အတွက် နိုင်ငံတော်၏ နိုင်ငံခြားအရန်ငွေကိုလည်း တိုးတက်စေသည့် အကျိုးကျေးဇူး ရရှိစေပါကြောင်း။
စီမံကိန်း အကောင်အထည်ဖော်မှုများကို စောင့်ကြည့်သုံးသပ်ရေး၊ အစီရင်ခံ တင်ပြရေး၊ ချေးငွေများကို အလေအလွင့်၊ အယိုအဖိတ် မရှိစေရန် သုံးစွဲရေး စသည်တို့သည် အလွန်သင့်လျော်မှန်ကန်သည့် အချက်များဖြစ် ပါကြောင်း၊ ချေးငွေ တိုင်းအတွက် မိမိတို့ ဌာနများက အလေးထားဆောင်ရွက်ရမည့် အချက်များဖြစ်သောကြောင့် လွှတ်တော် အပိုင်းမှလည်း စီမံကိန်းအကောင်အထည်ဖော်မှု အခြေအနေများကို ၀ိုင်းဝန်းစောင့်ကြည့် သုံးသပ်ပေးနိုင်ရန် တင်ပြပါကြောင်း ရှင်းလင်း ဆွေးနွေးသည်။
အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီတို့ထံမှ ချေးငွေရယူရေးကိစ္စနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေး ၀န်ကြီးဌာနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့က သီးခြားစီ အသုံးပြုမည်ဖြစ် သည့်အတွက် ချေးယူမည့် ၀န်ကြီးဌာနတစ်ခုချင်းစီအတွက် စက်ခလုတ်နှိပ်အသုံးပြု၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ ထောက်ခံမဲများသဖြင့် ၀န်ကြီးဌာနသုံးခုလုံးအတွက် ချေးငွေချေးယူခွင့်ကို လွှတ်တော်က အတည်ပြု ခဲ့သည်။
ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အမျိုးသားစီမံ ကိန်းဆောင်ရွက်မှု နှစ်ပတ်လည် အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီ၏ စိစစ်လေ့လာတွေ့ရှိချက် အစီရင်ခံစာ(၃/၂၀၁၆)နှင့်စပ်လျဉ်း၍ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဝေစိန်အောင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၅)မှ ဦးရဲထွဋ်၊ ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာသက်သက်ခိုင်နှင့် လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချိုတို့က ဆွေးနွေးကြသည်။
အဆိုပါ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဆောင်ရွက်မှု နှစ်ပတ်လည် အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီ၏ စိစစ်လေ့လာတွေ့ရှိချက် အစီရင် ခံစာ (၃/၂၀၁၆) ပါ သုံးသပ်ချက်နှင့် သဘောထား မှတ်ချက်များ ကို အလေးထား၍ ပိုမိုပြည့်စုံကောင်းမွန်သော အစီရင်ခံ စာဖြစ်လာစေရန် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များအားလုံးနှင့် ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဆွေးနွေးသည်။
ပြည်ထောင်စုလွှတ်တော် နာယက က ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာ (၃/၂၀၁၆) ကို လွှတ်တော်၏ အဆုံးအဖြတ်ဖြင့် အတည်ပြုခဲ့သည်။
ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာငွေ အရအသုံးဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်းပူး ပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၄/၂၀၁၆) နှင့်စပ်လျဉ်း၍ ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေ စာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာ (၄/၂၀၁၆)ပါ သုံးသပ်ချက်များနှင့် သဘောထားမှတ်ချက်များသည် နိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက် ပိုမိုအကျိုးရှိထိရောက်သော ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုစနစ် ဖြစ်ပေါ်ရေးအတွက် များစွာ အထောက်အကူဖြစ်စေသဖြင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဂရုပြုဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဆွေးနွေးသည်။
ပြည်ထောင်စုလွှတ်တော် နာယက က ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာ (၄/၂၀၁၆)ကို လွှတ်တော်၏ အဆုံးအဖြတ်ဖြင့် အတည်ပြုခဲ့သည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့ကို စက်တင်ဘာ ၂၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment