Tuesday, August 23, 2016

လယ်ယာထွက်ကုန်များ စားသုံးသူများထံ တိုက်ရိုက်ရောက်ရှိနိုင်မည့် Whole Sale Market ပေါ်ထွန်းလာရေးဆွေးနွေး

နေပြည်တော် သြဂုတ် ၂၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် KOICA မှ စီမံကိန်းမန်နေဂျာ Dr. Dong Hwan KIM နှင့် အဖွဲ့ဝင် (၅)ဦး တို့အား ယနေ့နံနက် (၁၀)နာရီက ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ Project for Establishment of the Agricultural Marketing Centre အား မြန်မာနိုင်ငံတွင် တည်ထောင်ဆောင်ရွက်ရေး ဆိုင်ရာများ ဆွေးနွေးကြသည်။


ဆွေးနွေးရာတွင် တောင်သူလယ်သမားမိသားစုများ၏ လူမှုစီးပွားဘဝ တိုးတက်ရေး၊ တောင်သူများ စိုက်ပျိုး ထုတ်လုပ် လိုက်သည့် လယ်ယာထွက်ကုန်များ လက်ကား ဈေးကွက်မှ တဆင့် စားသုံးသူများထံ တိုက်ရိုက်ရောက်ရှိနိုင်မည့် Whole Sale Market စနစ်ဖြင့် ဈေးကွက်ကောင်းစနစ်တစ်ရပ် ပေါ်ထွန်းရေး ဆိုင်ရာများ၊ စီးပွားရေးဈေးကွက်စင်တာ တည်ဆောက်ရန်အတွက် မြေနေရာ သတ်မှတ်ရွေးချယ်ရေးဆိုင်ရာများ၊ စီမံကိန်းနှင့် ပတ်သက်၍ စိုက်ပျိုးထုတ်လုပ်မှုနှင့် ထုပ်ပိုးမှုစံချိန်စံညွှန်းအရည်အသွေး ပြည့်မီရေးဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ တောင်သူများအတွက် အမှန် တကယ် အကျိုးရှိမည့် ဈေးကွက် စီးပွားရေးစနစ် ဖော်ဆောင်ပေးရေးဆိုင်ရာများ ၊ စီမံကိန်းအကောင်အထည်ဖော်ရာ တွင် လိုအပ်သည့် နည်းပညာ ဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်းပို့ချပေးမည့် အစီအစဉ်များ၊ စီမံကိန်းကြီးပြီးစီးအောင်မြင်အောင် နှစ်ဖက်ပူးပေါင်းအကောင် အထည်ဖော်ရေးနှင့် ရှေ့ဆက်လက်လုပ်ဆောင်သွားမည့် အစီအမံများအား ဆွေးနွေးခဲ့ကြ ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment