Tuesday, August 23, 2016

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ သမဝါယမတက္ကသိုလ်၊ ကောလိပ်များနှင့် အသေးစားစက်မှုလက်မှု လုပ်ငန်ဦးစီးဌာနတို့တွင် စတင်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်းများအား တွေ့ဆုံမှာကြား

နေပြည်တော်၊ သြဂုတ် ၂၃
သမဝါယမတက္ကသိုလ်၊ ကောလိပ်များနှင့် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့တွင် စတင်တာဝန်ထမ်းဆောင် မည့် လက်ထောက်ကထိကများနှင့် လက်ထောက်အင်ဂျင်နီယာများ အရာထမ်း (၈၀) ဦးတို့အား တွေ့ဆုံခြင်း အခမ်းအနားကို  သြဂုတ် ၂၂ ရက် နေ့ နံနက် (၉) နာရီက ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက လုပ်ငန်းဆိုင်ရာများ ဆွေးနွေးမှာကြားသည်။

ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးမှာကြားရာတွင် အရာထမ်းများအနေဖြင့် မိမိတို့ တာဝန်ယူသည့် လုပ်ငန်းတာဝန်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဖြောင့်မတ်မှန်ကန်သည့် တွေးခေါ်ကြံဆမှုများ လိုအပ် သကဲ့သို့ တာဝန်သိမှု၊ တာဝန်ခံမှု၊ ပြည့်စုံရန်လိုအပ်ကြောင်း၊ ရာထူးတိုးမြှင့်ရေးနှင့် ပတ်သက်၍ နောင်တွင် Meritocracy စနစ်ဖြင့်အသုံးပြုပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အခြေအနေသည် ခေတ်ပြောင်း စနစ်ပြောင်းကာလ တစ်ခုကို  စတင်နေပြီဖြစ်ရာ အသားမကျ သေးသည့် ကာလအတွင်း အခက်အခဲများ ကြုံတွေ့ရမှာဖြစ်ပြီး အခက်အခဲများ ကို ကြံ့ကြံ့ခံပြီး ရင်ဆိုင်နိုင်ဖို့လိုအပ်ပါကြောင်း၊ လုပ်ငန်းခွင်အတွင်း ပြည့်စုံခြင်း၊ မပြည့်စုံခြင်းရှိနိုင်မည် ဖြစ်ပြီး မိမိတို့ အရာရှိများအနေဖြင့် မိမိကိုယ်ကို ကောင်းအောင် ဦးစွာကြိုးစားပြီး ထိုမှတဆင့် မိမိပတ်ဝန်းကျင်ကောင်းအောင်၊ လောက ဝန်းကျင်တစ်ခုလုံး ကောင်းမွန်လာ အောင် ကြိုးစားကျင့်ကြံရမည်ဖြစ်ကြောင်း၊ 
မိမိတို့တစ်ဦးချင်း၏ ကိုယ်စွမ်းဉာဏ်စွမ်းများကို အပြည့်အဝအသုံးချပြီး တိုင်းပြည်တာဝန်ကို စွမ်းစွမ်းတမံ ထမ်းဆောင် နိုင်သည့် ထူးချွန်ထက်မြက်သော နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်ကြစေလိုကြောင်း ဆွေးနွေးမှာကြားသည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် သမဝါယမတက္ကသိုလ်၊ ကောလိပ်များနှင့် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့တွင် စတင်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်းတစ်ဦးချင်းအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးခဲ့ ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment