Wednesday, August 24, 2016

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် အကောင် အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM) ကျင်းပ



နေပြည်တော်  သြဂုတ်  ၂၄
တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် အကောင် အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM)ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် သင်္ဂဟ ဟိုတယ်၌ ကျင်းပသည်။

အစည်းအဝေးတွင် နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက  JICM အစည်း အဝေးများကို ၃ လတစ်ကြိမ် ကျင်းပနိုင်ရေး စီစဉ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း နှုတ်ခွန်းဆက် စကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားသည်။
ထို့နောက် ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက ငြိမ်းချမ်းရေး အတွက် ရရှိလာသည့် အခွင့်အရေးကို အတူပူးတွဲ လုပ်ဆောင်နိုင်ရန် အရေးကြီး ပါကြောင်း၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ မိန့်ခွန်းတွင် ပါသည့်အတိုင်း ငြိမ်းချမ်းရေး ရရှိမှ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို ဆက်လက် အကောင် အထည်ဖော် နိုင်မည် ဖြစ်ကြောင်း၊ အားလုံး အတူ ဆောင်ရွက်လျှင် အောင်မြင် နိုင်သည် ဆိုသည့် စုပေါင်းအားကို ယူပြီး ငြိမ်းချမ်းရေး၏ အခြေခံအစ ဖြစ်သည့် ငြိမ်းချမ်းရေး ညီလာခံနှင့် ရှေ့ဆက် သွားမည့် လုပ်ငန်းများကို အတူတကွ ပူးပေါင်း ဆောင်ရွက် သွားကြမည် ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ကရင် အမျိုးသား အစည်းအရုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့ ကိုယ်စား ကေအဲန်ယူ ကရင်အမျိုးသား အစည်းအရုံး အထွေထွေ အတွင်းရေးမှူး ပဒို စောကွယ်ထူးဝင်းက ငြိမ်းချမ်းရေးကို မိမိတို့ အတူတကွ လက်တွဲ ဆောင်ရွက်သည့် အခါတွင် အခက်အခဲများ ရှိနိုင်ပါကြောင်း၊ တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှုကို တည်ဆောက် သွားရမည် ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေး မရှိခဲ့သည်မှာလည်း အတိတ်၏ ပြဿနာ ဖြစ်ပြီး နှစ်ဖက်လုံး၏ အားနည်းချက် ဖြစ်ပါကြောင်း၊ တည်ငြိမ် အေးချမ်းရန် JICM တွင် တာဝန် ရှိသည့် ပုဂ္ဂိုလ်များ ပူးပေါင်း ဆောင်ရွက် သွားကြမည် ဖြစ်ကြောင်း ပြောကြားသည်။
အစည်းအဝေး၌ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးများက UPDJC ၏ ဆောင်ရွက်ချက်များအား ရှင်းလင်း တင်ပြခြင်း၊ အတည်ပြုခြင်း၊ ပြည်ထောင်စု အဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ အဖွဲ့ဝင် အမည်စာရင်းအား တင်ပြခြင်းနှင့် အတည်ပြုခြင်းတို့ကို ဆောင်ရွက်ကြပြီး ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ထို့နောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့ ကိုယ်စား ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) ဒုတိယဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်၊ ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းနှင့် ပြည်ထောင်စု ၀န်ကြီး ဦးကျော်တင့်ဆွေတို့က နိဂုံးချုပ် အမှာစကား ပြောကြားကြသည်။

No comments:

Post a Comment