Wednesday, August 24, 2016

ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် ၊ ဒုတိယ ပုံမှန် အစည်းအဝေး (၁၉) ရက်မြောက်နေ့ ဆက်လက် ကျင်းပ



နေပြည်တော် သြဂုတ် ၂၄
ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် ၊ ဒုတိယ ပုံမှန် အစည်းအဝေး (၁၉) ရက် မြောက်နေ့ကို ယနေ့ နံနက်ပိုင်းတွင် ဆက်လက် ကျင်းပရာ မကွေး တိုင်းဒေသကြီး ၊ မင်းဘူး မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဝင်း၏ ဆွဲခန့် ဆရာ ၊ ဆရာမများအား အစိုးရခန့် ပညာရေး ၀န်ထမ်း ဆရာ ၊ ဆရာမများ အဖြစ် ခန့်ထားပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက အခြေခံပညာ ဦးစီးဌာနသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နေ့စားလပေး (မူလတန်းပြ) ဆရာ ၊ ဆရာမများကို ၂၀၁၃ ခုနှစ်တွင် စတင် ခေါ်ယူခဲ့ပြီး အတည်ပြု ခန့်အပ်မှု အနေဖြင့် ၂၀၁၄ ခုနှစ်တွင်  (၂၈၅၈၈) ဦး ၊ ၂၀၁၅ ခုနှစ်တွင် (၄၂၆၃၉) ဦး ၊ စုစုပေါင်း (၇၁၂၂၇) ဦး ခန့်အပ်ပေးခဲ့ပြီး ဖြစ်ပါကြောင်း ၊ ၂၀၁၆ -၁၇ ပညာသင်နှစ်တွင်လည်း (၂၄၆၈၈) ဦးကို ကျောင်းမဖွင့်မီ ခန့်ထားပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း

ပညာရေး အရည်အသွေး မြင့်မားလာစေရန် ဦးတည်၍ အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် အရည်အသွေး မြင့်မားသည့် ဆရာ ၊ ဆရာမများ၏ အခန်း ကဏ္ဍသည် အဓိက နေရာက ဖြစ်နေပါကြောင်း ၊ အရည်အသွေး မြင့်မားသည့် ဆရာ ဆရာမ များကိုသာ ၀န်ကြီးဌာန အနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များနှင့် ပူးပေါင်းပြီး ခန့်ထား လိုပါကြောင်းနှင့် အထူး လိုအပ်ပါက တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ အဖွဲ့များနှင့် ပူးပေါင်း၍ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း  ဖြေကြားသည်။
ဆက်လက်၍ ကျောက်ဖြူ မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်၏ ကျောက်ဖြူမြို့ GTI ကျောင်း ဆောက်လုပ်ရန် မြို့ပေါ်၌ အသင့်လျော်ဆုံး မြေနေရာ ရရှိရေး အတွက် နိုင်ငံတော် အစိုးရက မည်ကဲ့သို့ ကူညီပေးမည်ကို သိရှိလိုကြောင်း မေးခွန်းအား ပြည်ထောင်စုဝန်ကြီးက အစိုးရ စက်မှုလက်မှု သိပ္ပံ (ကျောက်ဖြူ)အား (၂၀၁၄-၂၀၁၅) ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့ရာ အထူးပြု အင်ဂျင်နီယာ ဘာသာရပ် (၃) ခုဖြင့် ကျောင်းသားဦးရေ (၂၁၄) ဦးခန့်ကို ပညာ သင်ကြား ပေးလျက် ရှိပြီး မြေနေရာ မရရှိသေးသဖြင့် ကျောင်း အဆောက်အဦ ဆောက်လုပ်နိုင်ခြင်း မရှိသေးဘဲ ကျောက်ဖြူမြို့ ၊ အမှတ် (၄) အခြေခံပညာ အလယ်တန်း ကျောင်းတွင် ယာယီ ဖွင့်လှစ် သင်ကြား ပေးလျက် ရှိပါကြောင်း။
အစိုးရ စက်မှု လက်မှုသိပ္ပံ (ကျောက်ဖြူ) တွင် ကျောင်း ဆောက်လုပ်ရန် အတွက် မြေ (၁၀) ဧကရှိလျှင် လုံလောက်မှု ရှိပါကြောင်း ၊ သန်ပန်ချောင်း ရပ်ကွက်ရှိ ငါးလုပ်ငန်း ဦးစီးဌာနပိုင် စက်ရုံဟောင်းနှင့်  ၀န်ထမ်းအိမ်ရာ အဆောက်အဦ ရှိသည့် မြေများနှင့် ပြည်သူ့ဆေးရုံ မြေနေရာများကို ပြုပြင် အသုံးပြုလျှင် ရနိုင်ပါကြောင်း၊ ရခိုင် ပြည်နယ်သို့ မိမိ အပါအ၀င် ပြည်ထောင်စု ၀န်ကြီးများသည် ၂၀၁၆ ခုနှစ် ဇွန် ၁ ရက်နှင့် ၂ ရက်တွင် ခရီးစဉ်အဖြစ် ရောက်ရှိခဲ့ပါကြောင်း ၊ ယင်းသို့ ရောက်ရှိစဉ် အဆိုပါ ကျောင်းကို ဆောက်လုပ်ရန် အဆိုပြုသည့် မြေနေရာသည် ကျောက်ဖြူ မြို့နယ် အနောက် တောင်ဘက်တွင် တည်ရှိပြီး မြို့နှင့် အလှမ်း ဝေးနေသည့် အတွက် အချက် (၂)ချက်ကို အဓိက ထားကာ မိမိအနေဖြင့် ကန့်ကွက် ခဲ့ပါကြောင်း ၊ ပထမ တစ်ချက်သည် မြို့နှင့် အလှမ်း ဝေးနေခြင်း ဖြစ်ကာ နောက်တစ်ချက်မှာ ရခိုင်ပြည်နယ်တွင် အဓိကအားဖြင့် အနောက် တောင်ဘက်မှ မုန်တိုင်းများ ၀င်လေ့ရှိသည့် အတွက် မုန်တိုင်းများ ၀င်ရောက်လာသည့် အခါတိုင်း ကျောင်းကို အဓိက ဦးတည်ကာ ၀င်ရောက် လာမည် ဖြစ်ခြင်းကြောင့် ကန့်ကွက် ခဲ့ခြင်း ဖြစ်ပါကြောင်း ၊ ထို့အတွက် ယခုလက်ရှိ ယာယီ ဖွင့်ထားသည့် အ.လ.က (၄) ကျောင်း နေရာတွင် အဆိုပါ ကျောင်းကို ဆက်လက် ဖွင့်လှစ် လိုပါကြောင်းနှင့် ကျောက်ဖြူ မြို့ပေါ်၌ အသင့်လျော်ဆုံး မြေနေရာ တစ်ခုရရှိပြီး အစိုးရ စက်မှု လက်မှု သိပ္ပံကျောင်း ဖွင့်လှစ်နိုင်ရေး အတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် သာမက သက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့် ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားသည်။
ပြည်သူ့ လွှတ်တော် ဥပဒေကြမ်း ကော်မတီက တင်သွင်းသည့် အရေးပေါ်စီမံမှု အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြပြီး လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူရာ ထောက်ခံမဲ ၂၆၁ မဲ ၊ ကန့်ကွက်မဲ ၁၂၃ မဲနှင့် ကြားနေမဲ  ၅မဲ ရရှိသည့် အတွက် လွှတ်တော် ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းကို ရုပ်သိမ်းရန် အတည် ပြုကြောင်းနှင့် ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ကြေညာသည်။

No comments:

Post a Comment