Thursday, August 25, 2016

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံ ၀န်ကြီးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် H.E. Mr. Hiroto IZUMI နှင့် အဖွဲ့အား တွေ့ဆုံ


နေပြည်တော် သြဂုတ် ၂၅

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံ ၀န်ကြီးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် H.E. Mr. Hiroto IZUMI နှင့်အဖွဲ့အား ယနေ့နံနက်(၁၀)နာရီတွင် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် ရန်ကုန်မြို့ပြ မဟာစီမံကိန်း၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ သီလ၀ါ စီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေး၊ ရေသုတေသန လုပ်ငန်း အပါအ၀င် နိုင်ငံဖွံ့ဖြိုးရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ရာတွင် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းမှုအတွက် သာမက မြန်မာနိုင်ငံအတွက် ရေရှည် အကျိုးရှိမည့်၊ ပြည်သူများ အလုပ်အကိုင် ဖန်တီးပေးနိုင်မည့်၊ လုပ်ငန်းကျွမ်းကျင်မှု တိုးတက်စေမည့်၊ နိုင်ငံအတွင်းရှိ ဒေသများ အားလုံး မျှတစွာဖွံ့ဖြိုး တိုးတက်စေနိုင်မည့် အစီအစဉ်များ ထည့်သွင်းစဉ်းစား ဆောင်ရွက်ကြရန် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။                           

No comments:

Post a Comment