Thursday, August 25, 2016

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး မြေငလျင်ကြောင့် အသက်ဆုံးရှုံးမှုများကို လိုက်လံကြည့်ရှု အားပေး


နေပြည်တော် သြဂုတ် ၂၅

သြဂုတ်လ ၂၄ ရက်နေ့ ညနေပိုင်းတွင် ဖြစ်ပေါ်ခဲ့သော မြေငလျင်ကြောင့် မြန်မာနိုင်ငံ ဒေသအချို့တွင် စေတီပုထိုးများ ပြိုကျပျက်စီးခြင်း၊ ဘုန်းကြီးကျောင်းနှင့် လူနေအဆောက်အဦးများ ပျက်စီးခြင်း၊ လမ်းတံတားများ ပျက်စီးခြင်းနှင့် လူများ ထိခိုက် ဒဏ်ရာရရှိခြင်း၊ လူ(၃)ဦး သေဆုံးခြင်းများ ဖြစ်ပေါ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် 


ယနေ့နံနက်ပိုင်းတွင် မန္တလေး တိုင်းဒေသကြီး၊ ပုဂံမြို့ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော စူဠာမဏိစေတီ၊ စေတနာကြီးပုထိုးတော်တို့အား ကြည့်ရှုလေ့လာခဲ့ပါသည်။ မြေငလျင် ကြောင့် ပုဂံယဉ်ကျေးမှု နယ်မြေအတွင်း စေတီပုထိုးပေါင်း ၁၈၇ ဆူ ထိခိုက်ပျက်စီးခဲ့ပြီး နိုင်ငံခြားခရီးသွား ဧည့်သည် စပိန်နိုင်ငံသူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထို့နောက် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက် (အလယ်တိုက်) ကျောင်းသို့ရောက်ရှိပြီး ဆရာတော်အား ဖူးမြော်ကန်တော့ကာ ကျောင်းဝင်းအတွင်းရှိ မြေငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သော မုဒ်ဦးနှင့် ကျောင်းတိုက်တို့အား လှည့်လည်ကြည့်ရှုကာ အလှူငွေများပေးအပ် လှူဒါန်း ခဲ့ပါသည်။ ဆက်လက်၍ မြေငလျင်ကြောင့် မြေခခဲ့သော ရွှေမုဌောစေတီ၏ စိန်ဖူးတော်နှင့် စေတီတော်ကို ဖူးမြော်ကန်တော့သည်။ ၎င်းနောက် ဗာဂျီးနီးယား ဆေးပေါင်းစက်ရုံ ပြိုကျသဖြင့် အသက်ဆုံးရှုံးခဲ့ရသည့် မောင်ထက်မြက်အောင်၏ ဖခင်အား နာရေးထောက်ပံ့ငွေကို ပေးအပ်သည်။ ပခုက္ကူမြို့ အထွေထွေ ရောဂါကုဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသော မြေငလျင်ကြောင့် ဒဏ်ရာ ရရှိသူ သံဃာတော်(၂)ပါး နှင့် လူပုဂိဂုလ်(၂)ဦးတို့အား ကြည့်ရှုအားပေးစကားပြောကြားပြီး ထောက်ပံငွေများပေးအပ်ခဲ့ရာ ဝေဠုကျော် ဖောင်ဒေးရှင်းကလည်း ပါဝင်ထောက်ပံ့ကူညီခဲ့ပါသည်။


ဆက်လက်၍ မွန်းလွဲပိုင်းတွင် ရေနံချောင်းမြို့သို့ ရောက်ရှိပြီး မြို့မမြောက်ရုံးရပ်ရှိ လောက မာန်အောင်စေတီတော်မြတ် ပြိုကျပျက်စီးမှုအခြေအနေကိုကြည့်ရှုကာ မြေငလျင်ကြောင့် အသက်ဆုံးရှုံး ခဲ့ရသည့် မနှင်းနှင်းနွယ် (၁၅)နှစ် (အဘ) ဦးကြိုင်စိုး၊ မခင်အေးငြိမ်း (၇)နှစ် (အဘ) ဦးမြငွေ တို့အတွက် ထောက်ပံ့ငွေများနှင့် နေအိမ်ပြိုကျခဲ့သည့် မိသားစုအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ရေနံချောင်းမြို့၊ သဌေးကုန်းကျေးရွာရှိ အထက်တန်းနှင့် အလယ်တန်း ကျောင်းသား/ ကျောင်းသူများ နေ့စဉ်ကျောင်း တက်ရာတွင် အန္တရာယ် ကင်းရှင်းစေရန်အတွက် အသုံးပြုရန် လိုအပ်လျက်ရှိသော စက်တပ်လှေနှင့် အသက်ကယ်အင်္ကျီများ ဝယ်ယူရန် ထောက်ပံ့သည်။

No comments:

Post a Comment