Thursday, August 25, 2016

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၀) ရက်မြောက်နေ့ ဆက်လက်ကျင်းပ


နေပြည်တော် သြဂုတ် ၂၅

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်၊ ဒုတိယပုံမှန်အစည်းအဝေး (၂၀) ရက် မြောက်နေ့ကို ယနေ့ နံနက်ပိုင်းတွင် ဆက်လက်ကျင်းပရာ  မရမ်းကုန်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်မေ၀င်းမြင့်၏ ပရဟိတ ဘုန်းတော်ကြီးကျောင်း များတွင် မှီခိုပညာသင်ကြားနေရသော မိမိနိုင်ငံသား တိုင်းရင်းသားမိဘမဲ့ ကလေးငယ်များအား နိုင်ငံသားကတ် စိစစ်ထုတ်ပေးရေး အစီအစဉ်ရှိ မရှိ သိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍


အလုပ်သမား ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြန်လည်ရှင်းလင်း ဖြေကြားရာတွင် မိဘမဲ့ဂေဟာ/ ကျောင်းများတွင် နေထိုင်သော တိုင်းရင်းသား မိဘမဲ့ကလေးငယ်များ အတွက် အိမ်ထောင်စု လူဦးရေ စာရင်းအား ညွှန်ကြားချက်နှင့်အညီ ဂေဟာလိပ်စာဖြင့် မိဘမဲ့ကလေးများကို စုပေါင်းထုတ်ပေးရန်နှင့် အသက်အရွယ်အရ သတ်မှတ် ထားသော ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး အတွက် မိဘ အချက်အလက်များ မသိရှိနိုင်သော်လည်း ဥပဒေအရ တိုင်းရင်းသားမိဘ (၂)ပါးမှ မွေးဖွားသူမှန်ပါက မွေးရာပါ နိုင်ငံသားအဖြစ် သတ်မှတ်ရန် ဖြေလျော့နည်းလမ်းအရ ဖွဲ့စည်းပေးထားသည့် မြို့နယ် နိုင်ငံသား စိစစ်ရေး ကတ်ပြား ထုတ်ပေးရေးလုပ်ငန်း စိစစ်ကြီးကြပ်ရေးအဖွဲ့ (၅) ဦးကော်မတီဖြင့် ဆုံးဖြတ်ဆောင်ရွက်ပေးရန် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ  ညွှန်ကြား ထားခဲ့ပြီး ဖြစ်ပါကြောင်း။

ဖခင်အမည်အား မသိရှိပါက သက်ဆိုင်ရာ ကျောင်းအုပ် (သို့မဟုတ်) ကျောင်းအုပ်သည် အမျိုးသမီး ဖြစ်ပါက အမျိုးသားကျောင်းဆရာ တစ်ဦးဦးအား မွေးစားဖခင်အဖြစ် နိုင် -၂ ရှိ ဖခင်အမည်တွင် ဖြည့်သွင်းပြီး အမည်နောက်မှ (မွေးစားဖခင်) ဟု ဖော်ပြရန်ဖြစ်ပါကြောင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားတွင်မူ ဖခင် အမည်သာဖော်ပြပြီး (မွေးစားဖခင်) ဟု ဖြည့်သွင်းခြင်း မပြုရန်ဖြစ်ပါကြောင်း၊  မိခင် အမည်မသိပါက နိုင်-၂ တွင် မသိဟုသာ ဖော်ပြရန်ဖြစ်ပြီး ဘိုးဘွားများ အားလည်း မသိဟုသာ ဖော်ပြသွားရန် ဖြစ်ပါကြောင်း၊ လူမျိုးနှင့်ပတ်သက်၍ ဆုံးဖြတ်နိုင်ပါက လူမျိုးအမှန်ဖော်ပြသွားရန် နှင့် လူမျိုးအမည် မဆုံးဖြတ်နိုင်ပါက အုပ်ထိန်းသူနှင့် မြို့နယ် (၅) ဦးကော်မတီ အဖွဲ့မှ စိစစ်၍ သတ်မှတ်သော လူမျိုးအမည်အား ဖော်ပြရန်ဖြစ်ပါကြောင်း။

လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းသည့် ပရဟိတ ဘုန်းတော်ကြီကျောင်းများတွင် မှီခိုပညာ သင်ကြားနေရသော မိမိနိုင်ငံသား တိုင်းရင်းသား မိဘမဲ့ကလေးငယ်များအား နိုင်ငံသားစိစစ်ရေး ကတ်ထုတ်ပေးမှုနှင့် ပတ်သက်၍ အထက်ပါ လုပ်ငန်းစဉ် အတိုင်း ဆောင်ရွက်ပေးလျက်ရှိပြီး ဖခင်အမည်ဖြည့်သွင်းမှုနှင့် ပတ်သက်၍ ဖခင်ရင်း အမည်သိရှိပါက ဖခင်ရင်းအမည် ဖြည့်သွင်းရန် ဖြစ်ပြီး  မသိရှိပါက ဘုန်းတော်ကြီး ပညာသင်ကျောင်း တာဝန်ခံဆရာတော်၏ ဘွဲ့အမည်အား ဖြည့်သွင်းပြီး  အမည် နောက်မှ (အုပ်ထိန်းသူ) ဟူ၍ ကိုယ်ရေးပုံစံ နိုင်-၂ နှင့် နိုင်ငံသားစိစစ်ရေးကတ် ပြားများတွင် ဖြည့်သွင်းရေးသား၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားသည်။

ဘူးသီးတောင် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေ၏ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့များတွင် မဟာလျှပ်စစ် ဓာတ်အားလိုင်းမှ လျှပ်စစ် ဓာတ်အားပေးနိုင်ရန် အစီအစဉ် ရှိ မရှိ မေးခွန်းအပေါ် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဖေဇင်ထွန်းက ၀န်ကြီးဌာန အနေဖြင့် ရခိုင်ဒေသဖွံ့ဖြိုး တိုးတက်စေရန်အတွက် ရခိုင် ပြည်နယ်သို့ မဟာဓာတ်အား လိုင်းစနစ်မှ လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရန် ၂၃၀ ကေဗွီ မဟာဓာတ်အား လိုင်းကို ဥသျှစ်ပင်မှ ပုဏ္ဏား ကျွန်းအထိ ဓာတ်အားလိုင်းမိုင်ပေါင်း (၃၀၉) မိုင်နှင့် ၂၃၀ ကေဗွီ ဓာတ်အား ခွဲရုံများဖြစ်သော တောင်ကုတ် ၊ ကျောက်ဖြူ ၊ အမ်း ၊ ပုဏ္ဏားကျွန်း ဓာတ်အားခွဲရုံကြီး (၄) ရုံကို အိန္ဒိယနိုင်ငံချေးငွေ အမေရိကန်ဒေါ်လာ (၆၄ ဒသမ ၀၇ )သန်းနှင့် နိုင်ငံတော်ရန်ပုံငွေကျပ် ၃၆ ဒသမ ၅ ဘီလီယံဖြင့် တည်ဆောက်ခဲ့ပြီး ဖြစ်ပါကြောင်း။

လျှပ်စစ်နှင့်စွမ်းအင် ၀န်ကြီးဌာနအနေဖြင့် ချေးငွေ၊ နိုင်ငံတော်ရန်ပုံငွေ မြောက်မြားစွာ ကုန်ကျခံပြီး ရခိုင်ပြည်သူများ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ထားပြီး ဆက်လက်ျဆောင်ရွက်လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်များသို့ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရန် ၂၃၀ ကေဗွီ  ပုဏ္ဏားကျွန်း ဓာတ်အားခွဲရုံမှတစ်ဆင့် ပုဏ္ဏားကျွန်း-ရသေ့တောင်-ဘူးသီးတောင်-မောင်တော (၆၆) ကေဗွီဓာတ်အားလိုင်း ၇၈ မိုင်ခန့်နှင့် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော (၆၆)ကေဗွီဓာတ်အားခွဲရုံများအတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေ ၂ ရာခိုင်နှုန်းနှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေ ၃ ရာခိုင်နှုန်း စုစုပေါင်း ၅ ရာခိုင်နှုန်းသာရရှိခဲ့ပြီး ဓာတ်အားလိုင်း အူကြောင်း တိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါကြောင်း၊ စီမံကိန်းများအတွက် ထပ်မံလိုအပ်သော ရန်ပုံငွေများကို နှစ်အလိုက် လျာထား ဆောင်ရွက်မည်ဖြစ်ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေရရှိမှုကိုမူတည်၍ လုပ်ငန်းများ ပြီးစီးအောင် လျာထား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

ယနေ့ အစည်းအဝေးတွင် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည် ပြု၍ ပေးပို့လာသော ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခြင်း ဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တင်သွင်းထားသည့် ပြင်ဆင်ချက်အဆိုအပေါ် ဥပဒေကြမ်းကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ် များက ဆွေးနွေးကြသည်။


ဆွေးနွေးရာတွင် ဥပဒေကြမ်း၏ ခေါင်းစဉ်၊ အပိုဒ်အလိုက်၊ အပိုဒ်ခွဲအလိုက်နှင့် ဥပဒေကြမ်း တစ်ခုလုံး အပေါ် ဆွေးနွေးကြပြီး အပိုဒ်နှင့် အပိုဒ်ခွဲအလိုက် အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူပြီး အတည်ပြုကြသည်။ 

No comments:

Post a Comment