Tuesday, August 30, 2016

ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒသမနေ့ကျင်းပ

နေပြည်တော် သြဂုတ် ၃၀
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ(၂၁)ရာစုပင်လုံကို ပြည်ထောင်စုလွှတ်တော်က ထောက်ခံကြိုဆိုကြောင်း ကြေညာချက် ကို ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ဒသမနေ့တွင် လွှတ်တော်၏ အတည်ပြုချက်ရယူ၍ ထုတ်ပြန်ကြေညာသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံကို ထောက်ခံကြိုဆိုကြောင်း ပြည်ထောင်စုလွှတ်တော်၏ ထုတ်ပြန် ကြေညာချက် (မူကြမ်း)ကို ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ဖတ်ကြားပြီး လွှတ်တော်၏ သဘောထား ရယူရာ ဗိုလ်ချုပ်သန်းစိုးက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံကို ကြိုဆိုထောက်ခံသော်လည်း ထုတ်ပြန် ကြေညာချက်တွင်ပါသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ဆန့်ကျင်နေသော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုဆိုသည့် စကားရပ်ကို ပြင်ဆင်ထုတ်ပြန်သင့်ကြောင်း တင်ပြခဲ့သည်။
အဆိုပါ ထုတ်ပြန်ကြေညာချက်(မူကြမ်း)ကို ပြည်ထောင်စုလွှတ်တော်နာယက က စက်ခလုတ်အသုံးပြု၍ လွှတ်တော်၏ အဆုံး အဖြတ်ရယူရာ ထောက်ခံမဲ (၃၉၀)မဲ၊ ကန့်ကွက်မဲ (၁၈၄) ၊ ကြားနေမဲ (၅) မဲရရှိပြီး ထောက်ခံမဲများသည့်အတွက် ယင်း ထုတ်ပြန်ကြေညာချက်ကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက က ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေပါ သီးသန့်ရန်ပုံငွေမှ ကာကွယ်ရေး ဆိုင်ရာလုပ်ငန်း ၁ ခု၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဆိုင်ရာလုပ်ငန်း ၂ ခုနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဆိုင်ရာလုပ်ငန်း ၁ ခု စုစုပေါင်းလုပ်ငန်း ၄ ခုအတွက် စုစုပေါင်းငွေကျပ် ၅၆၄၈ ဒသမ ၂၃ သန်း ခွဲဝေသုံးစွဲထားမှုကို မှတ်တမ်းတင်သည်။
ထို့နောက် နိုင်ငံတော်သမ္မတက ပေးပို့ထားသော အာဆီယံဘက်စုံရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်ကို ပြင်ဆင်သည့် ဒုတိယအခြေပြစာချုပ်တွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးရန် ကိစ္စနှင့်စပ်လျဉ်း၍  ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာ သက်သက်ခိုင်က ဒုတိယအခြေပြစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခြင်းသည် အာဆီယံဒေသတွင်း ဘက်စုံရင်းနှီးမြှုပ်နှံမှု များကို ထဲထဲဝင်ဝင် ပူးပေါင်းဆောင်ရွက်ရန် ကတိက၀တ်ပြုခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ စီးပွားရေးဏ္ဍကို ဒေသတွင်းနှင့် နိုင်ငံတကာ၏ ကုန်ထုတ်လုပ်မှုကွင်းဆက်များတွင် ထိရောက်စွာပါဝင်နိုင်ရန် ဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်း၊ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို အားပေးခြင်းသည် တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အားပေးရာရောက်ပြီး ဂျီဒီပီ တိုးတက်မှုနှင့်လည်း တိုက်ရိုက်အချိုးကျကြောင်း ထောက်ခံဆွေးနွေးသည်။
ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄) မှ ဦးသန်းစိုးက နိုင်ငံတကာ ဆက်ဆံရေးတွင် ထာဝရမိတ်ဆွေမရှိဘဲ ထာဝရ အကျိုးစီးပွားသာရှိပါကြောင်း၊ စာချုပ်များနှင့်ပတ်သက်ပြီး နိုင်ငံရေးအရ တရားဝင်မှုကို အလေးပေးရမည်ဖြစ်သကဲ့သို့ မိမိတို့နိုင်ငံ၏ ထာဝရအကျိုးစီးပွားကိုလည်း ဦးစားပေးရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အမျိုးသား အကျိုးစီးပွားရှုထောင့်မှ ချဉ်းကပ်အဖြေရှာရန် လိုအပ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှု ဥပဒေများသည် မူရင်းနိုင်ငံသားများ၏ အကျိုးကဲ့သို့ အခွင့်တူ ခံစားခွင့် ပေးမည်ဖြစ်ကြောင်းကို ယခုသဘောတူညီချက်စာချုပ်ထဲတွင် ထည့်သွင်းထားသည်ကို တွေ့ရပါကြောင်း၊ ရင်းနှီး မြှုပ်နှံမှု ဥပဒေသည် နိုင်သားများအတွက် အခွင့်အရေးပိုရရန်၊ အကာအကွယ်ပေးရန်၊ မြေတောင်မြှောက်ပေးရန် ဘာတွေ ပြင်ဆင်ထားသလဲ ဆိုသည်ကို အမျိုးသားအကျိုးစီးပွားရှုထောင့်ကနေ ကြည့်ရမည်ဖြစ်ကြောင်း ဆွေးနွေးသည်။
ရခိုင်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၁၁)မှ ဒေါ်ထုမေက မြန်မာနိုင်ငံ၏ လူသားအရင်းအမြစ်အပေါ်တွင် အခြေတည်သည့် စီးပွားရေးကို စဉ်းစားရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် အာဆီယံအတွင်း စီးပွားရေးနှင့်သက်ဆိုင်သည့် စာချုပ်များကို ဆောင် ရွက်သည့်အခါ လူငယ်များအလုပ်အကိုင်ရရှိရေးအတွက် ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း ဆွေးနွေးသည်။
ယင်းအာဆီယံဘက်စုံရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်ကို ပြင်ဆင်သည့် ဒုတိယ အခြေပြစာချုပ်တွင် မြန်မာနိုင်ငံမှ ပါဝင် လက်မှတ်ရေးထိုးရန်ကိစ္စကို လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်ခဲ့သည်။
ထို့ပြင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုအစိုးရအပ်ငွေစာရင်း၏ လိုငွေအား ဖြည့်ဆည်းရန်အတွက် မြန်မာနိုင်ငံ တော်ဗဟိုဘဏ်မှ ချေးငွေရယူရန်ကိစ္စနှင့် စပ်လျဉ်း၍ ကိုယ်စားလှယ် ၃ ဦးတို့က ဆွေးနွေးခဲ့ကြသည်။
မင်္ဂလာဒုံမဲဆန္ဒနယ်မှ ဦးအောင်လှိုင်ဝင်းက နိုင်ငံတော်၏ လိုငွေများကို ဗဟိုဘဏ်မှ ချေးယူမည်ဆိုပါက ဈေးကွက် အတွင်းသို့ ငွေကြေးအလုံးအရင်း စီးဝင်းလာပြီး ငွေကြေးဖောင်းပွမှုဖြစ်ပေါ်လာနိုင်ကြောင်း၊ တစ်ကမ္ဘာလုံးတွင် ဗဟိုဘဏ်မှ အစိုးရက တိုက်ရိုက်ငွေချေးယူခြင်းကို ပိတ်ပင်ထားပါကြောင်း၊ ငွေကြေးဖောင်းပွမှုရှိလာပါက ရင်းနှီးမြှုပ်နှံ့မှု များပြုလုပ် ရဲမည်မဟုတ်ကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံ့မှုများလည်း လာရောက်မည် မဟုတ်ပါကြောင်း၊ ယခုကဲ့သို့ဆောင်ရွက် မည်ဆိုပါက ငွေကြေးဖောင်းပွမှုကို မည်မျှအတိုင်းအတာအထိ ခန့်မှန်းထားသည်ကို ရှင်းပြသင့်ပါကြောင်း၊ အခြေခံစား သောက်ကုန်ပစ္စည်းတက်လာမည့် တန်ဖိုးကို မည်မျှ ဖောင်းပွမှုရှိမည်၊ မည်မျှအထိ ထိန်းချုပ်နိုင်မည်ကို ပွင့်ပွင့်လင်းလင်း အစီရင်ခံပြီးမှသာ ချေးငွေကို ရယူသင့်ပါကြောင်း ဆွေးနွေးသည်။
ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးသန်းစိုးက မိမိတို့နိုင်ငံသည် ငွေသားအခြေပြုသည့် စီးပွားရေးဖြစ်ပါ ကြောင်း၊ ငွေသားအခြေပြုစီးပွားရေးစနစ်ဖြင့် ရပ်တည်နေသည့်အချိန်တွင် နိုင်ငံ၏စီးပွားရေးပြဿနာများကို ဖြေရှင်းရန် အတွက် ငွေစက္ကူရိုက်နှိပ်ထုတ်ဝေသည့်နည်း၊ အစိုးရငွေတိုက်လက်မှတ်များကို ဗဟိုဘဏ်က ရိုက်နှိပ်ထုတ်ရောင်း၍ ငွေရှာသည့်နည်း၊ အစိုးရက အမြဲတမ်းအကူအညီပေးနေသည့် နည်းများကို သုံးနေမည်ဆိုပါ စီးပွားရေးပြဿနာများကို ဖြေရှင်းရာတွင် ခက်ခဲမည်ဖြစ်ပါ ကြောင်း ဆွေးနွေးသည်။

ယင်းမြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချေးငွေရယူရန်ကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စု အဆင့်အဖွဲ့အစည်းဝင်များက ရှင်းလင်းဆွေးနွေးခြင်းနှင့် အဆုံးအဖြတ်ရယူခြင်းကို ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ၁၁ ရက်မြောက်နေ့တွင်  ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

No comments:

Post a Comment