Tuesday, August 30, 2016

မြန်မာ-ထိုင်း အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ် (၃) ခုတို့တွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ (၁) ရက်မှစ၍ eVisa ဖြင့် ပြည်ဝင်ခွင့်ပြုမည်

နေပြည်တော် သြဂုတ် ၃၀
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် နိုင်ငံတော်၏ ပြောင်းလဲတိုးတက်လာသည့် အခြေအနေများနှင့်အညီ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်လိုသည့် နိုင်ငံပေါင်း (၁၀၀) မှ ကမ္ဘာလှည့် ခရီးသည်များ အတွက် online မှ Visa လျှောက်ထားသည့် eVisa စနစ် ဖြင့် ကမ္ဘာလှည့်ဗီဇာ (Tourist Visa) ကို ၂၀၁၄ ခုနှစ်၊ စက်တင်ဘာ (၁) ရက်မှစ၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စတင်ခွင့်ပြုခဲ့ပြီး ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်တွင် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့တွင် ဆက်လက်ခွင့်ပြု ပေးခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ၌ စီးပွားရေးလုပ်ငန်းများ ရင်းနှီးလုပ်ကိုင်လိုသော နိုင်ငံ‌ပေါင်း (၅၁) နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များ အတွက် online စနစ် eVisa ဖြင့် လုပ်ငန်းဗီဇာ (Business Visa) ကို ၂၀၁၅ ခုနှစ်၊ ဇူလိုင် (၁) ရက်မှ စ၍ ရန်ကုန် /မန္တလေး နှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်တို့တွင် ထပ်မံခွင့်ပြုပေးခဲ့သည်။

ယခုအခါ မြန်မာ-ထိုင်း အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်များဖြစ်သည့် တာချီလိတ်၊ မြဝတီနှင့် ကော့သောင်းတို့ရှိ လူဝင်မှု စစ်ဆေးရေး ဂိတ်များမှ online စနစ် eVisa ဖြင့် ကမ္ဘာလှည့်ဗီဇာ (Tourist Visa) နှင့် လုပ်ငန်းဗီဇာ (Business Visa)တို့အား ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ (၁) ရက်မှစ၍  ခွင့်ပြုသွားမည်ဖြစ်ကြောင်းနှင့် အသေးစိတ်သိရှိလိုပါက http://evisa.moip.gov.mm တွင် ကြည့်ရှု့လေ့လာနိုင်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သိရသည်။ 

No comments:

Post a Comment