Tuesday, August 30, 2016

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီးဒေါ်စုစုလွင် အိန္ဒိယနိုင်ငံမှ ပြန်လည်ရောက်ရှိ

နေပြည်တော် သြဂုတ် ၃၀
နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်တို့သည် ယနေ့နံနက်ပိုင်းတွင် နယူးဒေလီမြို့ရှိ India Gate သို့ သွားရောက်လေ့လာကြပြီး ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။

India Gate သည် ပထမကမ္ဘာစစ် ၁၉၁၄ ခုနှစ်မှ ၁၉၂၁ ခုနှစ်အတွင်း ကျဆုံးခဲ့သည့် အိန္ဒိယတပ်မတော်မှ စစ်သည် (၈၂၀၀၀) ဦးအတွက် အမှတ်တရ ပြုလုပ်ထားသော နေရာတစ်ခုဖြစ်ပြီး ဗြိတိန်နိုင်ငံမှ စစ်သည်များနှင့် အရာရှိများ အပါအ၀င် ၀န်ထမ်း (၁၃၃၀၀) ဦး၏ အမည်များကိုလည်း မှတ်တမ်းတင်ဖော်ပြထားသည်။ India Gate ၏ ပုံစံကို Sir Edwin Lutyens က ပုံဖော်ခဲ့ပြီး ယင်းဂိတ်မှာ စစ်ဘေးအထိမ်း အမှတ်ဖြစ်သော်လည်း  triumphal arch ဗိသုကာပုံစံဖြင့် တည်ဆောက်ထားကြောင်း သိရသည်။
ထို့နောက် Akshardham သို့ ရောက်ရှိပြီး အိန္ဒိယနိုင်ငံ၏ ရှေးဟောင်းယဉ်ကျေးမှုနှင့် ဟိန္ဒူဘာသာရေး အမွေအနှစ် များဖြစ်သည့် ကျောက်သားအဆောက်အအုံများ၊ ကျောက်သားများပေါ်တွင် ရုပ်လုံးဖော် တည်ဆောက်ထားသည့် အနုပညာ လက်ရာများ၊ ပန်းချီကားများနှင့် ရုပ်တုများကို လှည့်လည်ကြည့်ရှုပြီး Hall of Values and Cultural Boat Ride အတွင်း လှေစီး၍ လေ့လာကြသည်။
Akshardham ကို ၂၀၀၅ ခုနှစ်က ဖွင့်လှစ်ခဲ့ပြီး ကမ္ဘာတစ်ဝန်းမှ စေတနာ့ဝန်ထမ်း (၈၀၀၀) ကျော်က ပါဝင်ဆောက်လုပ် ခဲ့သည်။ ယင်းကို သဲကျောက်၊ စကျင်ကျောက်တို့ကို ထွင်းထုဖန်တီးတည်ဆောက်ထားပြီး ဘာသာရေးဆိုင်ရာပြပွဲများ၊ ရေပန်းများ၊ ဥယျာဉ်များဖြင့် အလှဆင်ပြသထားသည်။ ဟိန္ဒူဘာသာရေးဆိုင်ရာ ယုံကြည်မှုဓလေ့ ထုံးတမ်းများကို ရှေးဟောင်းတည်ဆောက်ပုံများ၊ အနုပညာလက်ရာများကို ထုဆစ်ထားကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီးတို့သည် ဒေသစံတော်ချိန်မွန်းလွဲ (၂) နာရီတွင် အိန္ဒိယနိုင်ငံမှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာရာ နေပြည်တော်သို့ ညနေပိုင်းတွင် ပြန်လည်ရောက်ရှိကြသည်။

နိုင်ငံတော်သမ္မတနှင့် ဇနီးတို့အား ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဦးဟင်နရီဗန်ထီးယူ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ အိန္ဒိယသံရုံး ယာယီတာဝန်ခံနှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။ 

No comments:

Post a Comment