Monday, August 1, 2016

နိုင်ငံသားစိစစ်ရေး လုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ကြရေး ဆွေးနွေး


နေပြည်တော် သြဂုတ် ၁
လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေး လုပ်ငန်းကော်မတီ အစည်းအဝေးကို ဇူလိုင်လ (၂၈)ရက် မွန်းလွဲ(၃)နာရီ (၁၅)မိနစ်တွင် စစ်တွေမြို့၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့အစည်းအဝေး ခန်းမ၌ ကျင်းပရာ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသား စိစစ်ရေးလုပ်ငန်း ကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ တက်ရောက် အမှာစကား ပြောကြားသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေး လုပ်ငန်းကော်မတီ ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး က ပြောကြားရာတွင် ရခိုင်ပြည်နယ်အတွင်း ယာယီသက်သေခံ လက်မှတ်အပ်နှံသူများအား နိုင်ငံသား စိစစ်ခံရမည့်သူ၏ သက်သေခံလက်မှတ် (NV Card)များ ထုတ်ပေးနိုင်ရေးနှင့် နိုင်ငံသား စိစစ်ရေး လုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပါကြောင်း၊ NV Card သည် ရခိုင်ပြည်နယ်အတွင်းတွင်သာ ထုတ်ပေးခြင်း မဟုတ်ဘဲ အခြား တိုင်းဒေသကြီး/ပြည်နယ်များရှိ နယ်စပ်ဒေသများ၌ပါ ထုတ်ပေး၍ နိုင်ငံသားစိစစ်ရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ယင်း NV Card ရရှိပြီးသူများ အား မြို့နယ်နှင့် ပြည်နယ်အဆင့် စုံစမ်းစစ်ဆေးရေး အဖွဲ့များက ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေအရ နိုင်ငံသားစိစစ်ရေး လုပ်ငန်းများ ဆောင်ရွက်ပြီး ဗဟိုအဖွဲ့သို့ ပြုစုတင်ပြကြရန်လိုကြောင်း၊ ဗဟိုအဖွဲ့မှ ခွင့်ပြုချက်ရရှိပြီးပါက စိစစ်ခံ ကာယကံရှင်များသို့ သက်ဆိုင်ရာ ကတ်တစ်မျိုးမျိုး အမြန်ဆုံး ထုတ်ပေးနိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေအရ NV Card ထုတ်ပေးမှုနှင့် စိစစ်မှုလုပ်ငန်းများ အားနည်းနေသေးသဖြင့် လုပ်ငန်းများ သွက်လက်မြန်ဆန် အောင် အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ကြရန်နှင့် ယခု အစည်းအဝေးတွင် လုပ်ငန်းဆိုင်ရာ အားနည်းချက်၊ အားသာချက် များကို ပွင့်ပွင့်လင်းလင်း ရှင်းလင်း ဆွေးနွေးကြစေလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု၊ NV Card များ ထုတ်ပေးရေးနှင့် နိုင်ငံသားစိစစ်ရေး လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဆိုင်ရာ ရခိုင်ပြည်နယ်ဦးစီးမှူးက ရခိုင်ပြည်နယ်အတွင်း မြို့နယ်အလိုက် NV Card ထုတ်ပေးပြီးစီးမှု လုပ်ငန်းအတွေ့အကြုံနှင့် အခက်အခဲများ၊ လုပ်ငန်းဆိုင်ရာ အကြံပြုချက်များကို လည်းကောင်း၊ တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေး လုပ်ငန်းဆောင်ရွက်မှုနှင့် လုပ်ငန်း လိုအပ်ချက်များကို လည်းကောင်း၊ အသေးစိတ် ရှင်းလင်းတင်ပြသည်။

ယင်းနောက် ရှင်းလင်း တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက NV Card ထုတ်ပေးမှုအပေါ် ဒေသခံများနှင့် ကတ်ပြားကိုင်ဆောင်သူများ အနေဖြင့် သဘောထားအမြင် မှန်ကန်ရေးအတွက် ရှင်းလင်းချပြရေး၊ အဆင့်ဆင့်သော ကော်မတီများအနေဖြင့် နိုင်ငံနှင့် ပြည်သူ့ အကျိုးအတွက် ရှေးရှုပြီး အရေးကြီးသော လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်နေကြောင်း၊ ကိုယ်တိုင်သိရှိနားလည်ပြီး အောက်ခြေဝန်ထမ်းများ၊ ဒေသခံများ သိရှိနားလည်အောင် ရှင်းလင်း ချပြရေး၊ ယခုတင်ပြချက်များ လုပ်ငန်း အခက်အခဲများအား ဗဟိုကော်မတီသို့ ဆက်လက်တင်ပြ၍ ဆက်လက်ဆောင်ရွက်မည့် အခြေအနေ လုပ်ငန်းများ အောင်မြင်ရေးအတွက် အရှိန်အဟုန်ဖြင့် တက်ညီလက်ညီ ကြိုးပမ်း ဆောင်ရွက်ကြရေး အခြေအနေများနှင့် စပ်လျဉ်း၍ ပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။ 

No comments:

Post a Comment