Monday, August 1, 2016

အရှေ့ရေပေါင်းဆုံကြိုးဝိုင်း ပျဉ်းကတိုး စိုက်ခင်းအား လာမည့် ဘဏ္ဍာနှစ်တွင် ပျဉ်းကတိုး သစ်စေ့ထုတ် ဧရိယာအဖြစ် ဖွဲ့စည်းတည်ဆောက်ရန် မှာကြား


နေပြည်တော် သြဂုတ် ၁

သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းသည် ဇူလိုင် (၃၀)ရက် နံနက်တွင် ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၊ ပင်လောင်းမြို့နယ်၊ တီကျစ်ကျေးရွာရှိ အမှတ်(၁) သတ္တုတွင်းလုပ်ငန်းနှင့် အကြီးစား ထုတ်လုပ်မှု စာချုပ်ချုပ်ဆို၍ အကျိုးတူ ပူးပေါင်း လုပ်ကိုင်နေသော ဧဒင်စွမ်းအင်နှင့် သဘာဝ အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်၏ တီကျစ် ကျောက်မီးသွေးတွင်းသို့ ရောက်ရှိ၍ တီကျစ် ကျောက်မီးသွေး သတ္တုမိုင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။


၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် တီကျစ် ကျောက်မီးသွေးသုံး ရေနွေးငွေ့ ဓါတ်အားပေး စက်ရုံသို့ ရောက်ရှိပြီး စက်ရုံအကြီးစား ပြန်လည်ပြင်ဆင်နေမှုအား ကြည့်ရှု စစ်ဆေးသည်။

ယင်းနောက် နေ့လည်ပိုင်းတွင် ဖယ်ခုံမြို့နယ်၊ မိုးဗြဲ ရေလှောင်ကန် အတွင်း ရေသိုလှောင်ထား ရှိနိုင်မှုကို ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် လွိုင်ကော်လေယာဉ် ကွင်းဘေးရှိ မြို့တော် စိမ်းလန်းစိုပြည်ရေး စိုက်ခင်းအား ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် လွိုင်ကော်မြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနခန်းမတွင် ကယားပြည် နယ်အတွင်းရှိ ဝန်ကြီးဌာနအောက်မှ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ အမှာစကား ပြောကြားသည်။
၎င်းနောက်ပြည်ထောင်စုဝန်ကြီးသည် ကယားပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်ဖောင်းလ်ရှို၊ ပြည်နယ် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနဝန်ကြီး ဦးတီရယ်တို့နှင့် တွေ့ဆုံ၍ သတ္တု တူးဖော်မှုဆိုင်ရာများနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

ထို့နောက် လွိုင်ကော်မြို့၊ မထောခူကျေးရွာ၊ ရေနီကန်တောင်ကွင်း၊ လောပိတ သွား ကားလမ်းဘေးရှိ အမှတ်(၂) သတ္တုတွင်းလုပ်ငန်းနှင့် Myanmar Golden Bonanza ကုမ္ပဏီတို့ အကျိုးတူပူးပေါင်း လုပ်ကိုင်နေသော ခဲမဖြူ-အဖြိုက်နက်ခွဲခြား သန့်စင်စက်ရုံ (လွိုင်ကော်)သို့ ရောက်ရှိစစ်ဆေးခဲ့ရာ အမှတ်(၂)သတ္တုတွင်းလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးမှ ရှင်းလင်း တင်ပြသည်။

ထို့နောက် လွိုင်ကော်-ဆီဆိုင် ကားလမ်းဘေးရှိ သစ်တောဦးစီးဌာန (၂၀၀၁)ခုနှစ်တွင် တည်ထောင် ခဲ့သည့် ကျွန်းသစ်စေ့ထုတ် ဧရိယာ အတွင်းရှိ ကျွန်းပင်များအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သစ်စေ့ထုတ် ဧရိယာအတွင်း အောင်လုံ ကောင်းမွန်သော ကျွန်းပင်များဖြစ်ရန် လိုအပ်သော ပြုစုထိန်းသိမ်း စောင့်ရှောက်မှုများ ဆောင်ရွက်ရန် မှာကြားသည်။

ဇူလိုင် (၃၁)ရက် နံနက်တွင် ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ပင်းပက်ဒေသ၊ ပင်ငိုရွာအနီး အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်)သို့ ရောက်ရှိရာ စက်ရုံရှင်းလင်း ဆောင်တွင် ပအိုဝ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့် အမှတ်(၂) အကြီးစားစက်မှု လုပ်ငန်း၊ ဦးဆောင် ညွှန်ကြားရေးမှူးနှင့် စက်ရုံမှူးတို့မှ စက်ရုံလုပ်ငန်းများ ဆောင်ရွက်ပုံများနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးမှ ပတ်ဝန်းကျင်ဆိုင်ရာ ကနဦး စုံစမ်းစစ်ဆေးခြင်း (IEE) အစီရင်ခံစာ ဆောင်ရွက်ထားရှိရန်နှင့် CSR ဆောင်ရွက်ထားရှိမှုများအား စနစ်တကျ ပြုစုထားရှိရန် မှာကြားသည်။

ထို့နောက် စက်ရုံအတွင်း မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုပြီး ဒိုလို မိုက်ကျောက်ထုတ်လုပ်ရာ နေရာသို့ သွားရောက်ကြည့်ရှုသည်။ ပြည်ထောင်စု ဝန်ကြီးသည် နံနက်(၁၀း၃၀)အချိန်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံးမြို့နယ်၊ ပေါင်လင်းကျေးရွာအုပ်စု ပတ္တမြားနဂါး သတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက်မှ ခနောက် စိမ်းသတ္တုတူးဖော်မည့် လိုင်ဟာမြား လုပ်ကွက်သို့ ရောက်ရှိပြီး ကုမ္ပဏီ တာဝန်ရှိသူမှ တူးဖော်မည့် လုပ်ငန်းအဆင့်ဆင့်ကိုပြသရာ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး အဓိက ဦးစားပေးလုပ်ရန်နှင့် ဒေသခံများ အကျိုးစီးပွားရှိစေရေးတို့ ဆောင်ရွက်သွားရန် ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊  ပြည်နယ် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာညီညီအောင် တို့နှင့် တွေ့ဆုံ၍ ရှမ်းပြည်နယ်အတွင်း သတ္တု သယံဇာတ တူးဖော်မှုဆိုင်ရာများနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် တောင်ကြီးမြို့နယ်၊ တောင်လေးလုံးကြိုးဝိုင်းအတွင်း စိုက်ပျိုးတည်ထောင် ထားသော ထင်းရှူးစိုက်ခင်းနှင့် မက်ကဒေးမီးယား စိုက်ခင်းများအား ကြည့်ရှုစစ်ဆေး သည်။ ထို့နောက်တွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ် အတွင်းရှိ အရှေ့ရေပေါင်းဆုံ ကြိုးဝိုင်း၊ အကွက်အမှတ် (၁၁)အတွင်း တည်ထောင်ထားသော ၂/၁၉၆၈ စီးပွားရေး (ပျဉ်းကတိုး စိုက်ခင်း) (၁၇)ဧကအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ အဆိုပါ ပျဉ်းကတိုးစိုက်ခင်းအား လာမည့် ဘဏ္ဍာနှစ်တွင် ပျဉ်းကတိုး သစ်စေ့ထုတ် ဧရိယာအဖြစ် ဖွဲ့စည်းတည်ထောင်ရန် မှာကြား ခဲ့ကြောင်း သတင်းရရှိသည်။


No comments:

Post a Comment