Monday, August 1, 2016

အမှတ်(၅) စက်မှုသင်တန်းကျောင်း(မကွေး)၊ အမှတ်(၁၇) အကြီးစားစက်ရုံ (မလွန်)၊ အမှတ်(၄) အထည်စက်ရုံ (ပွင့်ဖြူ)နှင့် မြင်းနှင့် သိုး မွေးမြူရေးဌာန (ပွင့်ဖြူ) တို့အား ကြည့်ရှုစစ်ဆေး


နေပြည်တော် သြဂုတ် ၁

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ဇူလိုင် (၃၀)ရက် နံနက်ပိုင်းတွင် မကွေးတိုင်း ဒေသကြီး၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနသို့ ရောက်ရှိပြီး လျှပ်စစ်စစ်ဆေးရေး၊ ဘွိုင်လာ စစ်ဆေးရေးနှင့် စက်မှုလုပ်ငန်းများ စစ်ဆေးရာတွင် အသုံးပြုသည့် အထောက်အကူပြု ပစ္စည်းများကို ကြည့်ရှု စစ်ဆေး၍ လုပ်ငန်း လိုအပ်ချက်များကို မှာကြားသည်။


ထိုမှတစ်ဆင့် အမှတ်(၅) စက်မှုသင်တန်းကျောင်း (မကွေး)သို့ ရောက်ရှိရာ အစည်းအဝေးခန်းမ၌ ကျောင်းအုပ်ကြီးက သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များနှင့် သင်တန်းရေးရာကိစ္စရပ်များကို ရှင်းလင်း တင်ပြသည်။ ပြည်ထောင်စုဝန်ကြီးက သင်တန်း သားများအား အခြေခံနည်းစနစ်များ ကျွမ်းကျင်မှုရှိအောင် သင်ကြားလေ့ကျင့်ပေးရန် လိုကြောင်း၊ လုပ်ငန်းခွင်တွင် အမှန်တကယ် ပြန်လည် အသုံးချနိုင်သည်အထိ သင်ကြား လေ့ကျင့်ပေးရမည်ဖြစ်ကြောင်း၊ မော်တော်ယာဉ် အစိတ်အပိုင်းများ တပ်ဆင်ရာတွင် စစ်ဆေးပြီးကြောင်း မှတ်သားသည့် အလေ့အကျင့်များရှိရန်နှင့် Safty၏ အရေးကြီးမှုကို သိရှိအောင် သင်ကြားပေးရန်လိုကြောင်း၊ မော်တော်ယာဉ်ဆိုင်ရာ အခေါ်အဝေါ် အသုံးအနှုန်းများကို Up to Date သိရှိအောင် လေ့လာ၍ ပြန်လည် သင်ကြားပေးစေ လိုကြောင်း၊ သင်တန်းနည်းပြ ဆရာ/ဆရာမများအနေဖြင့် သင်တန်းသားများကို သင်ကြား လေ့ကျင့်ပေးနေသလို တစ်ဖက်ကလည်း မိမိတို့၏ အရည်အသွေးပိုမို တိုးတက်စေရေး အစဉ်အမြဲ လေ့လာ သင်ယူနေရမည်ဖြစ်ကြောင်း၊ ကျောင်းသားများ၏ တီထွင်စမ်းသပ်မှုများ ကိုလည်း အသိအမှတ်ပြု ချီးမြှင့်ရန် လိုကြောင်း မှာကြားပြီး စာတွေ့လက်တွေ့ သင်ကြား လေ့ကျင့်နေမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အထက်မင်းလှမြို့နယ်၊ မလွန်မြို့ရှိ လယ်ယာသုံး စက်ကိရိယာ ပစ္စည်းများ ထုတ်လုပ်သည့် အမှတ်(၁၇) အကြီးစားစက်ရုံ (မလွန်)သို့ ရောက်ရှိရာ ဆန်စက်ငယ် အလုပ်ရုံတွင် စပါးများ လက်တွေ့ ကြိတ်ခွဲနေသည့် အခြေအနေ၊ စပါးချွေလှေ့စက် ထုတ်လုပ်မှုအလုပ်ရုံ၊ သံရည်ကျို အလုပ်ရုံ၊ စက်ပစ္စည်း အစိတ်အပိုင်းများ ထုတ်လုပ်မှု အလုပ်ရုံ၊ ပုံသွင်းနှင့် မာရှိန်ပြောင်း အလုပ်ရုံ၊ ထွန်စက်တပ်ဆင် အလုပ်ရုံနှင့် မြင်းကောင်ရေ (၉၀)ရှိ ထွန်စက်ဖြင့် လက်တွေ့သရုပ်ပြ ထွန်ယက်နေမှု အခြေအနေတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင် ၃၁ ရက် နံနက်ပိုင်းတွင် မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ရှိ အမှတ်(၄) အထည်စက်ရုံ (ပွင့်ဖြူ) သို့ ရောက်ရှိရာ ရှင်းလင်းဆောင်၌ စက်ရုံမှူးက စက်ရုံဆိုင်ရာ အချက်အလက်များကို လည်းကောင်း၊ YOONWADI KYAW Co., Ltd. မန်နေဂျင်း ဒါရိုက်တာက အပ်ချည်များ ထုတ်လုပ်မည့် အစီအမံတို့ကို ရှင်းလင်း တင်ပြသည်။

ပြည်ထောင်စုဝန်ကြီးက စက်ရုံအနေဖြင့် ဆက်လက်ရပ်တည်ရန် အခက်အခဲရှိပါက ပုဂ္ဂလိကနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ခြင်း (Public Private Partnership)၊ ပုဂ္ဂလိကနှင့် ဖက်စပ်ဆောင်ရွက်ခြင်း (Joint Venture)၊ ပုဂ္ဂလိကသို့ နှစ်တို/နှစ်ရှည် ငှားရမ်းခြင်း (Lease) နှင့် ပုဂ္ဂလိကသို့ အပြီးအပိုင် လွှဲပြောင်း ရောင်းချခြင်း (Privatization) နည်းလမ်းတို့ဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ ငွေကြေး၊ အချိန် ထပ်မံစိုက်ထုတ် ရင်းနှီး မြှုပ်နှံသော်လည်း အကျိုးအမြတ်ဖြစ်ထွန်းမှု မရှိနိုင်လျှင် အဓိပ္ပာယ်ရှိမည် မဟုတ်ကြောင်း၊ အထည်ထုတ်လုပ်မှု နည်းပညာများကို စဉ်ဆက်မပြတ် လေ့လာသင်ယူနေရမည် ဖြစ်ကြောင်း၊ မိမိတို့ ထုတ်ကုန်များအား ဈေးကွက် ထိုးဖောက် ရောင်းချနိုင်ရေးအတွက် ဈေးကွက် သုတေသန ပြုလုပ်ရန်လိုကြောင်း၊ မိမိတို့ ထုတ်လုပ်သည့် ထုတ်ကုန် ပစ္စည်းများ အရည်အသွေး ကောင်းမွန်မှု ရှိ/မရှိကို သုံးစွဲသူပြည်သူမှ ဆုံးဖြတ်မည်ဖြစ်ကြောင်း၊ ဝန်ထမ်း များအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရိုးသားကြိုးစားပြီး စိတ်ရင်း စေတနာ ကောင်းဖြင့် ဆောင်ရွက်ရန် လိုကြောင်းမှာကြားပြီး စက်ရုံမှထုတ်လုပ် ထားရှိသည့် အဝတ်အထည်များ၊ ပိတ်ကြမ်းများ၊ အပ်ချည်လုံးမျိုးစုံနှင့် စက်ရုံအတွင်း ကုန်ထုတ်လုပ်မှု လုပ်ငန်းစဉ် အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။


နေ့လည်ပိုင်းတွင် မြင်းနှင့်သိုး မွေးမြူရေးဌာန(ပွင့်ဖြူ)သို့ ရောက်ရှိပြီး ဌာနတာဝန်ခံ က မြွေဆိပ်ဖြေဆေး ထုတ်လုပ်ရန် သိုးများ မွေးမြူထားရှိမှု အခြေအနေတို့ကို ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက မြွေဆိပ် ဖြေဆေး ထုတ်လုပ်နိုင်ရေးအတွက် သန်မာပြီး ကျန်းမာရေး ကောင်းမွန်သည့် သိုးနှင့် မြင်းများများစွာ လိုအပ် လျက်ရှိကြောင်း၊ ထို့ကြောင့် သိုးများကို ယခုထက်ပိုမို၍ မွေးမြူရမည်ဖြစ်ကြောင်း၊ ဌာနရှိ မြေကွက်လပ်များတွင် ဈေးကွက်ဝင်သီးနှံများ စိုက်ပျိုးရောင်းချပြီး မိမိဝင်ငွေဖြင့်ရပ်တည် နိုင်အောင် ကြိုးစား ဆောင်ရွက်ရန်လိုကြောင်း မှာကြားကာ သိုးများမွေးမြူထားရှိမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment