Saturday, July 30, 2016

ငြိမ်းချမ်းရေးကော်မရှင်နှင့် “၀”အထူးဒေသ-၂ ကိုယ်စားအလှယ်အဖွဲ့တွေ့ဆုံ

နေပြည်တော် ဇူလိုင်  ၃၀
ဒေါက်တာတင်မျိုးဝင်း ဥက္ကဋ္ဌအဖြစ်ဦးဆောင်သည့် ငြိမ်းချမ်းရေးကော်မရှင်နှင့် “၀”ပြည်သွေးစည်းညီညွတ်ရေးပါတီ ဗဟို ပေါလစ်ဗျူရိုအမြဲတမ်းကော်မတီ ဒုတိယ အထွေထွေအတွင်းရေးမှူးချုပ် ဦးပေါက်ယူယိ ဦးဆောင်သည့် “၀”အထူးဒေသ-၂ ကိုယ်စားအလှယ်အဖွဲ့သည် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ တွေ့ဆုံကြသည်။

ထိုသို့တွေ့ဆုံခဲ့မှုနှင့် စပ်လျဉ်း၍ ငြိမ်းချမ်းရေး ကော်မရှင်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) ဦးခင်ဇော်ဦးက " “၀”အထူးဒေသ-၂ ကိုယ်စားလှယ်တွေအနေနဲ့ မနေ့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တို့နဲ့ တွေ့ဆုံမှုတွေမှာ ပွင့်ပွင့်လင်းလင်း၊ တန်းတူရည်တူမှုရှိရှိ ဆွေးနွေးနိုင်ခဲ့တဲ့အတွက် သူတို့အနေနဲ့ များစွာဝမ်းသာတဲ့ အကြောင်းပြောပါတယ်၊ “၀”အထူးဒေသ-၂ ဟာ အရင်အစိုးရ၊ တပ်မတော်တို့နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ စိတ်ရော ကိုယ်ရော ပူးပေါင်းဆောင်ရွက်ခဲ့သလို အခုလက်ရှိအစိုးရ၊ တပ်မတော်တို့နဲ့လည်း ငြိမ်းချမ်းရေးအတွက် ဆက်လက်ပြီး အပြည့်အ၀ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တဲ့အကြောင်း၊ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေးကို မျှော်လင့်ချက်ကြီးစွာထားရှိပြီး လေးလေးနက်နက် လည်းထားကြောင်း၊ ဒါပေမယ့် နိုင်ငံရဲ့အခြေအနေရ အခက်အခဲတွေရှိနိုင်တဲ့ အကြောင်း၊ အဲဒီ အခက်အခဲတွေကို အခုလို မကြာခဏတွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာတဲ့ နည်းလမ်းနဲ့ သွားမယ်ဆိုရင် ပြေလည်သွား နိုင်မယ့်အကြောင်း၊ မိမိတို့ ညီအစ်ကိုတွေ ပူးပေါင်းပြီး ငြိမ်းချမ်းရေးကို တည်ဆောက်သွားနိုင်မယ်လို့ ယုံကြည်ပါ ကြောင်း"နှစ်ဖက်တွေ့ဆုံမှုအပြီး မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ပြီး နိုင်ငံရေး ဆွေးနွေးမှု မူဘောင်ပြန်လည် သုံးသပ်သည့် ဆွေးနွေးပွဲတက်ရောက်ရန် ဖိတ်ကြားခြင်းနှင့် ပတ်သက်၍လည်း မေးမြန်းမှုများကို ရှင်းလင်းဖြေကြားပေး ခဲ့ကြောင်း ဖြည့်စွက်ပြောကြားသည်။
“သူတို့မေးတဲ့ နိုင်ငံရေးဆွေးနွေးမှုမူဘောင် ပြန်လည်ဆွေးနွေးမယ့် ကိစ္စတွေဟာ NCA ကနေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ NCA ဆိုတာ တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်လို့ ခေါင်းစဉ်တပ်ထားပေမဲ့လည်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး တစ်ခုတည်းသာမဟုတ်ဘဲ နိုင်ငံရေးဆွေးနွေးမှုတွေပါ ပါဝင်ပါတယ်။ ဒါကြောင့် နိုင်ငံရေး ဆွေးနွေးမှုတွေ ဆောင်ရွက်နိုင်ဖို့အတွက် နိုင်ငံရေးဆွေးနွေးမှုမူဘောင်ကို ရေးဆွဲရပါတယ်။ ညီလာခံကို ဘယ်လိုကျင်းပ မယ်။ ကိုယ်စားလှယ် အချိုးအစားတွေကို ဘယ်လိုခွဲဝေကြမယ်။ ဘယ်လိုခေါင်းစဉ်တွေ ဆွေးနွေးကြမယ် စသည်ဖြင့် ဒီလိုအချက်တွေကို မူဘောင်မှာ အသေးစိတ်ရေးဆွဲထားပါတယ်။
အရင်ရေးဆွဲထားတဲ့ နိုင်ငံရေးဆွေးနွေးမှုမူဘောင်ကို မူတည်ပြီးတော့ ပထမ အကြိမ်ညီလာခံကို အရင်အစိုးရလက်ထက်က ကျင်းပနိုင်ခဲ့ပါတယ်။ အဲဒီရေးဆွဲထားတဲ့ မူဘောင်မှာ ပြင်ဆင်ခွင့်ရှိတယ်လို့ ပါရှိပါတယ်။ အရင်အခြေအနေနဲ့ လက်ရှိအခြေ အနေက ပြောင်းလဲလာပြီဖြစ်တဲ့အတွက်ကြောင့် မူဘောင်ကို ပြင်ဆင်ပြောင်းလဲဖို့လည်း လိုအပ်လာပါတယ်။ ပြင်ဆင် ပြောင်းလဲဖို့ လိုအပ်လာသလို ပြင်ဆင်ပြောင်းလဲနိုင် ခွင့်လည်းရှိတဲ့အတွက်ကြောင့် ဒါကို တိုင်းရင်းသားညီအစ်ကိုတွေနဲ့ ပြန်လည်ဆွေးနွေး ညှိနှိုင်းပြီး မူဘောင်ကိုသုံးသပ်မယ်။ ပြီးရင် ပြင်ဆင်သင့်တာတွေကို ပြင်ဆင်မယ်။ ပြီးရင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစု ပင်လုံကို ကျင်းပမှာဖြစ်ပါတယ်။
ဒီငြိမ်းချမ်းရေးညီလာခံကို ကျွန်တော်တို့ တိုင်းရင်းသားညီအစ်ကိုတွေ ပူးပေါင်း ပြီး လုပ်ထားတယ်ဆိုတာမျိုးပေါ်လွင်အောင် ဆောင်ရွက်နေတာဖြစ်ပါတယ်။ သူတို့တွေကိုလည်း ဒီထဲမှာ ပါဝင်လာခြင်းအားဖြင့် တို့လည်းပိုင်ဆိုင်တယ်။ တို့တွေအတူ တကွ ဆောင်ရွက်ခဲ့တယ်ဆိုတဲ့ ခံစားမှုမျိုးရနိုင်အောင် ဆောင်ရွက်နေတာဖြစ်ပါတယ်”ဟု “၀”အထူးဒေသ -၂ အဖွဲ့အား ရှင်းပြခဲ့မှုနှင့်စပ်လျဉ်း၍ ဦးခင်ဇော်ဦးက ပြောသည်။
“၀”အထူးဒေသ-၂ အဖွဲ့အနေဖြင့် ၎င်းတို့၏ခေါင်းဆောင်များကို ဆက်လက် တင်ပြပြီး ယခု မူဘောင်ဆွေးနွေးပွဲတွင် ပါဝင်လာနိုင်အောင် ကြိုးစားမည်ဟု ပြောကြား ခဲ့ကြောင်းလည်း  ဦးခင်ဇော်ဦးက မီဒီယာများကို ဆက်လက်ပြောကြား ခဲ့သည်။
ထို့ပြင် မိမိတို့အနေဖြင့်လည်း မကြာမီကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁)ရာစုပင်လုံတွင် တိုင်းရင်းသား ညီအစ်ကိုများ တတ်နိုင်သမျှ အများဆုံး ပါဝင်ပူးပေါင်း ဆောင်ရွက်နိုင်အောင် ဆောင်ရွက်သွားမှာဖြစ်သည်ဟု “၀” အထူးဒေသ-၂ အဖွဲ့အား ပြောကြားခဲ့ကြောင်း ဦးခင်ဇော်ဦးက ဆိုသည်။
ငြိမ်းချမ်းရေးကော်မရှင်သည် အထူးဒေသ -၄ မိုင်းလားအဖွဲ့နှင့်လည်း ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ သြဂုတ် ၂ ရက် မွန်းလွဲ ၁ နာရီတွင် တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရသည်။
ငြိမ်းချမ်းရေး ဆွေးနွေးမှုလုပ်ငန်းများ တာဝန်ယူဆောင်ရွက်နိုင်ရန်နှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနက ချမှတ်ပေးသော လုပ်ငန်းတာဝန် များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်သမ္မတက ငြိမ်းချမ်း ရေးကော်မရှင်ကို ၂ဝ၁၆ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့က  ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးကော်မရှင်အနေဖြင့် (Nationwide Ceasefire Agreement- NCA) ကိုအခြေခံ၍ အကောင်အထည်ဖော် ဆောင်ရွက်မည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံကို ၂ဝ၁၆ ခုနှစ် သြဂုတ်လ စတုတ္ထပတ် နောက်ဆုံးထား၍ ကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ပါဝင်သင့် ပါဝင်ထိုက်သူများ ပါဝင်နိုင်ရေး အတွက် အကြိုပြင်ဆင်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment