Saturday, July 30, 2016

စာပေဝါသနာရှင်များ အလွယ်တကူဝယ်ယူ ဖတ်ရှုနိုင်ရန် စာပေဗိမာန် တိုးချဲ့စာအုပ်ဆိုင်သစ် ယနေ့ဖွင့်လှစ်


ရန်ကုန် ဇူလိုင် ၂၉
စာပေဝါသနာရှင်များ စာပေကိုပိုမို လေ့လာနိုင်ရန်နှင့် အလွယ်တကူ ဝယ်ယူဖတ်ရှုနိုင်ရန် ပြန်ကြားရေးဝန်ကြီး ဌာန ၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက ရန်ကုန်မြို့ ကုန်သည်လမ်း နှင့် ၃၇ လမ်းထောင့်တွင် ဖွင့်လှစ်ထားသည့် စာပေဗိမာန်စာအုပ်ဆိုင်အပြင် တိုးချဲ့စာအုပ်ဆိုင် အသစ်ကို ယနေ့ ဖွင့်လှစ်လိုက်သည်။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရဲ့ လမ်းညွှန်ချက်အရ စာပေဗိမာန်ကနေပြီး မြန်မာစာပေ တိုးတက် ပြန့်ပွားရေး အတွက် ဆောင်ရွက်နေတာတွေ ရှိတယ် ၊ များပြားလာတဲ့ စာဖတ်ပရိသတ်အတွက် စာပေဗိမာန် စာအုပ်ဆိုင်အပြင် တိုးချဲ့စာအုပ်ဆိုင်အသစ်ကို ဖွင့်လှစ် ခဲ့တာပါ၊ စာဖတ်ပရိသတ် တွေ ယခင်စာအုပ်ဆိုင်မှာရော အခုတိုးချဲ့လိုက်တဲ့ စာအုပ်ဆိုင်မှာရော အလွယ်တကူ ဝယ်ယူ ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်ဟု ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးအောင် မျိုးမြင့်က ပြောသည်။
အဆိုပါ အသစ် ဖွင့်လှစ်လိုက်သည့် တိုးချဲ့စာအုပ်ဆိုင်တွင် စာပေဗိမာန်ထုတ် စာအုပ်များ ဘာသာရေးစာအုပ်များ၊ ဝတ္ထုရှည်၊ ဝတ္ထုတိုပေါင်းချုပ်များ၊ ဘာသာပြန် သုတရသစာအုပ်များ၊ ပုံပြင်၊ ဇာတ်နိပါတ်စာအုပ်များ၊ ကဗျာစာအုပ်များနှင့် မဂ္ဂဇင်းစာအုပ်များကို တစ်နေရာထဲတွင် အလွယ်တကူဝယ်ယူနိုင်ရန် စီစဉ်ပေးထားကြောင်း သိရသည်။
စာပေဗိမာန်တိုးချဲ့စာအုပ်ဆိုင်သစ်သို့ စာအုပ်လာရောက်ဝယ်ယူသူ မှော်ဘီ နည်းပညာ တက္ကသိုလ်မှ ကျောင်းသား ကိုသိန်းထွန်းဇော်က “ကျွန်တော်တို့ကျောင်းမှာ ကျောင်းသားတွေ ချည်းပဲ ထူထောင်ထားတဲ့ စာကြည့်တိုက်ရှိ ပါတယ်၊ လကုန်ခါနီးတိုင်း စာအုပ်တွေလာဝယ်တယ်၊ အခုဝယ်ဖြစ်တာကတော့ ကလေးတွေ ဖတ်ဖို့ပုံပြင်စာအုပ်ဖြစ်ပါတယ်။ ဒီမှာလာဝယ်ရတာ အဆင်ပြေပါတယ်၊ စာအုပ်အခင်းအကျင်းတွေလည်း ကောင်းပါတယ်။ ရှာရတာလည်း လွယ်ကူပါတယ်ဟု ပြောသည်။
စာအုပ်ဆိုင်သစ်၏ အရောင်းဌာနတာဝန်ခံ ဒေါ်မြင့်သီတာခိုင်ကလည်း “စာအုပ် ပိုပြီး ခင်းကျင်းနိုင်အောင်ရယ်၊ ခင်းဖို့နေရာ ပိုရအောင်ရယ်အတွက် ၃၇ လမ်းမှာတိုးချဲ့ဖွင့်လှစ်ဖို့ စီစဉ်ခဲ့တာပါ။ ကုန်သည်လမ်း စာအုပ်ဆိုင်နဲ့ သီးခြားမဟုတ်ဘဲ စာအုပ်အမျိုးအစား အစုံအလင် ဖွင့်လှစ်ခင်းကျင်းထားပါတယ်၊ စာဖတ်ပရိသတ်တွေအနေနဲ့ ပိုပြီး အဆင်ပြေပါတယ်၊ ဒီခေတ်ရဲ့ စာပေအားပေးနှုန်းက အရင်ကနဲ့ယှဉ်ရင်တော့ ဖတ်နှုန်းလျော့နည်း သွားတာ တွေ့ရပါတယ်၊ ဒါပေမယ့် ကျွန်မတို့စာအုပ်ဆိုင် အနေနဲ့ကြည့်ရင်တော့ စာဖတ်သူတွေ တဖွဲဖွဲလာရောက် ဝယ်ယူ ဖတ်ရှုနေကြပါတယ် ဟုပြော သည်။
ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနက ဖွင့်လှစ်ထားသည့် စာပေဗိမာန် စာအုပ်ဆိုင်နှင့် တိုးချဲ့ စာအုပ်ဆိုင်ကို စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များနှင့် အများပြည်သူ ရုံးပိတ်ရက်များမှအပ မနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး စာဖတ်ပရိသတ်များ အတွက်လည်း ထွက်ရှိသည့်စာအုပ်များကို အွန်လိုင်းဝက်ဘ်ဆိုက်တွင် အလွယ်တကူ ဝင်ရောက်ကြည့်ရှုနိုင်ရန် စာပေဗိမာန်ဝက်ဘ်ဆိုက်ကို လွင့်ထူထားကြောင်း သိရသည်။
သတင်း -မင်းသစ်(သတင်းစဉ်)၊ မြတ်စန္ဒီသင်းဇော်

ဓာတ်ပုံ - ရဲထွဋ်

No comments:

Post a Comment