Saturday, July 30, 2016

ပထမအကြိမ် နိုင်ငံရေးစာပေစာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ်ဈေးရောင်းပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ

ရန်ကုန် ဇူလိုင် ၃၀
ပြန်ကြားရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် ပထမအကြိမ်နိုင်ငံရေး စာပေစာတမ်း ဖတ်ပွဲနှင့် မိုးရာသီစာအုပ်ဈေးရောင်း ပွဲ ဒုတိယနေ့ကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး ဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံ၌ ဆက်လက်ကျင်းပသည်။

စာတမ်းဖတ်ပွဲ ဒုတိယနေ့ နံနက်ပိုင်းတွင် သဘာပတိများအဖြစ် ဦးကိုလေး (ကိုလေး-အင်းဝဂုဏ်ရည်)၊ ဦးမြဟန်(မြဟန်) နှင့် ဦးကျော်နိုင် (ထက်မြက်) တို့က ဆောင်ရွက်ကြပြီး စာတမ်းရှင် ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ) က “ရှေးခေတ်မြန်မာ့နိုင်ငံရေးစာပေ”၊ ဦးသန်းဌေး (သင့်နော်)က “လက်လှမ်းမီသမျှ မြန်မာ့နိုင်ငံရေး စာပေအင်အားစုသို့ ချဉ်းကပ်ခြင်း” နှင့် ဦးအောင်မြင့်ဦး(အောင်မြင့်ဦး-လူထု)က “ဆရာကြီးသခင် ကိုယ်တော် မှိုင်းရဲ့မိန့်ခွန်းများထဲမှ နိုင်ငံရေး အဘိဓမ္မာ” စာတမ်းတို့ကို ဖတ်ကြားကြသည်။
မွန်းလွဲပိုင်းတွင် သဘာပတိများအဖြစ် ဦးတင်လှိုင် (လယ်တွင်းသားစောချစ်)၊ ဒေါက်တာခင်အေး(မောင်ခင်မင်-ဓနုဖြူ) နှင့် ဦးကိုကို(ကို-တက္ကသိုလ်)တို့က ဆောင်ရွက်ကြပြီး စာတမ်းရှင် ဦးအေးမောင်(အေးမောင်ကျော်)က “လစ်ဘရယ်ဒီမိုကရေစီ ကောက်ကြောင်းနှင့် မြန်မာ့ အကူးအပြောင်း”၊ ဦးမိုးမြင့်ဝင်း(မိုးမြင့်ဝင်း - နည်းပညာ)က “ဖဆပလဝန်ကြီးချုပ် သခင်နု၏ ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်မှုကို လေ့လာသုံးသပ်ချက်”နှင့် ဦးကျော်ဇံလှ(ညီစေမင်း)က “နိုင်ငံရေးစာပေများက ပြောတဲ့ တိုင်းရင်းသား  လက်နက်ကိုင်လှုပ်ရှားမှုများ” စာတမ်းများကို ဖတ်ကြားကြပြီး တက်ရောက်လာကြသူများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားကြကာ ဒုတိယနေ့စာတမ်းဖတ်ပွဲကို ရပ်နားသည်။
ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးနှင့် တာဝန်ရှိသူများက သဘာပတိများနှင့် စာတမ်းရှင်များအား ဂါရ၀ပြုလက်ဆောင်များနှင့် ဉာဏ်ပူဇော်ခများ ကို ပေးအပ်ချီးမြှင့်ကြသည်။
မိုးရာသီစာအုပ်ဈေးရောင်းပွဲ ဒုတိယနေ့တွင် စာအုပ်တိုက်များမှစာအုပ်ဆိုင် ၁၇၁ ဆိုင်ကို ဖွင့်လှစ်ရောင်းချပေးလျက်ရှိရာ စာပေပညာရှင်များ၊ စာပေဝါသနာရှင် ရဟန်းရှင် လူပြည်သူများနှင့် ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများ အထူးများပြားပြီး  တစ်နေရာထဲတွင် လိုချင်သည့်စာအုပ်များကို တစ်စုတစ်စည်းတည်း  လာရောက်ဝယ်ယူ အားပေးခဲ့ကြ၍  ပထမနေ့ထက်ပင်  ပိုမိုစည်ကားများပြားလျက်ရှိကြောင်း တွေ့ရသည်။
ဒုတိယနေ့ စာတမ်းဖတ်ပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်သို့ ပညာရှင်များ၊ စာပေ ဝါသနာရှင်များ၊ နိုင်ငံရေးနှင့် နိုင်ငံရေး စာပေစိတ်ဝင်စားသူများ၊ ဖိတ်ကြားထားသူများနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ပထမအကြိမ် နိုင်ငံရေးစာပေစာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ်ဈေးရောင်းပွဲကို ဇူလိုင် ၃၁ ရက်တွင် တတိယနေ့အပြီးသတ် ဆက်လက်ကျင်းပသွားမည်ဖြစ်ရာ စာတမ်းဖတ်ပွဲတွင် စာတမ်းရှင် ဦးမောင်မောင်ဦး (ဟိန်းလတ်)က “နိုင်ငံတကာနိုင်ငံရေး ခေါင်းဆောင်များ၏ အတ္ထုပ္ပတ္တိ(ပြည်ပ)”၊ ဦးသန်းအုန်း (မောင်ဇေယျာ) က “မြန်မာ့နိုင်ငံရေး အတ္ထုပ္ပတ္တိစာပေ (၁၉၃၇-၁၉၈၇)၊ ဦးရဲနိုင်အောင်(ကိုဝ)က “နိုင်ငံရေးဘောဂဗေဒ စာပေများ၏ နိုင်ငံရေး အကျိုးသက်ရောက်မှု”၊ ဦးမော်လင်း (မော်လင်း)က “မြန်မာ့နိုင်ငံရေးနှင့် စာနယ်ဇင်းများ”၊ ဦးဇော်လင်း (လင်းအေး)က “မြန်မာနိုင်ငံ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုများနှင့် နိုင်ငံရေးစာပေ (၁၉၀၀-၁၉၄၀)” နှင့် ဦးကိုကိုလှိုင် (ကိုကိုလှိုင်) က “ခေတ်ပြိုင်နိုင်ငံတကာ နိုင်ငံရေး အတွေးအခေါ်များ” စာတမ်းများကို ဖတ်ကြားကြမည်ဖြစ်သည်။

No comments:

Post a Comment