Monday, July 25, 2016

အမျိုးသားစာပေဆုသည် နိုင်ငံတော်က ချီးမြှင့်သည့် အမြင့်ဆုံး စာပေဆုဖြစ် ယခုနှစ် အကောင်း ဆုံး ရွေးချယ် နိုင်ရန်ကြိုးပမ်းဆောင်ရွက်


ရန်ကုန် - ဇူလိုင် ၂၅
အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီအနေဖြင့် သဘောထား အယူအဆ မတူညီခြင်းများ၊ ပြင်ဆင်လိုသည့် ကိစ္စရပ်များကို ယခုဆွေးနွေးပွဲတွင် ပွင့်ပွင့်လင်းလင်း ညှိနှိုင်း ဆွေးနွေးကြစေလိုကြောင်း၊ အမျိုးသား စာပေဆုသည် နိုင်ငံတော်က
ချီးမြှင့်သည့် အမြင့်ဆုံး စာပေဆုဖြစ်သည့် အတွက် ကော်မတီက အများ လက်ခံမည့်သူကို ရွေးချယ်၍ ဆုရရှိမည့် ပုဂ္ဂိုလ်ကို ထိုက်ထိုက်တန်တန် ဆုရရှိစေလိုကြောင်း၊ ကော်မတီဝင်များ အနေဖြင့် ဆုရွေးချယ်ရာတွင် အများသဘော တူညီချက်ဖြင့် ဆုံးဖြတ်ဆွေးနွေး ဆောင်ရွက် ကြစေလို ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက် တာဖေမြင့်က ပြောကြားသည်။
ယနေ့မွန်းလွဲ ပိုင်းတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ဗဟို ပုံနှိပ်စက်ရုံ အစည်း အဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီးနှင့် အမျိုးသား စာပေဆု  စိစစ်ရွေးချယ်ရေး ကော်မတီဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများ၊ ကော်မတီဝင်များ တွေ့ဆုံစဉ် ထိုသို့ပြော ကြားခြင်းဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ၂၀၁၅ ခုနှစ်အတွင်း ထုတ်ဝေခဲ့သည့် ဘာသာရပ်ဆိုင်ရာ စာအုပ်များကို မကျန်ရှိစေဘဲ စုံစုံလင်လင် ရရှိရွေးချယ်စေလိုကြောင်း၊ ဘာသာရပ်အလိုက် ရွေးချယ်ရန် ကျန်ရှိနေသည့် စာအုပ်များကို စာအုပ် ဝယ်ယူရရှိရေးအဖွဲ့ ဖွဲ့စည်းပြီး သတ်မှတ် အချိန်ကာလအတွင်း ရရှိရန် ဆောင်ရွက်ကြ စေလိုကြောင်း၊ ခေတ်ပေါ် ကဗျာဆုဆုပေးနိုင်ရေး အတွက် အများသဘော တူညီချက်များဖြင့် စဉ်းစားဆုံးဖြတ် ဆွေးနွေးကြစေလိုကြောင်း၊ ယခုနှစ်အမျိုးသား စာပေဆုကို အကောင်းဆုံး  ရွေးချယ်နိုင်ရန်ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် ကော်မတီဝင်များက ဆုရွေးချယ်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံရေး စာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီ စာအုပ်ဈေးရောင်းပွဲတော် ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊ နိုင်ငံရေး စာပေဖတ်ကြားမည့် စာတမ်းရှင်များနှင့် တွေ့ဆုံပြီး နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီ စာအုပ် ဈေးရောင်းပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဆွေးနွေးကြသည်။

No comments:

Post a Comment