နေပြည်တော် ဇူလိုင် ၁
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လယ်ပြင်ကျေးရွာရှိ
သတ်မှတ်ခွင့်ပြုချက် မရှိသော ယာယီဝတ်ပြုသည့် အဆောက်အဦအား ဖျက်သိမ်းရန် အထွေထွေအုပ်ချုပ်ရေး
ဦးစီးဌာနမှ အကြိမ်ကြိမ် ညှိနှိုင်းထားသော်လည်း အဆင်မပြေဖြစ်၍ ယနေ့မွန်းလွဲပိုင်း တွင်
ဒေသခံအချို့မှ ၀င်ရောက်ဖျက်ဆီးမီးရှို့သည့် ဖြစ်စဉ်ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
လယ်ပြင်ကျေးရွာမှ ဒေသခံအချို့သည် အဆိုပါ
ယာယီဝတ်ပြုသည့် အဆောက် အဦနေရာသို့ တုတ်၊ ဓားများကိုင်ဆောင်၍ မွန်းလွဲ ၃ နာရီခွဲအချိန်ခန့်တွင်
ရောက်ရှိလာ ကြကြောင်း၊ မိုးညှင်းခရိုင်အုပ်ချုပ်ရေးမှူး၊ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး၊
ဖားကန့် မြို့နယ် ရဲတပ်ဖွဲ့မှူး၊ အမှတ်(၈)လုံခြုံရေး ရဲကွပ်ကဲမှု အဖွဲ့ခွဲမှူးတို့ ဦးစီးသည့်
လုံခြုံရေး ရဲတပ်ဖွဲ့ခွဲမှ ရဲတပ်ဖွဲ့ဝင်များဖြင့် အဆင့်ဆင့် တားဆီးခဲ့သော်လည်း ဒေသခံများမှ
လက်ခံခြင်းမရှိဘဲ ယာယီဝတ်ပြုသည့် အဆောက်အဦအား ဖျက်ဆီး၍ မီးရှို့ကာ ၎င်းနေရာမှ ညနေ ၄ နာရီ
၄၅ မိနစ်အချိန်တွင် ပြန်လည်ထွက်ခွာ သွားကြကြောင်းနှင့် ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိမှုနှင့်
သေဆုံးမှု တစ်စုံ တစ်ရာမရှိကြောင်း သိရသည်။
အဆိုပါအဆောက်အဦသည် မြေရာဇ၀င်စိစစ်ချက်အရ
ဥပဒေလုပ်ထုံးလုပ်နည်း နှင့်အညီ သက်ဆိုင်ရာမှ ခွင့်ပြုချက် ရယူခြင်းမရှိဘဲ ဆောက်လုပ်ထားသည့်
အဆောက်အဦ ဖြစ်သည့်အတွက် တာဝန်ရှိ အဖွဲ့အစည်း အဆင့်ဆင့်မှ ဇွန် ၃၀ ရက်နေ့နောက်ဆုံးထား၍
၎င်းတို့ကိုယ်တိုင်ဖျက်သိမ်းပေးရန် အကြိမ်ကြိမ်ညှိနှိုင်း ဆွေးနွေးခဲ့ပြီး ဖြစ်သော်လည်း
သတ်မှတ်ရက်တွင် ဖျက်သိမ်းခြင်း မရှိသည့်အတွက် ဒေသခံများက မကျေမနပ် ဖြစ်ကာ ယခုကဲ့သို့
ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဖြစ်စဉ်ဖြစ်ပွားရာနေရာတစ်ဝိုက် လုံခြုံရေးတပ်ဖွဲ့ဝင်အင်အား
တိုးမြှင့်ချထားပြီး အခြေအနေတည်ငြိမ်လျက် ရှိကြောင်း၊ ကျူးလွန်သူများအား တရားဥပဒေနှင့်အညီ
ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်နေပြီ ဖြစ်ကြောင်းနှင့် နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်သူများရှိ၊
မရှိကိုပါ စုံစမ်းဖော်ထုတ်ပြီး တရားဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်း
သတင်းရရှိသည်။

No comments:
Post a Comment