Friday, July 1, 2016

သတ္တုကဏ္ဍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ


နေပြည်တော် ဇူလိုင် ၁
မြန်မာနိုင်ငံရှိ သယံဇာတများသည် နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော နိုင်ငံသူ/နိုင်ငံသား အားလုံးက ပိုင်ဆိုင်သော ပစ္စည်းများဖြစ်သဖြင့် လူနည်းစုသာ အကျိုးခံစားခွင့် မရှိစေဘဲ ပြည်သူအများစုက သားစဉ် မြေးဆက် ခံစားခွင့် ရှိအောင်
သတ္တုတူးဖော်ခြင်း လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းဖြင့် ယနေ့နံနက် ၈ နာရီခွဲတွင် ၀န်ကြီးရုံး သီရိရတနာခန်းမ၌ ကျင်းပသော သတ္တုကဏ္ဍ စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက် ရေးအလုပ်ရုံ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသည် တောတောင်ရေမြေ သဘာဝ ညီညွတ်မျှတပြီး နိုင်ငံ အတွင်း ပြည်သူလူထုအတွက် အကျိုးစီးပွား ရှာဖွေလုပ်ကိုင်ရန် ရေနှင့်မြေဧရိယာ အကျယ်အဝန်း မှာလည်း လုံလောက်မှု ရှိသည့်အပြင် အဖိုးတန်သယံဇာတ ပေါကြွယ်ဝသည့် အနေအထား ရှိပါကြောင်း၊ တည်ငြိမ်သော နိုင်ငံရေး၊ တိုးတက်သော စီးပွားရေးအမြင်၊ မျှတသော လူမှုဆက်ဆံ ရေးဘဝတို့ကို ထူထောင်ပြီး ပေါင်းစပ် လုပ်ကိုင်ပါက ဖွံ့ဖြိုးတိုးတက်မည်မှာ မလွဲဧကန်ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးမှု အားနည်းခြင်း၊ ပွင့်လင်း မြင်သာမှု အားနည်းခြင်း၊ တာဝန်ခံမှု တာဝန်ယူမှုမရှိခြင်း၊ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မှု အားနည်းခြင်း၊ စောင့်ကြည့် စစ်ဆေးခြင်းနှင့် အကဲဖြတ်သုံးသပ်မှု အားနည်းခြင်း၊  ပတ်ဝန်းကျင်နှင့် လူမှုရေး ထိခိုက်မှုများကို ထည့်သွင်းစဉ်းစားမှု အားနည်းခဲ့ခြင်း များကြောင့် မလိုလားအပ်သော ပြဿနာများ၊ အခက်အခဲများ ကြုံတွေ့ ခဲ့ရပါကြောင်း။
နိုင်ငံတော်၏ သယံဇာတများကို ပြည်သူအများစုက သားစဉ်မြေးဆက် ခံစားခွင့်ရှိအောင် နိုင်ငံအကျိုး၊ ပြည်သူ လူထု အကျိုး၊ ပုဂ္ဂလိက ကဏ္ဍအကျိုးတို့ကို မျှော်ကိုးလျက် မြန်မာ့သတ္တု ကဏ္ဍစဉ်ဆက်မပြတ် ဖွံ့ဖြိုးရေး အတွက် အပြုသဘော ဆောင်သော စိတ်ရင်းများဖြင့် အကြံပြု ဆွေးနွေးပေးကြစေ လိုကြောင်းဖြင့် ပြောကြား သည်။
အခမ်းအနားသို့ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်တို့မှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ဝန်ကြီးဌာန မှအကြီးအကဲများ၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စီမံကိန်းနှင့်‌ဘဏ္ဍာရေး ဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များ အသင်းချုပ်မှ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော သတ္တုတူးဖော် ထုတ်လုပ်နေသည့် လုပ်ငန်းရှင်များ စုစုပေါင်း (၂၇၀)ဦး တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment