Friday, July 1, 2016

လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများနှင့်‌ သဘာဝဘေး ကြိုတင်ကာကွယ်ရေး၊ ပြင်ဆင်ရေး၊ တုန့်ပြန် ရေး လုပ်ငန်းများအား ဆောင်ရွက်မှု



နေပြည်တော် ဇူလိုင် ၁
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ သို့ရောက်ရှိပြီး လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများနှင့်‌ သဘာဝဘေးကြိုတင် ကာကွယ်ရေး၊ ပြင်ဆင်ရေး၊ တုန့်ပြန်ရေးလုပ်ငန်း များအား ဆွေးနွေးသည်။

ယင်းနောက် အသက်(၆)နှစ်မှ (၁၈)နှစ်အတွင်းရှိ ကိုယ်အင်္ဂါမသန် စွမ်းနှင့် ဉာဏ်ရည်မမီကလေးများကို ကာယ၊ ဉာဏ၊ စာရိတ္တမှစ၍ ဖွံ့ဖြိုးတိုးတက်စေရေး ပြုစုလေ့ကျင့် ပေးလျက်ရှိသော အောင်မြေသာစံမြို့နယ်ရှိ မသန်စွမ်း သက်ငယ် သင်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းတာဝန်ခံ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးပြီး ကလေးများအား စားစရာများပေးအပ်ကာ ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြား သည်။
ထို့နောက် အောင်မြေသာစံမြို့နယ်ရှိ လူငယ်သင် တန်းကျောင်းသို့ရောက်ရှိပြီး အသက်မွေး ဝမ်းကျောင်းပညာ သင်ကြားပေးနေမှုများကို လှည့်လည်ကြည့်ရှုကာ ကလေးများအား အားပေး စကားပြောကြားသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တွေ့ဆုံ၍ ဝန်ကြီးဌာန၏ ရက်(၁၀၀)စီမံချက်ပါ ဦးစားပေးလုပ်ငန်းစဉ် တစ်ရပ်ဖြစ်သော မန္တလေးမြို့ရှိ လမ်းပေါ်နေ ကလေးများ၊ တောင်းရမ်းစားသောက်သူများ၊ ခိုကိုးရာမဲ့များ၊ စောင့်‌ရှောက်သူမဲ့ မသန်စွမ်းသူများအား ကာကွယ် စောင့်‌ရှောက်ရေးဆိုင်ရာ လုပ်ငန်းစီမံ ချက်အား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် သဘာဝဘေးကြိုတင်ကာကွယ်ရေး၊ ပြင်ဆင်ရေး၊ တုန့်ပြန်ရေးလုပ်ငန်း များအား ဆွေးနွေးသည်။
ယင်းနောက် ချမ်းမြသာစည်မြို့နယ်ရှိ ကယ်ဆယ်ရေးနှင့်‌ ပြန်လည်နေရာချထားရေးဦးစီး ဌာန၊ ဗဟိုသိုလှောင်ရုံ၊ မန္တလေးမြို့သို့ ရောက်ရှိပြီး သဘာဝဘေး ကြိုတင်ကာကွယ်ရေး၊ ပြင်ဆင်ရေး၊ တုန့်ပြန်ရေး လုပ်ငန်းများအား ဆောင်ရွက် ထားရှိမှုနှင့် ကယ်ဆယ်ရေးပစ္စည်းများ သိုလှောင် ထားရှိမှုတို့ကို လှည့်‌လည်ကြည့်ရှုသည်။
ဆက်လက်၍ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ အသက်(၅)နှစ်မှ (၁၈)နှစ်အတွင်း ပညာသင်ကြားလိုသော နားမကြားကလေးသူငယ်များကို စာပေနှင့် အသက်မွေးဝမ်းကျောင်း ပညာများ သင်ကြားပေးလျက်ရှိသည့် နားမကြားသော ကလေးများကျောင်း၊ မန္တလေးမြို့သို့ ရောက်ရှိပြီး မသန်စွမ်းသူတို့၏ဘဝကို ပြန်လည် ထူထောင် မှုပြုပေးလျှင် ၎င်းတို့၏ ဘဝကို ၎င်းတို့ ကိုယ်တိုင် ဖန်တီးရပ်တည် နိုင်မည့်အပြင် တိုင်းပြည်အတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့် ပမာ အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် စေတနာ၊ မေတ္တာ၊ ကရုဏာ အရင်းခံထား၍ ပြုစုစောင့်‌ရှောက် ပေးရန် လိုကြောင်း၊ တစ်ဦးချင်းစီ၏ ဉာဏ်ရည်နှင့် ဝါသနာ ထုံမှုအပေါ်မူတည်၍ ကျောင်းတွင်းပညာရေးနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များကို သင်ကြားပေးရန် ဖြစ်ကြောင်းမှာ ကြားပြီး ကျောင်းသား၊ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ  အားပေးစကား ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment